Friday, October 11, 2013

တရုတ်က မြန်မာနိုင်ငံတွင် စပါးစိုက်ပျိုးရန် ကမ်းလှမ်းထား

0 comments

Friday, October 11, 2013 

တရုတ်က မြန်မာနိုင်ငံတွင် အကျိုးတူပူးပေါင်းပြီး စပါးစိုက်ပျိုးရန် ကမ်းလှမ်းထားကြောင်း တောင်သူလယ်သမား ဖွံ့ဖြိုး တိုးတက်ရေးအများပိုင်ကုမ္ပဏီမှ တာဝန်ရှိသူများက ပြောသည်။ 

အဆိုပါကမ်းလှမ်းမှုကို အောက်တိုဘာလကုန်ပိုင်းနှင့် နိုဝင်ဘာလဆန်းပိုင်းတို့တွင် တရုတ်လုပ်ငန်းရှင်များနှင့်ဒေသခံ တောင်သူလယ်သမားများ စတင်တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်ကြောင်း ဆိုသည်။ 

တောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေး အများပိုင်ကုမ္ပဏီ ဥက္ကဋ္ဌ ဦးကျော်စွာစိုးက “သူတို့က ကျွန်တော်တို့ကို စပြီးကမ်းလှမ်းလာတာပါ။ ကျွန်တော်တို့က တရုတ်ကလုပ်ငန်းရှင်တွေနဲ့ ဒေသခံတောင်သူတွေကို တွေ့ဆုံပေးပြီး ညှိနှိုင်းပေးမှာပါ။ အခုက ကမ်းလှမ်းတာဆိုတော့ အသေးစိတ်ကိုတော့ တွေ့ဆုံဆွေးနွေးမှပဲ သိရမယ်”ဟု ပြောသည်။ 

တရုတ်က စပါးစိုက်ပျိုးမှုတွင် ဓာတ်မြေသြဇာများ ပံ့ပိုးပေးသွားမည်ဖြစ်ပြီး ပြည်တွင်းပေါက်ဈေးအတိုင်း ပေးဝယ်ရန် စီစဉ်ထားကြောင်း ပြောသည်။ 

ဦးကျော်စွာစိုးက “တရုတ်က မြန်မာတောင်သူတွေ ဘာစပါးမျိုးပဲစိုက်စိုက် အကုန်ဝယ်မယ်။ ဘယ်စပါး မျိုးပဲ စိုက် ရမယ်ဆိုတာ မရှိဘူး။ စားနပ်ရိက္ခာဟာ တဖြည်းဖြည်း အရေးကြီးလာတဲ့အတွက် ကျွန်တော်တို့ နိုင်ငံမှာ အိန်္ဒိယက လည်း စိုက်ချင်တယ်၊ တရုတ်ကလည်း စိုက်ချင်နေတယ်”ဟု ပြောသည်။ 

မြန်မာနိုင်ငံစပါးစိုက်ပျိုးသည့် အဓိကဒေသများဖြစ်တဲ့ ဧရာဝတီတိုင်းနှင့် ပဲခူးတိုင်းတို့တွင် စိုက်ပျိုးရန် လျာထားပြီး လာမည့်နွေစပါးအမီ စတင်စိုက်ပျိုးနိုင်ရန် ကြိုးစားမည်ဖြစ်ကြောင်း တာဝန်ရှိသူများကဆို သည်။ 

လာမည့်နွေစပါးစိုက်ပျိုးချိန်တွင် စပါးဧကတစ်သိန်း စိုက်ပျိုးရန် အိန်္ဒိယနှင့် သဘောတူညီချက်ရထားပြီး အာရှညီညာ ဆန်စပါး ကုမ္ပဏီ၊ တောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေး အများပိုင်ကုမ္ပဏီတို့နှင့် ပူးပေါင်း လုပ်ကိုင်သွားမည်ဖြစ် သည်။ 

အိန်္ဒိယနှင့် ပူးပေါင်းစိုက်ပျိုးမည့် စပါးဧကတစ်သိန်းကို ဧရာဝတီတိုင်းတွင် စိုက်ပျိုးနိုင်ရန် ရွေးချယ်ထားပြီး ပြည်တွင်း မျိုးစပါးများအပြင် ပြည်ပမျိုးစပါးများကိုပါ ထည့်သွင်းစိုက်ပျိုးသွားမည်ဟု တောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေး အများပိုင်ကုမ္ပဏီမှ တာဝန်ရှိသူများက ဆိုသည်။ 

အဆိုပါစိုက်ဧကများမှ ထွက်ရှိလာသော စပါးများကို အိနိ္ဒယကုမ္ပဏီက ပေါက်ဈေးထက် တင်း ၁၀၀လျှင် ကျပ် ၅၀,၀၀၀ ဈေးပိုပေးရန် သဘောတူညီချက်ယူထားပြီးမျိုး စပါးများကို အိန်္ဒိယဘက်မှ ပေးသွင်းရန် စီစဉ်ထားသည်။

တောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေး အများပိုင်ကုမ္ပဏီနှင့် ထိုင်းနိုင်ငံမှပညာရှင်များ ပူးပေါင်းထုတ်လုပ်သည့် သြဂဲနစ်ဓာတ်မြေသြဇာအရည်ကို နှစ်လအတွင်း ရောင်းချသွားရန် စီစဉ်ထားကြောင်း ကုမ္ပဏီမှ တာဝန်ရှိသူများက ဆိုသည်။ 

တောင်သူလယ်သမားများအနေဖြင့် စပါးပေါ်ထွက်သည့်ကာလတွင် စပါးဈေးနိမ့်ပြီး အရှုံးများရင်ဆိုင်ရ ချိန်တွင်ပြည်ပမှ သဘောတူညီချက်များဖြင့် စိုက်ပျိုးဝယ်ယူမည်ဆိုပါက ပိုမိုအကျိုးရှိလာနိုင်ကြောင်း ဆန်ကုန်သည် အသိုင်းအ၀ိုင်းက ဆိုသည်။ 

Mizzima - News in Burmese

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here