Monday, October 21, 2013

သဘာဝ ပတ်ဝန်းကျင်နှင့် လူမှုဝန်းကျင် သက်ရောက်မှု ဆန်းစစ်ချက်များကို အစိုးရ သဘောတူညီမှ သာ ရေနံနှင့် သဘာဝဓာတ်ငွေ့ စီမံကိန်းများ လုပ်ဆောင်နိုင်ဟု သိရ

0 comments
FROM : Eleven Media Group
မြန်မာနိုင်ငံ အတွင်း ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေတူးဖော်မှု စီမံကိန်းများအတွက် သဘာဝ ပတ်ဝန်းကျင်နှင့် လူမှုဝန်းကျင်အပေါ် သက်ရောက်မှု လေ့လာဆန်းစစ်ချက် EIA,SIA များ ထွက်ပေါ်လာပါက မြန်မာအစိုးရက အဆိုပါ ဆန်းစစ်ချက်များကို သဘောတူညီမှသာ စီမံကိန်းများ လုပ်ဆောင်နိုင်ကြောင်း သိရသည်။

"EIA,SIA လုပ်တဲ့နေရာမှာ ဖြစ်ပေါ်လာတဲ့ သက်ရောက်မှုတွေကို စီမံဖို့ သဘာဝပတ်ဝန်းကျင် စီမံခန့်ခွဲမှု အစီအစဉ် (Environment Management Plan)ကိုဆွဲရပါတယ်။ ဒီအစီအစဉ်ကို နိုင်ငံတော် က ကျေနပ် မှသာ ဆက်လုပ်ရတာ ဖြစ်ပါတယ်။ အခုနောက်ပိုင်းမှာ ဒီအစီအစဉ်ကို အစိုးရ ကျေနပ်တဲ့အထိ ဆွဲပေး ရတာ ဖြစ်ပါတယ်" ဟု မြန်မာနိုင်ငံတွင် ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေတူးဖော် ထုတ်လုပ်ရေး စီမံကိန်းများ လုပ်ဆောင်နေသည့် Petronasကုမ္ပဏီမှမန်နေဂျာ ဒေါက်တာအဒ်ဝပ်ဇန်က ပြောကြားသည်။
ရေနံနှင့် သဘာဝဓာတ်ငွေ့များကို ထုတ်လုပ်ရောင်းချရာ ပိုက်လိုင်းတစ်လျှောက်တွင် သဘာဝ ဘေး အန္တရာယ်ကြောင့်ဖြစ်စေ၊ ကြိုမမြင်နိုင်သည့် အကြောင်းတစ်ခုခုကြောင့်ဖြစ်စေ ထိခိုက် ပျက်စီးမှု များ ဖြစ်ပေါ်လာပါက ဒေသခံ လူမှုအသိုင်းအ၀ိုင်းများ ပြန်လည်ထူထောင် လာနိုင်သည်အထိ ကူညီပေး သွားမည်ဖြစ်ကြောင်း Petronas ကုမ္ပဏီမှ အထွေထွေမန်နေဂျာ မစ္စတာ အာမက်လွတ် ပီဟာရွန် က ဆိုသည်။

"ကျွန်တော်တို့ ကုမ္ပဏီကတော့ လုပ်ငန်းစတင် လည်ပတ်တော့မယ်ဆိုရင် မကောင်းတဲ့ သက်ရောက် မှုတွေ ဖြစ်မလာအောင် သေချာစိစစ် တိုင်းတာမှုတွေ ဆောင်ရွက်ပါတယ်။ ဒါပေမဲ့ ကြိုမမြင်နိုင်တဲ့ သဘာဝ ဘေးအန္တရာယ် ဖြစ်လာလို့ မကောင်းတဲ့ သက်ရောက်မှုတွေ ဖြစ်လာခဲ့ရင် ဒေသ ခံတွေ ပြန်လည်ထူထောင်နိုင်တဲ့ အဆင့်အထိ ကူညီပေးသွားမှာပါ" ဟု မစ္စတာ အာမက်လွတ်ပီဟာရွန်က ဆိုသည်။

ယခုအချိန်တွင် မြန်မာအစိုးရသည် သယံဇာတ ထုတ်ယူရေး လုပ်ငန်းများတွင် ပွင့်လင်းမြင်သာမှုရှိရေး ကနဦး ဆောင်ရွက်ချက် EITI အဖွဲ့ဝင်နိုင်ငံ ဖြစ်လာစေရန် လုပ်ဆောင်လျက် ရှိသည်။
"လက်ရှိအချိန်မှာ EITI ဖော်ဆောင်ဖို့အတွက် Petronas ကုမ္ပဏီက မြန်မာအစိုးရ အဖွဲ့အစည်းတွေနဲ့ နီးကပ်စွာ ဆောင်ရွက်လျက် ရှိပါတယ်" ဟု မစ္စတာ လွတ်ပီဟာရွန်က ဆက်လက်ပြောကြားသည်။

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here