Tuesday, October 1, 2013

တောင်ကြီး မြေယာဆွေးနွေးပွဲမှရလဒ်များ နိုင်ငံတော်သမ္မတနှင့် လွှတ်တော်သို့ပေးပို့မည်

0 comments
ဂျွန်ချစ်ငြိမ်း | အင်္ဂါနေ့၊ အောက်တိုဘာလ ၀၁ ရက် ၂၀၁၃ ခုနှစ် ၁၀ နာရီ ၃၀ မိနစ်

 တောင်ကြီးမြို့တွင် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ စီစဉ်ကျင်းပသော “မြေယာ ဥပဒေဆွေးနွေးပွဲနှင့် တောင်သူလယ်သမားများ တွေ့ဆုံနှီးနှောဖလှယ်ပွဲ” မှ ရရှိလာသောဆွေးနွေးပွဲ ရလဒ်များ ကိုနိုင်ငံတော် သမ္မတနှင့် လွှတ်တော်သို့ ပေးပို့သွားမည်ဖြစ်သည်ဟု ပွဲစီစဉ်ကျင်းပသည့် ၈၈ မျိုးဆက် (ရှမ်းပြည်) မှ ပွဲတာဝန်ခံ ဦးနေမျိုးက စက်တင်ဘာ ၃၀ တွင် မဇ္ဈိမကိုပြောသည်။

 ၎င်းက “ဆွေးနွေးပွဲရလဒ်တွေကို အနှစ်ချုပ်ပြီး နိုင်ငံတော် သမ္မတ၊ ဒု-သမ္မတ၊ လွှတ်တော် ဥက္ကဋ္ဌနဲ့  ဒေါ်အောင်ဆန်း စုကြည် တို့ထံ ပေးပို့သွားမှာဖြစ်ပါတယ်” ဟုဆိုသည်။

 အဆိုပါ ဆွေးနွေးပွဲကို တောင်ကြီးမြို့ ရှမ်းစာပေနှင့် ယဉ်ကျေးမှုအသင်းခန်းမတွင် စက်တင်ဘာ ၃၀ ရက် က ကျင်းပခြင်းဖြစ်သည်။

 ယင်းပွဲတွင် မြေယာဥပဒေများနှင့် ပတ် သက်ပြီး တောင်သူလယ်သမားများ နားလည်လာစေ ရန်ဆွေးနွေးပြီး ဖွဲ့စည်းထားသည့် တောင်သူလယ်သမားသမဂ္ဂများကို တစ်စုတည်းဖြစ်ရန် လုပ်ဆောင် သွားမည်ဟု လည်း ဦးနေမျိုးက ပြောသည်။

 လွှတ်တော်ပြင်ပမှာရှိနေတဲ့ တောင်သူလယ်သမားသမဂတွေ အစည်းအရုံးတွေကိုလည်း တစ်ဖွဲ့တည်းဖြစ် သွားအောင် လုပ်ဆောင်သွားမယ်။ ဘာလို့လည်းဆိုတော့ တောင်သူလယ်သမားအစည်းအရုံးကို ခရိုနီတွေ ကလည်း ဖွဲ့တယ်။ အစိုးရပိုင်းကလည်းဖွဲ့တယ်။ လယ်သမားတွေကို တိုက်ရိုက် အကျိုးပြုစေ ချင်တာကြောင့် လွတ်လပ်တဲ့ အဖွဲ့အစည်း ဖြစ်စေချင်တယ်” ဟု ၎င်းကဆိုသည်။

 ဆွေးနွေးပွဲ နံနက်ပိုင်းတွင် လယ်ယာမြေ ဥပဒေနှင့် ပတ်သတ်၍ ဆွေးနွေးခဲ့ပြီး တောင်သူလယ် သမားများက အုပ်စုဖွဲ့ကာ တပ်သိမ်းမြေ၊ ငြိမ်းချမ်းရေး အဖွဲ့အစည်း သိမ်းမြေ ၊ စီမံကိန်းနှင့် ကုမ္ပဏီသိမ်းမြေ ၊ အာဏာပိုင် သိမ်းမြေကိစ္စတို့အား ပူးပေါင်းတိုင်ပင်ဆွေးနွေးကြသည်။

 ဆွေးနွေးပွဲသို့ တက်ရောက်လာသည့် ပင်လောင်းမြို့နယ်၊ နောင်တရားမြို့နယ်ခွဲ၊ ပက်တ လယ်ကျေးရွာနေ တောင်သူ တစ်ဦးဖြစ်သူ ခွန်မိုးနောင်က “ကျွန်တော်တို့ဘက်မှာ ၁၉၉၂ ခုနှစ်က တည်းက စစ်တပ်က လယ်မြေတွေ သိမ်းဆည်း တာခံခဲ့ရတယ်။ အခုသိမ်းဆည်းခံ လယ်မြေတွေကို သီးစားခပေး ပြီးတော့ ပြန်လုပ်ကိုင်နေရတယ်။ သီးစားခမပေးနိုင် တဲ့ တောင်သူတွေ က နေ့စား လုပ်ကိုင်နေရတယ်။ အသိလုံးဝကင်းတဲ့ ကျွန်တော်တို့ တောင်သူတွေအနေနဲ့ တစ်နိုင်ငံလုံးမှာ တပ်သိမ်းမြေတွေ ပြန်တောင်းဆိုသံတွေကြားလို့ သည်ပွဲကနေ အသိတစ်ခုရအောင် အသိပ ညာတွေတောင် သူတွေ ကို ပြန်ပြောပြ နိုင်အောင် တက်ရောက် ဆွေးနွေးခြင်းဖြစ်တယ်” ဟု မဇ္ဈိမကိုပြော သည်။

 ရပ်စောက်မြို့နယ်၊ ယမ်းတွင်းငါးကြောင် ကျေးရွာအုပ်စု၊ ရေနောင်အရှေ့ရွာမှ တောင် သူဦးအေးမြင့်ကလည်း “တောင်သူတွေခံ စားနေရတဲ့ စိုက်ပျိုးစားရိတ် ချေးငွေခေါင်းပုံ ဖြတ်ခံရပြီး နစ်နာနေတာတွေ၊ လယ်ယာမြေတွေ မတရားသိမ်းခံနေရတာတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးချင်လို့ တက်ရောက်လာရခြင်း ဖြစ်တယ်” ဟုပြောသည်။

 အဆိုပါ ဆွေးနွေးပွဲကို ရှမ်းပြည်တောင်ပိုင်းရှိ ပင်လောင်း၊ ဆီဆိုင်၊ ရပ်စောက်၊ ရွှေညောင်နှင့် ဟိုပုံးမြို့နယ် အစရှိသည့် ဒေသ များအပါအ၀င် အခြားဒေသများမှ တောင် သူ စုစုပေါင်း ၂၀၀ကျော် တက်ရောက်ဆွေး နွေးခဲ့ပြီး ယခင်တောင်ကြီးတွင် ကျင်းပပြုလုပ် ခဲ့သောပွဲများ ထက် တောင်သူ လယ်သမားဦးရေ ပိုမိုတက်ရောက်လာကြောင်း ပွဲစီစဉ်သူများကဆိုသည်။

Mizzima

 

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here