Thursday, October 17, 2013

၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ် အောက်တိုဘာ ပထမပတ်အထိ နယ်စပ် ကူးသန်းရောင်းဝယ်ရေး စခန်းများမှ အိမ်နီးချင်းနိုင်ငံများနှင့် ကုန်သွယ်မှု ပမာဏ အမေရိကန်ဒေါ်လာ သန်း ၂၅၀၀ နီးပါးရှိခဲ့

0 comments
                                 မူဆယ်နယ်စပ် ကုန်သွယ်ရေးဇုန် စစ်ဆေးရေး ၀န်းအတွင်းရှိ ကုန်ကားများအား တွေ့ရစဉ်
Thursday, October 17, 2013

၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ် ဧပြီ ၁ ရက်မှ အောက်တိုဘာ ၁၁ ရက်အထိ နယ်စပ် ကူးသန်းရောင်းဝယ်ရေး စခန်းများမှ အိမ်နီးချင်းနိုင်ငံများနှင့် ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ သန်း ၂၅၀၀ နီးပါးရရှိခဲ့ကြောင်း ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာနမှ သိရသည်။

ယင်းကာလအတွင်း နယ်စပ်စခန်းများမှ အိမ်နီးချင်း နိုင်ငံများဖြစ်သည့် တရုတ်၊ ထိုင်း၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံများနှင့် စုစုပေါင်း ကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာ ၂၄၅၉ ဒသမ ၅၅၆ သန်း ရှိခဲ့ကြောင်း သိရသည်။

၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ် ဧပြီ ၁ ရက်မှ အောက်တိုဘာ ၁၁ ရက်အထိ နယ်စပ်ကုန်သွယ်မှု ပမာဏမှာ အမေရိကန်ဒေါ်လာ ၁၇၁၉ ဒသမ ၇၈၇ သန်းရှိခဲ့ကြောင်း သိရသည်။

ယခု ဘဏ္ဍာရေးနှစ် အောက်တိုဘာ ၁၁ ရက်အထိ နယ်စပ်ကုန်သွယ်မှု ပမာဏမှာ ယခင်ဘဏ္ဍာရေးနှစ် အောက်တိုဘာ ၁၁ ရက်အထိ နယ်စပ်ကုန်သွယ်မှု ပမာဏနှင့် နှိုင်းယှဉ်ပါက အမေရိကန်ဒေါ်လာ သန်း ၇၀၀ ကျော် ပိုမိုရရှိခဲ့ကြောင်း သိရသည်။

အိမ်နီးချင်းနိုင်ငံများနှင့် နယ်စပ်ကုန်သွယ်မှု ပြုလုပ်ရာတွင် တရုတ်နိုင်ငံနှင့် ကုန်သွယ်မှု ပြုလုပ်သည့် ပမာဏမှာ အများဆုံးဖြစ်ပြီး အမေရိကန်ဒေါ်လာ သန်း ၂၀၀၀ ကျော် ရှိခဲ့ကြောင်း သိရသည်။
ဒုတိယ အများဆုံး ကုန်သွယ်မှု ပြုလုပ်ခဲ့သည့်နိုင်ငံမှာ ထိုင်းနိုင်ငံဖြစ်ပြီး အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့နှင့် ကုန်သွယ်မှုမှာမူ နည်းပါးနေသေးကြောင်း သိရသည်။

နယ်စပ် ကူးသန်းရောင်းဝယ်ရေး စခန်းအလိုက် ကုန်သွယ်ရာတွင် မြန်မာ-တရုတ် နယ်စပ်ရှိ မူဆယ်နယ်စပ်စခန်းမှ ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၁၉၂၀ ဒသမ ၇၁၂ ဖြင့် နယ်စပ်စခန်းများထဲတွင် အများဆုံး ကုန်သွယ်နိုင်ခဲ့ကြောင်း သိရသည်။

လက်ရှိဘဏ္ဍာရေးနှစ် အောက်တိုဘာ ပထမပတ်အထိ နယ်စပ်ကူးသန်း ရောင်းဝယ်ရေးစခန်းများမှ ကုန်သွယ်ရာတွင် သွင်းကုန် ပမာဏတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၉၁၆ ဒသမ ၅၆၈ သန်း၊ ပို့ကုန်ပမာဏ တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၅၄၂ ဒသမ ၉၈၈ သန်း ရှိခဲ့သဖြင့် ပို့ကုန်ပမာဏ ပိုမိုများပြားခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ နယ်စပ် ကူးသန်းရောင်းဝယ်ရေး စခန်းများမှာ မြန်မာ-တရုတ် နယ်စပ်တွင် မူဆယ်၊ လွယ်ဂျယ်၊ ချင်းရွှေဟော်၊ ကံပိုက်တီး၊ မြန်မာ-ထိုင်းနယ်စပ်တွင် တာချီလိတ်၊ မြ၀တီ၊ ကော့သောင်း၊ မြိတ်၊ နဘုလယ်၊ ထီးခီး၊ မောတောင်၊ မြန်မာ-ဘင်္ဂလား ဒေ့ရှ် နယ်စပ်တွင် စစ်တွေ၊ မောင်တော၊ မြန်မာ -အိန္ဒိယနယ်စပ်တွင် တမူး၊ ရိဒ်အစရှိသည့် နယ်စပ်စခန်းများမှ ကုန်သွယ်မှု ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

Eleven Media Group

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here