Tuesday, October 8, 2013

အာဖရိက အယ်လ်ကေဒါ အကြီးအကဲများကို အမေရိကန် အထူး တပ်ဖွဲ့ဝင်များ တိုက်ခိုက်

0 comments


ဝါရှင်တန်၊ အောက်တိုဘာ ၅

အမေရိကန် အထူးတပ်ဖွဲ့ဝင်များ အာဖရိကတိုက်အတွင်း စီးနင်းရှာဖွေမှု နှစ်ခု ပြုလုပ်ခဲ့ပြီး အာဖရိက အယ်လ်ကေဒါ အကြီးအကဲများကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ကြောင်း အမေရိကန် အရာရှိများ၏ ပြောကြားချက်ကို ကိုးကားပြီး BBC သတင်းတွင် ဖော်ပြထားသည်။

ကင်ညာနှင့် တန်ဇေးနီးယားနိုင်ငံများရှိ အမေရိကန် သံရုံးများကို ၁၉၉၈ ခုနှစ်အတွင်း ဗုံးဖောက်ခွဲ တိုက်ခိုက်ခဲ့သည်ဟု စွပ်စွဲခံထားရသော အယ်လ်ကေဒါ ခေါင်းဆောင် အယ်လီဘီကို အမေရိကန် အထူးတပ်ဖွဲ့ဝင်များက လစ်ဗျားနိုင်ငံ ထရိုပိုလီမြို့တော်၌ ဖမ်းဆီးရမိခဲ့သည်။

ထို့အပြင် ဆိုမာလီယာ တောင်ပိုင်းရှိ အယ်ရှာဘတ် စစ်သွေးကြွအုပ်စု ခေါင်းဆောင်တစ်ဦးကိုလည်း အမေရိကန်အထူး တပ်ဖွဲ့ဝင်များက ပစ်မှတ်ထားကာ တိုက်ခိုက်ခဲ့သော်လည်း အောင်မြင်မှု မရရှိခဲ့ပေ။

ကင်ညာမြို့တော် နိုင်ရိုဘီရှိဝက်ထ်ဂိတ် ဈေးဝယ်စင်တာကို ပြီးခဲ့သည့်လအတွင်း တိုက်ခိုက်ခံခဲ့ရခြင်းကြောင့် လူပေါင်း ၆၇ ဦး သေဆုံးခဲ့ပြီး အဆိုပါ အကြမ်းဖက်မှုတွင် ပါဝင်ခဲ့သည်ဟု ယူဆရသော အယ်ရှာဘတ် ခေါင်းဆောင်ကို ဖမ်းဆီးနိုင်ရေး ကြိုးပမ်းခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။ 

လစ်ဗျား အာဏာပိုင်များ၏ အသိအမှတ် ပြုမှုဖြင့် ထရိုပိုလီမြို့တော်အတွင်း ဝင်ရောက်စီးနင်း ရှာဖွေမှု ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း အမေရိကန် အရာရှိများက CNN သတင်းဌာနသို့ ပြောကြားသည်။

အယ်လ်ကေဒါ စစ်သွေးကြွအဖွဲ့ခေါင်းဆောင် အယ်လီဘီကို လစ်ဗျားနိုင်ငံ ပြင်ပတစ်နေရာတွင် ဥပဒေနှင့်အညီ ဖမ်းဆီး ထိန်းသိမ်းထားကြောင်း ပင်တဂွန် စစ်ဌာနချုပ် ပြောရေးဆိုခွင့်ရှိသူက ပြော ကြားသည်။

အမေရိကန် သံရုံးများကို ဗုံးဖောက်ခွဲ တိုက်ခိုက်မှုဖြင့် အယ်လီဘီကို အမေရိကန် ထောက်လှမ်းရေး FBI က အလိုရှိနေပြီး ဆုငွေဒေါ်လာ ၅ သန်း ထုတ်ထားကာ နယူးယောက်မြို့ တရားရုံးတွင် တရားစွဲဆိုထားသည်။

ထို့အပြင် ဆိုမာလီယာနိုင်ငံရှိ အယ်ရှာဘတ် ခေါင်းဆောင်တစ်ဦးကို အမေရိကန် အထူးတပ်ဖွဲ့အမှတ် ၆ က စီးနင်း ရှာဖွေခဲ့သော်လည်း ခေါင်းဆောင်ကို ရှာဖွေနိုင်ခြင်း မရှိခဲ့ပေ။

အယ်လ်ကေဒါအဖွဲ့နှင့် အဆက်အသွယ်ရှိသည့် အယ်ရှာဘတ် စစ်သွေးကြွများ၏ အပြင်းအထန် ခုခံမှု ကြုံတွေ့ခဲ့ရခြင်းကြောင့် စစ်ဆင်ရေး ရပ်ဆိုင်းရန် အထူးတပ်ဖွဲ့ဝင်များက ဆုံးဖြတ်ခဲ့ကြောင်း အမေရိကန် အရာရှိတစ်ဦးက ပြောကြားသည်။

အယ်လ်ကေဒါ ခေါင်းဆောင်ပိုင်းကို အမေရိကန်တို့က အစဉ်တစိုက် ပစ်မှတ်ထား လိုက်လံတိုက်ခိုက်လျက် ရှိပြီး အယ်လ်ကေဒါ ခေါင်းဆောင် အိုစမာဘင်လာဒင်ကို လွန်ခဲ့သည့် ၂၀၁၁ ခုနှစ်အတွင်း အမေရိကန် အထူးတပ်ဖွဲ့ဝင်များက ပါကစ္စတန်နိုင်ငံ၌ သတ်ဖြတ်နိုင်ခဲ့သည်။

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here