Thursday, October 10, 2013

တစ်လအတွင်း မြန်မာ-ထိုင်း စက်သုံးဆီ တင်သွင်းမှု ကန်ဒေါ်လာ ခုနစ်သန်းကျော်ကွာဟ

0 comments
10.10.2013

မြဝတီနယ်စပ်မှ ပြီးခဲ့သည့် ဇူလိုင်လ တစ်လအတွင်း ထိုင်းနိုင်ငံမှ စက်သုံးဆီ တင်သွင်းမှုတွင် အမေရိကန်ဒေါ်လာ ခုနစ်သန်းကျော် ကွာဟလျက် ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ကူးသန်း ရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးညွန့်အောင်က ပြောကြားသည်။

ထိုင်းနိုင်ငံဘက်မှ ပြီးခဲ့သည့် ဇူလိုင်လ အတွင်းက အမေရိကန်ဒေါ်လာ ၇ ဒသမ ၆၅ သန်း တန်ဖိုးရှိ ဓာတ်ဆီများ တင်ပို့သော်လည်း မြန်မာဘက်ခြမ်း သွင်းကုန်အဖြစ် အမေရိကန်ဒေါ်လာ ၀ ဒသမ ၂၃၃ သန်းခန့် တန်ဖိုးရှိ စက်သုံးဆီများထံမှသာ အခွန်ကောက်ခံ ရရှိခဲ့ရာ မြန်မာနိုင်ငံသည် သွင်းကုန်ဓာတ်ဆီ အမေရိကန်ဒေါ်လာ ၇ ဒသမ ၄၁၄ သန်းကို အကောက်ခွန် မရရှိဘဲ တင်သွင်းနေကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန၏ စာရင်းများအရ သိရသည်။
“ဒါက ဘာကိုပြလဲဆိုရင် မှောင်ခိုတွေ ဘယ်လောက်များများ ကျန်နေလဲ ဆိုတာကို ပြတယ်။ ကုန်သွယ်မှုမှာ လမ်းကြောင်း မှန်ပေါ်ရောက်လာမှ နိုင်ငံအတွက် အခွန်အခ ပိုမိုရရှိမှာ” ဟု ဦးညွှန့်အောင်က ဆိုသည်။

ယင်းသို့ မြဝတီနယ်စပ်မှ တစ်ခုတည်းကပင် စက်သုံးဆီ တင်သွင်းမှုသည် အမေရိကန်ဒေါ်လာ ခုနစ်သန်းကျော်ခန့် ကွာဟမှု ရှိနေပါက ကုန်သွယ်မှု၏ ၈၀ ရာခိုင်နှုန်းကျော် ပြုလုပ်ရာ လမ်းကြောင်း ဖြစ်သော ရေလမ်းကြောင်း၏ မှောင်ခို စက်သုံးဆီ ဝင်ရောက်မှုသည် မည်မျှ များပြားမည်ကို မသိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

စက်သုံးဆီ မှောင်ခိုတင်သွင်းမှုများကြောင့် တိုင်းပြည်အခွန်ငွေ နစ်နာခြင်း၊ မှန်ကန်စွာ စီးပွားရေး လုပ်နေသူများက အဆိုပါ မှောင်ခိုကြောင့် ဈေးကွက် အတွင်း မျှတစွာ မယှဉ်ပြိုင်နိုင်ခြင်းနှင့် တရားမဝင် တင်သွင်းလာသော စက်သုံးဆီများသည် အရည်အသွေး အာမခံချက် မရှိသောကြောင့် စားသုံးသူများ၏ အခွင့်အရေးကို ဆုံးရှုံးစေခြင်းများ ဖြစ်ပေါ်စေကြောင်း ပြည်သူ့လွှတ်တော် စီးပွားရေးနှင့် ကုန်သွယ်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ အဖွဲ့ဝင် ဒေါက်တာဝင်းမြင့်က ပြောကြားသည်။
“ဒီလိုဝိသမ စီးပွားရေး သမားတွေကြောင့် နိုင်ငံတော်က အခွန်အခတွေ ဆုံးရှုံးတယ်။ ဒီအခွန်အခတွေ ဆိုတာက ပြည်သူတွေရဲ့ ငွေတွေပဲ။ ဆိုတော့က ပြည်သူ့ငွေတွေ ဆုံးရှုံးတာပေါ့” ဟု ၎င်းကဆိုသည်။

နယ်စပ်မှ ဝင်ရောက်လျက်ရှိသော မှောင်ခိုကုန်စည်များကို တားဆီးရန်အတွက် တရားမဝင် ကုန်စည် စစ်ဆေးရေးများ ဖွဲ့စည်း၍ လုပ်ဆောင်လျက် ရှိသော်လည်း ရှောင်ကွင်းလမ်း များပြားမှု၊ ဌာနဆိုင်ရာ အချို့၏ ပူးပေါင်း လုပ်ဆောင်မှု အားနည်းခြင်းနှင့် ဝန်ထမ်းအင်အား လောက်ငမှု မရှိခြင်းတို့ကြောင့် များစွာ အခက်တွေ့ နေရကြောင်း အဆိုပါ Mobile Team တွင် တာဝန်ထမ်းဆောင်ခဲ့သည့် လက်ထောက် ညွှန်ကြားရေးမှူး တစ်ဦးက ရှင်းပြသည်။

ပြည်တွင်းသို့ စက်သုံးဆီများ တရားမဝင် ဝင်ရောက်နေမှုတွင် ပြည်တွင်း ထိပ်တန်း ကုမ္ပဏီကြီး ဖြစ်သည့် ရွှေသံလွင် ကဲ့သို့သော ကုမ္ပဏီနှင့် ရာဇာမင်း၊ ကံလင်းသူ၊ မြေပြန့်သားနှင့် မြန်မာ့စည်းစိမ် ကုမ္ပဏီတို့ ပါဝင်ပတ်သက်နေကြောင်း ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာဝင်းမြင့်က ပြည်သူ့လွှတ်တော်သို့ ၂၀၁၂ ခုနှစ် နိုဝင်ဘာလအတွင်း တင်သွင်းသည့် ၎င်း၏ အဆိုတွင် ဖော်ပြခဲ့သည်။


the voice

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here