Tuesday, October 8, 2013

မြစ်ကြီးနား၌ ငြိမ်းချမ်းရေး ဆွေးနွေးနေစဉ် ဗန်းမော်ခရိုင်၌ စစ်ရေးတင်းမာနေ

0 comments


ကချင်ပြည် လွတ်လပ်ရေး အဖွဲ့ (KIO) နှင့် အစိုးရ ကိုယ်စား လှယ်များ မြစ်ကြီးနား၌ တွေ့ဆုံ ဆွေးနွေး နေကြ ဆဲ၌ပင် ဗန်းဗော် ခရိုင် တွင်း၌ အစိုးရ၏ တပ်အင်အား ဖြည့်တင်း နေမှုကြောင် မန်စီ မြို့နယ်မှ ရွာသားများ ထွက်ပြေး နေကြ သည်ဟု ဒေသခံ တစ်ဦးမှ ပြောသည်။

“မန်စီမြို့နယ် ထဲက နားအူကြီး ရွာကပေါ့၊ မနေ့နဲ့ ဒီနေ့ပါဆိုရင် ထွက်ပြေး လာသူ ရွာသားတွေ (၂၀၀) ဦးခန့် ကျနော် တို့ထံ ရောက်ရှိ နေပြီး ဖြစ်တယ်။ လမ်းမှာလဲကျန်နေ သေးတယ်” ဟု ဒုက္ခသည် များအား ကူညီ ပေးနေသည့် ကိုနော်ဒင် မှ ပြောသည်။

စစ်ရေး တင်းမာ မှုဟု ဆိုရာ၌မူ အဓိက အားဖြင့် အစိုးရ၏ စစ်အင်အား အလုံး အရင်းဖြင့် ဖြည့်တင်း နေမှုကြောင့် ဖြစ်ကာ ၄င်းအား တိုက်ခိုက် လာမည့် အနေ အထား ရှိလာမည် ဆိုပါက ကာကွယ် နိုင်ရန် အတွက် ၄င်းဒေသ အခြေစိုက် KIA တပ်များလည်း အသင့် အနေအထား နေရာယူ ထားမှုကြောင့် တင်းမာ နေခြင်း ဖြစ်သည်။

ထိုသို့ နှစ်ဖက် တင်းမာ မှုများ ရှိနေ သော်လည်း တိုက်ပွဲများ မဖြစ်ပွား သေးကြောင်း ထိုတပ်မဟာ (၃) ဒေသ အခြေစိုက် ကချင် လွတ်လပ်ရေးတပ်မတော် (KIA) အရာရှိ တစ်ဦးက ပြောသည်။

လက်ရှိ၌မူ တိုက်ပွဲ ဖြစ်ပွားခြင်း မရှိသေး သော်လည်း တွေ့ဆုံ ဆွေးနွေးပွဲပြီး နောက်ပိုင်း၌ တိုက်ပွဲများ ဖြစ်ပွား လာမည်ဟု ထွက်ပြေး တိမ်းရှောင် လာသည့် နားအူကြီး ကျေးရွာမှ ရွာသားများက ခန့်မှန်း နေကြသည်။

ထွက်ပြေး တိမ်းရှောင် လာကြသည့် ရွာသား များအား ဖန်းခါးကုန်း ကျေးရွာရှိ နှစ်ခြင်း ခရစ်ယာန် အသင်းတော်၌ လာရောက် ခိုလှုံ နေပြီး ကချင် နှစ်ခြင်းခရစ်ယန် အသင်းတော်က တာဝန်ယူ စောင့်ရှောက် ထားကြောင်း ကိုနော်ဒင်က ဆက်ပြောသည်။

အစိုးရ တပ်များသည် ပြီးခဲ့သည့် စက်တင်ဘာလ (၂၉) ရက်နေ့ ညနေ (၆) နာရီ ဝန်းကျင်တွင် ရေကြောင်း ခရီးမှ သဘောင်္ နှစ်စီးဖြင့် အင်အား (၄၀၀) ကျော် ရှိသော တပ်များ ကသာ မှ ဗန်းမော်သို့ ရောက်ရှိ လာကြောင်းလည်း ဒေသခံ များက ပြောသည်။

ထိုမန်စီ မြို့နယ် ၌ပင် ပြီးခဲ့သည့် စက်တင်ဘာလ (၁၁) ရက်နေ့ ကလည်း ကချင်လွတ်လပ်ရေး တပ်မတော် (KIA) ၏ တပ်မဟာ (၃) လက်အောက်ခံတပ်ရင်း (၁၂) နှင့် (၂၇) မှ တပ်ဖွဲ့ဝင် များနှင့် အစိုးရ တပ်ဖွဲ့များ တိုက်ပွဲများ ဖြစ်ပွား ခဲ့ကြ ပါသည်။

ဤသို့ကြောင့် နှစ်ဖက် ကိုယ်စားလှယ်များ မြစ်ကြီးနား၌ ပထမရက် အဖြစ် စတင် ဆွေးနွေး နေဆဲ၌ပင် နှစ်ဖက် တပ်နေရာ ချထားရေး၊ အပစ်အခတ် ရပ်စဲရေး စောင့်ကြည့်ရေး၊ ဒုက္ခသည် ပြန်လည် နေရာ ချထားရေး၊ နိုင်ငံရေး ဆွေးနွေးပွဲ ကျင်းပနိုင်ရေး၊ တပြည်လုံးအတိုင်းအတာ အပစ် အခတ် ရပ်စဲရေး ကိစ္စရပ် များအား ဆွေးနွေး နေကြ သော်လည်း ၄င်းမှာ အဟန့်အတား သဖွယ် ဖြစ်လာ နိုင်ပါသည်။

KIO နှင့် အစိုးရအဖွဲ့ ကိုယ်စားလှယ် တို့သည် ကချင်ပြည်နယ် အတွင်း တိုက်ပွဲ လျှော့ချရေးအတွက် တရားဝင် (၉) ကြိမ်နှင့် အလွတ်သဘော (၅) ကြိမ်ခန့် တွေ့ဆုံ ဆွေးနွေး ခဲ့ပြီး ဖြစ်သော်လည်းယနေ့ အထိပင် အောင်မြင်မှု မရရှိ သေးပေ။

ရွှေဟင်္သာသတင်းဌာန

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here