Thursday, October 10, 2013

မော်လမြိုင်နှင့် ချောင်းဆုံကို တိုက်ရိုက်ဆက်သွယ်မည့် သံလွင်မြစ်ကူးတံတား တည်ဆောက်ရန် ၀န်ကြီးဌာန ခွင့်ပြုချက်ရ

0 comments
ကျပ် ၃၀ ဘီလီယံ ကုန်ကျမည် ခန့်မှန်း

ကွန်ချမ်း | ကြာသပတေးနေ့၊ အောက်တိုဘာလ ၁၀ ရက် ၂၀၁၃ ခုနှစ် ၂၀ နာရီ ၄၆ မိနစ် 

မွန်ပြည်နယ် မော်လမြိုင်မြို့နှင့် ချောင်းဆုံမြို့နယ် (ဘီလူးကျွန်း) ကို တိုက်ရိုက်ဆက်သွယ်မည့် သံလွင်မြစ်ကူး တံတား ဆောက်လုပ်ရန် အတွက် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ခွင့်ပြုချက် ရရှိပြီဖြစ်ကြောင်း မွန်ပြည်နယ် လွှတ်တော်ကိုယ်စား လှယ် ဒေါက်တာအောင်နိုင်ဦး က အောက်တိုဘာ ၁၀ ရက်တွင် မဇ္ဈိမကို ပြောသည်။

ယင်းတံတား ဆောက်လုပ်ရန်အတွက် ဒီဇင်ဘာတွင် ပြည်ထောင်စု လွှတ်တော်သို့ တင်မည် ဖြစ်ပြီး ၂၀၁၄ ခုနှစ် နှစ်စ တွင် ဆွေးနွေးသွားမည် ဖြစ်ကာ လွှတ်တော်မှ ခွင့်ပြုပါက ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ်တွင် စတင်ဆောက်လုပ်ရန် လျာထားသည် ဟုလည်း ၄င်းက ပြောသည်။

ဒေါက်တာ အောင်နိုင်ဦးက “ဒီဇင်ဘာလမှာ ပြည်ထောင်စုလွှတ်တော်ကို တင်ပြီး၊ ၂၀၁၄ သုံးလပိုင်း မရောက်ခင် ပြည်ထောင်စု လွှတ်တော်မှာ ဆွေးနွေးမယ်လို့ ကျွန်တော်တို့ သိထားတယ်။ ပြည်ထောင်စုလွှတ်တော်က ခွင့်ပြုတာနဲ့ ဆောက်သွား ဖို့ ရှိတယ်” ဟု ပြောသည်။

မြစ်ကူးတံတားသည် အရှည် ၄,၄၀၀ ပေနှင့် ပင်လယ်ရေ မျက်နှာပြင်အထက် ၄၅ ပေ ရှိမည် ဖြစ်ပြီး မော်လမြိုင်ဘက်မှ ချဉ်းကပ်လမ်း ၇၀၀ ပေနှင့် ကညော်ဘက်မှ ချဉ်းကပ်လမ်း ၄,၀၀၀ ပေ ရှိကာ ပြည်ထောင်စု အစိုးရက ငွေကျပ် ၃၀ ဘီလီယံ အကုန်ကျခံကာ ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ်တွင် စတင်ဆောက်လုပ်ရန် လျာထားသည်။

၂၀၁၀ ရွေးကောက်ပွဲ မဲဆွယ် စည်းရုံးစဉ်ကပင် ချောင်းဆုံမြို့နယ် ဒေသခံများက မော်လမြိုင်-ချောင်းဆုံ မြစ်ဖြတ်တံတား ကို ဆောက်လုပ်ပေးရန် ရွေးကောက်ပွဲဝင်မည့် ကိုယ်စားလှယ်များအား တင်ပြတောင်းဆိုခဲ့ပြီး ၂၀၁၁ ခုနှစ်တွင် ချောင်းဆုံ မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် နိုင်လှမောင် က ပြည်သူတို့၏ တောင်းဆိုချက်ကို လွှတ်တော်တွင် တင်ပြခဲ့ သည်။

၎င်းပြင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း ၏ ၂၀၁၂ ခုနှစ် မွန်ပြည်နယ် ခရီးစဉ်တွင်လည်း ချောင်းဆုံမြို့နယ်မှ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအောင်နိုင်ဦး က ထပ်မံတင်ပြခဲ့သည်။

မြစ်ကူးတံတား ဆောက်လုပ်ရန်အတွက် ပြည်နယ် ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ ၂၀၁၃ ခုနှစ် ဇန်နဝါရီလတွင် တစ်ကြိမ်၊ ဖေဖော်ဝါရီလမှ ဧပြီလအတွင်း ပြည်ထောင်စု ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ သုံးကြိမ် လာရောက်လေ့လာခဲ့သည်။

တံတားဆောက်လုပ်ရန်အတွက် မူလက မြေနေရာ ဆန်းစစ်လေ့လာမှု ပြုလုပ်ပြီး ငါးနေရာ လျာထားရာမှာ နောက်ပိုင်းတွင် သုံးနေရာ ရွေးချယ်ခဲ့ပြီး နောက်ဆုံးတွင် လမ်းပန်းဆက်သွယ်ရေးနှင့် ခရီးတာတိုသည့် မော်လမြိုင်မြို့ မုပွန်ရပ် ဆိပ်ကမ်းနှင့် ချောင်းဆုံမြို့နယ်ကညော်ရွာဆိပ်ကမ်းဆက်သွယ်မည့်နေရာကို ရွေးချယ်ခဲ့သည်ဟု ဒေါက်တာအောင်နိုင်ဦး က ပြောသည်။

ချောင်းဆုံမြို့နယ်သည် ကျွန်းတစ်ကျွန်း ဖြစ်ပြီး မွန်ပြည်နယ်ရှိ အခြားမြို့နယ်များနှင့် သီးခြားတည်ရှိကာ မြို့တော် မော်လမြိုင်နှင့် ဆက်သွယ်ရန်အတွက် လက်ရှိတွင် သံလွင်မြစ်ကို သင်္ဘောဖြင့် ဖြတ်ကူးနေရသည်။

ချောင်းဆုံမြို့နယ်သည် ကျောက်သင်ပုန်း၊ ကျောက်တံ၊ ဆေးတံ၊ တုတ်ကောက်နှင့် ငါးဖမ်းလုပ်ငန်းစသည့် စက်မှုလက်မှု လုပ်ငန်းများဖြင့် ထင်ရှားခဲ့ပြီး တံတား ဆောက်ပြီးပါက ထိုလုပ်ငန်းများ ပိုမိုထွန်းကားလာကာ စက်မှုဇုန်များ ကိုလည်း တိုးချဲ့ဆောက်လုပ်လာဖွယ် ရှိသည်ဟု ဒေသခံများက သုံးသပ်ကြသည်။

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here