Monday, October 14, 2013

နိုင်ငံရေးနှင့် ဆက်နွှယ်သော ပုဒ်မ ၅၀၅ (ခ) ဖြင့် အရေးယူ ခံရသူများကိုသာ လွှတ်ပေးရန် တောင်းဆိုမည်

0 comments
၁၄.၁၀.၂၀၁၃၊ တနင်္လာနေ့ 

ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၅၀၅ (ခ) နှင့် ပြစ်ဒဏ်ကျခံ ရသူများကို နိုင်ငံရေး အကျဉ်းသားဟု ဆိုနိုင်သော်လည်း နိုင်ငံရေးနှင့် ဆက်နွှယ်သော ပုဒ်မ ၅၀၅ (ခ) ဖြင့် အရေးယူ ခံရသူများကိုသာ လွှတ်ပေးရန် တောင်းဆိုသွားမည်ဟု လက်ကျန်နိုင်ငံရေး အကျဉ်းသားများ စိစစ်ရေးအဖွဲ့ဝင် ဦးရဲအောင်က ပြောကြားသည်။

လက်ရှိအချိန်တွင် တက်ကြွလှုပ်ရှားသူများကို ပုဒ်မ ၅၀၅ (ခ)၊ ပုဒ်မ ၁၈ တို့နှင့် ဖမ်းဆီးထားမှုများ ရှိကြောင်း၊ ယင်းပုဒ်မများနှင့် အရေးယူ ခံရသူများကို ၎င်းတို့အနေဖြင့် နိုင်ငံရေး အကျဉ်းသားဟု သတ်မှတ်ထားကြောင်းနှင့် အချက်အလက်များအပေါ် ညှိနှိုင်းမှုများ ပြုလုပ်နေကြောင်း နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့ဝင် ဦးရဲအောင်က ပြောကြားသည်။

"ကျွန်တော်တို့ကလည်း ၅၀၅ ဆိုရင် ၁၈ ကိုတော့ ထားပေါ့ဗျာ။ ၅၀၅ တွေ အကုန်လွှတ်ပေးပါလို့ ၅၀၅ တွေ အားလုံးဟာ နိုင်ငံရေးနဲ့ ဆိုင်တယ်လို့ မပြောလိုပါဘူး။ တစ်ခါတလေကျရင် လူမျိုးရေးကိစ္စတွေ လှုံ့ဆော်တာတွေနဲ့ ပတ်သက်ပြီး ၅၀၅ တပ်ထားတာတွေ ရှိတယ်။ တချို့ဟာတွေကျတော့ ခြွင်းချက်မရှိ လွှတ်ပေးပါ ဆိုတာမျိုးက ပြန်စဉ်းစားရမယ့်အပိုင်း ဖြစ်နေတယ်။ ၅၀၅ မှန်ရင် အကုန်လွှတ်ပေး၊ ၁၈ မှန်ရင် အကုန်လွှတ်ပေး ဆိုတာထက်စာရင် နိုင်ငံရေးနဲ့ဆိုင်တဲ့ တက်ကြွလှုပ်ရှားသူတွေကို လွှတ်ပေးဖို့ ကျွန်တော်တို့က ပြောနေတာပါ" ဟု ဦးရဲအောင်က ပြောကြားသည်။

"နိုင်ငံရေးနဲ့ဆိုင်သော ၁၈ ကို မပြောလိုဘူး။ ၁၈ က ကျိန်းသေတယ်။ ဒါက ဆန္ဒထုတ်ဖော်တာ။ ၅၀၅ (ခ) မှာ တချို့ကျတော့ နိုင်ငံရေးနဲ့ မဆိုင်သော ၅၀၅ (ခ) များ ပါလာရင် ကျွန်တော်တို့က စိစစ်ပေးမှာပါ။ ၅၀၅ (ခ) နဲ့ ပတ်သက်ပြီး လွှတ်ပေးဖို့ တောင်းဆိုရင် နိုင်ငံရေးနဲ့ ပတ်သက်တဲ့ သူများကိုသာ တောင်းဆိုသွားမှာပါ" ဟု ၎င်းကဆိုသည်။

လက်ရှိအစိုးရ လက်ထက်တွင်လည်း နိုင်ငံရေး ပြစ်မှုများကို နိုင်ငံရေး ပုဒ်မနှင့် တရားမစွဲဘဲ အခြားပုဒ်မများဖြင့် တရားစွဲဆိုမှုများ ရှိနေပြီး နိုင်ငံရေးပြစ်မှု မဟုတ်ဘဲနှင့်လည်း နိုင်ငံရေးပြစ်မှု ပုဒ်မများနှင့် တရားစွဲခြင်းမျိုးများ ရှိနေသည်ဟု ဦးရဲအောင်က ပြောကြားသည်။

လက်ကျန်နိုင်ငံရေး အကျဉ်းသား စိစစ်ရေး ကော်မတီ အနေဖြင့် နိုင်ငံရေး အကျဉ်းသား စိစစ်ရာတွင် ကော်မတီ ဖွဲ့စည်းသည့်နေ့ မတိုင်မီက အကျဉ်းကျနေသည့် နိုင်ငံရေး အကျဉ်းသားများကို စိစစ်ရမည်ဟု အဓိပ္ပာယ် ဖွင့်ဆိုရမည်ဖြစ်ကြောင်း၊ သို့ရာတွင် ကော်မတီ အဖွဲ့ဝင်များ အနေဖြင့် ကော်မတီဖွဲ့ပြီးနောက်ပိုင်း ပြစ်ဒဏ်ကျခံ နေရသည့် နိုင်ငံရေးနှင့် ဆက်နွှယ်သည့် အကျဉ်းသားများ၏ အရေးကိုလည်း ဆောင်ရွက်နေသည် ဟု ကော်မတီ အဖွဲ့ဝင်ဖြစ်သူ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ဦးဥာဏ်ဝင်းက ပြောကြားသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က လာမည့်ဒီဇင်ဘာလအတွင်း အကျဉ်းကျခံနေရသော နိုင်ငံရေး အကျဉ်းသားအားလုံး လွှတ်ပေးမည် ပြောဆိုထားသည်။

Eleven Media Group

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here