Tuesday, October 8, 2013

ရွှေနန်းတော် ကျောင်းကြီး ၂ဝ၁၅ ခုနှစ်အပြီး ပြုပြင်မည်

0 comments


ရွှေကျောင်းဟု အများ ခေါ်ဝေါ် နေကြသော ရွှေနန်းတော် ကျောင်းကြီးသည် ကုန်းဘောင်ခေတ် (၁၉) ရာစု မြန်မာမှု အနုပညာ ဗိသုကာ လက်ရာစံပြု ကျောင်းကြီး တစ်ကျောင်း ဖြစ်ပြီး မန္တလေး မြို့ အောင်မြေ သာစံ မြို့နယ် ဒေါနဘွား ရပ်ကွက် မဟာအတုလ ဝိယောရာမ တိုက် မဟာရံ တံတိုင်း နှစ်ခုကြား အရှေ့တောင် ထောင့်တွင် တည်ရှိသည်။

ရွှေနန်းတော် ကျောင်းကြီး တစ်ခုလုံးတွင် မြန်မာမှု သစ်သား ပန်းပု အခြေခံ ၊ ခြူးပန်း ၊ ခြူးနွယ် အပြောက် အမွှမ်းများ ၊ ရုပ်လုံးကြွများ ၊ ကျေးငှက် တိရစ္ဆာန် ရုပ်များ ၊ နံရံကပ် ရုပ်ကြွများ နှင့် အတွင်း မာရဘင် အရှေ့ပိုင်း ကွန်းစင်တိုင် အခြေတွင် ဇာတ်ကြီး ဆယ်ဘွဲ့ ၊ တောထွက်ခန်း ၊ မဟာ ပဒုမဇာတ် ၊ ဥတေန ဇာတ်တော် များကို စိတ်ဝင်စားဖွယ် လက်ရာ မြောက်စွာ အနုစိတ် ထုလုပ် တပ်ဆင် ထားသည်။

ယခုအခါ နှစ်ပေါင်း ကြာမြင့် ခဲ့ပြီဖြစ်၍ ပြုပြင် ထိန်းသိမ်းရေး လုပ်ငန်းများ ဆောင်ရွက်ရန် ရှေးဟောင်း သုတေသန ၊ အမျိုးသား ပြတိုက်နှင့် စာကြည့်တိုက် ဦးစီးဌာန (မန္တလေးဌာနခွဲ) နှင့် အမေရိကန် နိုင်ငံမှ ပညာရှင် အဖွဲ့နှင့် တွေ့ဆုံခြင်း ကို ရွှေနန်းတော် ကျောင်းကြီး အတွင်း၌ ပြုလုပ်သည်။

တွေ့ဆုံပွဲတွင် ရှေးဟောင်း သုတေသန ၊ အမျိုးသား ပြတိုက်နှင့် စာကြည့်တိုက် ဦးစီးဌာန (မန္တလေးဌာနခွဲ) ညွှန်ကြားရေးမှူး နှင့် အဖွဲ့ဝင်များ ၊ အမေရိကန် နိုင်ငံ World Monument Fund မှ Mr. Jeff Allen ဦးစီး ပညာရှင် အဖွဲ့များ ၊ မြန်မာမှု ဗိသုကာ ပညာရှင် တမ္ပဝတီ ဦးဝင်းမောင် ၊ မန္တလေး နည်းပညာ တက္ကသိုလ် ဗိသုကာ ပညာရှင် အဖွဲ့တို့ တက်ရောက် ကြပြီး အပြန်အလှန် ဆွေးနွေး ကြကာ ရွှေနန်းတော် ကျောင်း၏ လက်ရှိ အခြေအနေ များကို လေ့လာ ကြသည်။ အဆိုပါ အမေရိကန် နိုင်ငံ ပညာရှင် အဖွဲ့သည် အောက်တိုဘာ ၆ ရက်နေ့တွင် တာဝန်ရှိ သူများနှင့် ပြန်လည် သုံးသပ် ဆွေးနွေး သွားမည် ဖြစ်သည်။ အဆိုပါ ရွှေနန်းတော် ကျောင်းကြီးအား ပြင်ဆင်ခြင်း လုပ်ငန်းများကို ဒီဇင်ဘာလ မှ စတင် သွားမည် ဖြစ်ပြီး ၂ဝ၁၅ ဇန်နဝါရီလ အပြီး ပြင်ဆင် သွားမည် ဖြစ်ကြောင်း သိရှိရသည်။

pyi chit thar

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here