Friday, October 11, 2013

ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌနှင့် နိုင်ငံရေးပါတီများ ၂၀၁၅ ရွေးကောက်ပွဲ ကျင်းပရေး ဆွေးနွေးမည်

0 comments
ရန်ကုန်၊ အောက်တိုဘာ ၁၀

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးသည် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ ကျင်းပရေးအတွက် အောက်တိုဘာ ၁၁ ရက်နေ့တွင် နိုင်ငံရေးပါတီများနှင့် တွေ့ဆုံဆွေးနွေး မည် ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုကော်မတီ အတွင်းရေးမှူး ဦးဉာဏ်ဝင်း က ပြောကြားသည်။

အဆိုပါ တွေ့ဆုံပွဲကို ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တွင် ပြုလုပ်မည် ဖြစ်ပြီး ပါတီ မည်မျှ တက်ရောက်မည်ကို မသိရှိသေးကြောင်း ၎င်းကဆိုသည်။
“မှတ်ပုံတင်ပြီးသား ပါတီတွေကို အကုန်လုံး တက်ရောက် ဆွေးနွေးဖို့ ဖိတ်ကြားထားတာပါ” ဟု ၎င်းကပြောကြားသည်။

ပါတီပေါင်းစုံနှင့် တွေ့ဆုံခြင်းသည် သုံးကြိမ်မြောက် ဖြစ်ပြီး ပါတီတစ်ခုလျှင် ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့ နှစ်ဦး တက်ရောက်ရန် ဖိတ်ကြားထားကြောင်း NDF ပါတီ ဥက္ကဋ္ဌ ဦးခင်မောင်ဆွေက ပြောကြားသည်။

ရွေးကောက်ပွဲဆိုင်ရာ အကြောင်းအရာများကို ဆွေးနွေးရန် ဖိတ်ခေါ်ထားခြင်း ဖြစ်ပြီး အကြောင်းအရင်း အသေးစိတ်ကို မသိသေးကြောင်း ရှမ်းအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် SNLD ပါတီ အတွင်းရေးမှူး ဦးစိုင်းညွန့်လွင်က ပြောဆိုသည်။

အောက်တိုဘာ၁၁ရက်နေ့မွန်းတည့်၁၂နာရီတွင် ပြုလုပ်မည့်အဆိုပါ ဆွေးနွေးပွဲနှင့်ပတ်သက်ပြီး 

 ရွေးကောက်ပွဲ ကော်မရှင်ရုံးသို့ ဆက်သွယ် မေးမြန်းသော်လည်း တာဝန်ယူ ဖြေကြားပေးခြင်း မရှိပေ။

၂၀၁၅ခုနှစ်တွင်ကျင်းပမည့် ရွေးကောက်ပွဲဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးမည် ဖြစ်သော်လည်း ဆွေးနွေးပွဲ အစီအစဉ် အသေးစိတ်ကို မသိရှိရသေးကြောင်း ၎င်းကဆိုသည်။

ရွေးကောက်ပွဲ ကော်မရှင်နှင့် နိုင်ငံရေးပါတီများသည် ၂၀၁၃ ခုနှစ်အတွင်းတွင် ၂၀၁၅ ရွေးကောက်ပွဲ၌ အချိုးကျ ကိုယ်စားပြုစနစ် ကျင့်သုံးရန် ကိစ္စဆွေးနွေရန်နှင့် ရွေးကောက်ပွဲ ပညာပေး လုပ်ငန်းများ လုပ်ဆောင်ရန် သုံးကြိမ်တိုင်တိုင် တွေ့ဆုံထားသည်။


The Voice Weekly 

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here