Monday, October 7, 2013

ရွှေသဘာဝဓာတ်ငွေ့ ပိုက်လိုင်းအတွက် အရန်ပိုက်လိုင်းအား ဧရာဝတီမြစ်ကို ဖြတ်သန်း၍ ထပ်မံဖောက်လုပ် နေသဖြင့် ဘေးထွက်ဆိုးကျိုးများ ဖြစ်လာမည်ကို ဒေသခံများ စိုးရိမ်နေ

0 comments
(မကွေးတိုင်း စကုမြို့နယ် ဧရာဝတီ မြစ်ကမ်းအနီး ရွှေသဘာဝဓာတ်ငွေ့ ပိုက်လိုင်းလုပ်ငန်းခွင်အား ၂၀၁၂ ခုနှစ် အတွင်းက တွေ့ရစဉ်)

ရွှေသဘာဝဓာတ်ငွေ့ ပိုက်လိုင်းအတွက် အရန်ပိုက်လိုင်းအား ဧရာဝတီမြစ်ကို ဖြတ်သန်း၍ ဖောက်လုပ်နေသဖြင့် မြစ်ကြောင်း ပြောင်းလဲခြင်း၊ ရေစီးရေလာ ပြတ်တောက်ခြင်း စသည့်ဘေးထွက် ဆိုးကျိုးများ ဖြစ်ပေါ်မည်ကို စိုးရိမ်နေကြကြောင်း ဒေသခံများထံမှ စုံစမ်းသိရသည်။

ဇူလိုင်လအတွင်း တရုတ်နိုင်ငံသို့ စတင်ပို့လွှတ်ခဲ့သည့် ရွှေသဘာဝဓာတ်ငွေ့ ပိုက်လိုင်းအတွက် အရန်အဖြစ် ဧရာဝတီမြစ်အား ဖြတ်သန်းရာ နေရာဖြစ်သည့် စကုမြို့နယ်နှင့် ခုံစုကျေးရွာ အနီးတွင် အရန်ပိုက်လိုင်းအား ဆက်လက်တည်ဆောက် နေခြင်းဖြစ်ပြီး အဆိုပါပိုက်လိုင်း ဆောက်လုပ်မည့် အကြောင်းကို ဒေသခံများအား အသိပေး ပြောကြားမှု မရှိကြောင်းလည်း ရွှေသဘာဝဓာတ်ငွေ့ပိုင်းလိုင်း စောင့်ကြည့်ရေး ကွန်ရက်အဖွဲ့မှ ဒေသခံ ဦးအိုလာက ပြောကြားသည်။

ရွှေသဘာဝဓာတ်ငွေ့ ပိုက်လိုင်းဖောက်လုပ်ရာတွင် နိုင်ငံတကာမှ သတ်မှတ်ထားသော ဂက်စ်ပိုက်လိုင်းဆိုင်ရာ စံချိန်စံညွှန်းများအား အတိအကျ လိုက်နာမှု မရှိဟုဆိုကာ သဘာဝပတ်ဝန်းကျင် လေ့လာသူ ပညာရှင်များနှင့် သက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များက ဝေဖန်မှုများ ရှိခဲ့သည့် အဆိုပါ ရွှေသဘာဝ ဓာတ်ငွေ့ပိုက်လိုင်းသည် စမ်းသပ်ပို့လွှတ်စဉ် ကာလအတွင်း ရှမ်းပြည်နယ်နှင့် အနီးတစ်ဝိုက်တွင် ပေါက်ကွဲမှုနှစ်ကြိမ် ဖြစ်ပေါ်ခဲ့သည့်အတွက် ဒေသခံများ အနေနှင့် စိုးရိမ်မှုများ ဖြစ်ပေါ်ခဲ့ရကြောင်း တအာင်းကျောင်းသားများနှင့် လူငယ်များအဖွဲ့မှ ကိုမိုင်းမျိုးအောင်က ပြောကြားသည်။

လက်ရှိ တည်ဆောက်သည့် အရံပိုက်လိုင်း အပါအ၀င် မူလပိုက်လိုင်း နေရာအတွက် ရေကာတိုင်များ တည်ဆောက်ထားသဖြင့် သီးနှံစိုက်ပျိုး သူများအတွက် ရေကြောင်းပြောင်းလဲခြင်း၊ မြစ်ကြောင်းပြောင်းလဲ၍ သောင်များဖြစ်ထွန်း လာပါက သီးနှံများအတွက် သယ်ယူပို့ဆောင်ရေး ကုန်ကျစရိတ်များ မြင့်တက်ခြင်း စသည့်ဖြစ်ရပ်များ ကြုံတွေ့မည်ကို စိုးရိမ်နေရကြောင်း သိရသည်။

အလားတူပင် ရွှေသဘာဝဓာတ်ငွေ့ ပိုက်လိုင်းနှင့် ရေနံပိုက်လိုင်းအတွက် အရန်ပိုက်လိုင်း တည်ဆောက်မှုမှာ မူလတင်ပို့သည့် ပိုက်လိုင်းတွင် အားနည်းချက် ရှိသဖြင့် အရန်ပိုက်လိုင်း ဖောက်လုပ်ခြင်းဟု ဒေသခံများ ယူဆနေကြပြီး ထိုသို့ မူလပိုက်လိုင်းတွင် ပေါက်ကွဲမှု၊ ယိုစိမ့်မှုများ ဖြစ်ပေါ်ပါက သဘာဝ ပတ်ဝန်းကျင်နှင့် မြန်မာနိုင်ငံ တစ်နိုင်ငံလုံးနှင့် ဆက်နွှယ်နေသည့် ဧရာဝတီမြစ်ရေ ညစ်ညမ်းမှု ဖြစ်ပွားပါက ရွှေသဘာဝဓာတ်ငွေ့ ပိုက်လိုင်းအတွက် အဓိက တာဝန်ရှိသည့် ကုမ္ပဏီ အနေနှင့် မည်သို့တာဝန်ယူမှုများ ပြုလုပ်ပေးရန် စီစဉ်မှုများ ရှိထားကြောင်း ဒေသခံများနှင့် ပညာရှင်များက သိရှိလိုနေကြောင်း ရွှေသဘာဝဓာတ်ငွေ့ပိုက်လိုင်း စောင့်ကြည့်ရေး အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here