Thursday, October 31, 2013

တရုတ်နိုင်ငံတွင် ကျန်ခဲ့သည့် ခုနစ်လအရွယ် မြန်မာနိုင်ငံသား ကလေးငယ်တစ်ဦးအား လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့နှင့် တရုတ်ရဲတို့ ပူးပေါင်းကယ်တင်နိုင်ခဲ့

0 comments

Thursday, October 31, 2013

တရုတ်နိုင်ငံတွင် ကျန်ခဲ့သည့် ခုနစ်လသားအရွယ် မြန်မာနိုင်ငံသား မိန်းကလေး ငယ်တစ်ဦးအား လူကုန် ကူး မှု တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့နှင့် တရုတ်ရဲတို့ ပူးပေါင်းကယ်တင်နိုင်ခဲ့ကြောင်း မြန်မာနိုင်ငံ လူကုန် ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ဖြစ်စဉ်မှာ ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလအတွင်း ကချင်ပြည်နယ် ဖားကန့်မြို့မှ အမျိုးသမီးငယ် မ-- သည် နေအိမ် ၌ ရှိနေစဉ် ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့နယ်မှ မျိုးဇော်(ခ)ခေါင်လွန်နှင့် ဆိုင်းခွန် ရောက်ရှိလာပြီး တရုတ်နိုင်ငံ ထိန်ချုံမြို့တွင် ထမင်းချက်အလုပ် လုပ်ကိုင်ပါက တစ်လ လျင် မြန်မာငွေကျပ် နှစ်သိန်းရမည်ဟု စည်းရုံးပြောဆိုသဖြင့် လိုက်ပါရန် သဘောတူ ခဲ့ကြောင်း ၊ နောက်တစ်နေ့တွင် မ--- သည် ခုနစ်လသားအရွယ် သမီးငယ်နှင့်အတူ ဖားကန့်မှ မြစ်ကြီးနား၊ ကန်ပိုက်တီးမှ တရုတ်နိုင်ငံ ထိန်ချုံးမြို့သို့ တရားမ၀င် ခေါ်ဆောင်သဖြင့် လိုက်ပါခဲ့ပြီး ထိန်ချုံးမြို့ သို့ ရောက်သောအခါ ထမင်းချက်အလုပ် မရဘဲ ကျွန်ခုံမြို့မှ တရုတ်လူမျိုးထံသို့ တရုတ်ယွမ် ငွေ ၆၈၀၀၀ ဖြင့် ရောင်းစားခံရကြောင်း၊ တရုတ်လူမျိုးနှင့် နှစ်လခန့် ပေါင်းသင်းခဲ့ရပြီး ထွက်ပြေးလာခဲ့ရာ အဆိုပါအမျိုးသမီး၏ ခုနစ်လအရွယ်သမီး ကျန်ခဲ့ကြောင်း၊ ကျွန်ခုံ ရဲစခန်းတွင် ၁၄ ရက်ခန့် နေထိုင်ခဲ့ရပြီး တရုတ်ရဲမှ မြန်မာနိုင်ငံရဲတပ်ဖွဲ့သို့ ပြန်လည် လွှဲပြောင်းပေးသဖြင့် ထမင်းချက်အလုပ်ရမည်ဟု လိမ်လည်ခေါ်ဆောင်သွားသူနှစ်ဦးအား မြစ်ကြီးနား လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တရားလိုပြုလုပ်၍ ဖားကန့် ရဲစခန်းတွင် (ပ)၈၈/၂၀၁၃ ပြစ်မှုကြီးပုဒ်မ ၂၄ ဖြင့် အမှုဖွင့် အရေးယူ ထားကြောင်း သိရသည်။

၂၀၁၃ ခုနှစ် အောက်တိုဘာလအတွင်း ထိန်ချုံခရိုင်၊ ပြည်ပဆက်ဆံရေးဌာနမှ ကချင် ပြည်နယ် အမျိုးသမီးရေးရာအဖွဲ့ထံ မ--၏သမီး ခုနစ်လသားအရွယ် ကလေးငယ်အား DNA အတည်ပြု စစ်ဆေးချက်ရရှိပြီးဖြစ်၍ မိခင်ထံသို့ ပြန်လည်လွှဲပြောင်းပေးမည်ဖြစ်ကြောင်း အကြောင်းကြားချက်အရ လူကုန်ကူး မှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ ကချင်ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့၊ ကလေး၏ မိခင် မ--တို့သည် အောက်တိုဘာ ၂၄ ရက်တွင် တရုတ်နိုင်ငံ ထိန်ချုံးရဲတပ်ဖွဲ့ထံမှ ကလေးငယ်အား လက်ခံရရှိကြောင်း သိရသည်။

၂၀၁၃ ခုနှစ် ဇန်န၀ါရီလမှ စက်တင်ဘာလအထိ မြန်မာတစ်နိုင်ငံလုံးတွင် လူကုန်ကူးမှုပေါင်း ၆၉ မှုဖြစ်ပွားခဲ့ရာ တရုတ်နိုင်ငံတွင် ၄၂ မှု၊ ထိုင်းနိုင်ငံတွင် ၁၄ မှု၊ ပြည်တွင်းတွင် ၁၃ မှုတို့ ဖြစ်ပွားခဲ့သည်။

Eleven Media Group

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here