Thursday, October 3, 2013

ကချင်ပြည်နယ်တွင်း စစ်ပွဲများကြောင့် မြစ်ဆုံစီမံကိန်းဘက် အာရုံစိုက်မှုနည်းလာဟုဆို

0 comments
03.10.2013 

ကချင်ပြည်နယ်အတွင်းဖြစ်ပေါ်ခဲ့သော စစ်ပွဲများ၊ ဒုက္ခသည်များ အရေးကြောင့် ကချင်ပြည်နယ်တွင်း လုပ်ဆောင်ခဲ့သော မြစ်ဆုံဆည်စီမံကိန်းအရေးကိစ္စနှင့်ပတ်သက်ပြီးအာရုံစိုက်စိတ်ဝင်စားမှုနည်းလာကြောင်း
 မြစ်ဆုံဆည်စီမံကိန်း တည်ဆောက်ခြင်း မပြုရန် ကန့်ကွက်ခဲ့သူ ကချင်ဒေသခံ ဒေါ်ခွန်ဂျာ က အောက်တိုဘာ ၁ ရက်တွင် ပြောသည်။

လက်ရှိအချိန်တွင် မြစ်ဆုံစီမံကိန်း ဆောက်လုပ်သောကုမ္ပဏီအနေဖြင့်စီမံကိန်း ပြန်လည်စတင်ရန်ကြိုးပမ်းနေ မှုများ ရှိသည်ဟုလည်း ၎င်းကဆိုသည်။ လက်ရှိအနေအထားအရ လူမှုရေး အဖွဲ့အစည်းများ အနေဖြင့် ကချင်ပြည်နယ် အတွင်းရှိ ဒုက္ခသည် စခန်းများကို ကူညီဆောင်ရွက်ရန်အတွက် လုပ်ဆောင်နေခြင်းကြောင့် မြစ်ဆုံဆည်ကိစ္စကို အရေး မပေးဖြစ် တော့ခြင်းဖြစ်သည် ဟုလည်း ဒေါ်ခွန်ဂျာ က ဆက်လက် ပြောကြားသည်။

၎င်းက "CPI က ခုတလော ဒေသခံ ရပ်မိရပ်ဖတွေနဲ့ မကြာခဏတွေ့နေတယ်။ ပြီးတော့ ဒေသခံတွေကို ဆန် လှူတာတွေ ရှိ နေတော့ မြစ်ဆုံပြန်စဖို့ ကြိုးစားနေတယ်လို့ မြင်တယ်” ဟု ဆိုသည်။

ယင်းအပြင် မြေတူးစက် အစီးနှစ်ရာ ကျော်ကိုလည်း ပြန်လည်သိမ်းယူမှုမရှိ ကြောင်း၊ ယခင်ကမြစ်ဆုံ စီမံကိန်း ဧရိယာ အတွင်း ၀င်ရောက်ခွင့်ရရှိခဲ့သော်လည်း ယခုချိန်တွင် ၀င်ရောက်ခွင့် မရှိတော့ကြောင်း လည်း ဒေါ်ခွန်ဂျာက ပြောသည်။

စီမံကိန်းကို လက်ရှိသမ္မတ ဦးသိန်းစိန် လက်ထက်တွင် ယာယီဆိုင်းငံ့ထားပြီး နောက်ထပ် အစိုးရသစ် လက်ထက်တွင် တရုတ်ကုမ္ပဏီ CPI က မြစ်ဆုံစီမံကိန်းကို ပြန်လည် လုပ်ခွင့်ရရန်ကြိုးစားမည်ဟု  သတင်းများ ထွက်ပေါ်နေသော် လည်း ယင်းစီမံကိန်းကို အကောင်အထည်ဖော်ပါက သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်နစ်နာမှုများသာ ပို၍တွေ့ရှိရသဖြင့် အကောင်ထည် မဖော် သင့်ကြောင်း ပြည်တွင်းပြည်ပသဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ပညာရှင်များက သုံးသပ်ကြသည် ဟုလည်း သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာအဖွဲ့ ECODEV မှ အုပ်ချုပ်မှုဒါရိုက်တာ ဦးဝင်းမျိုးသူကပြောသည်။

ဦးဝင်းမျိုးသူက“CPIက မြစ်ဆုံကို ပြန်လည်လုပ်မယ်၊အကျိုးမြတ်ရှိမယ် ပြောနေတယ်။ဘယ်လောက် ကောင်း တယ် ပြောပြော ပြည်သူတွေထောက်ခံချက်ရမှ လုပ်ခွင့်ဆိုတာလည်း ရှိ တယ်။ ပြည်သူတွေ က ကြိုက်ရင်တော့ လုပ်။ ပြည်သူ့ဆန္ဒပဲ။ ကျွန်တော်တို့ကတော့ သဘာဝ ပတ်ဝန်းကျင် နဲ့ ဆိုင်တဲ့ အရာတွေကို ပြောပြနေရမှာပဲ” ဟု ဆိုသည်။

ယခင် အစိုးရ လက်ထက်တွင် မြန်မာတရုတ် အစိုးရအကြား ပူးပေါင်းပြီး မြစ်ဆုံ စီမံကိန်းကို စတင် ခဲ့ခြင်းဖြစ်ကာ သမ္မတ ဦးသိန်းစိန်အစိုးရလက်ထက်တွင် ပြည်သူများ၏ ဆန္ဒပြမှုများ၊ နယ်ပယ်အသီးသီးမှ ကျွမ်းကျင်သူများ၏ ဆန့်ကျင်ကန့်ကွက်မှုတို့ ကြောင့် ထိုစီမံကိန်းကို သူ၏အစိုးရသက်တမ်းအတွင်း ဆက်မလုပ်ပါဟု သမ္မတက ၂၀၁၁ ခုနှစ် စက်တင်ဘာ ၃၀ ရက်က ထုတ် ပြန်ကြေညာခဲ့သည်။

ပြီးခဲ့သည့် စက်တင်ဘာလအတွင်းက တရုတ်နိုင်ငံ အခြေစိုက်ဆင်ဟွာ သတင်း ဌာနက မြစ်ဆုံ စီမံကိန်း ပြန်စရန် မျှော်လင့်ချက်ရှိပြီဆို၍လည်း ရေးသားထားသေးသည်။

မြစ်ဆုံစီမံကိန်းမှာ ဧရာဝတီမြစ်ဖျားပိုင်း မြစ်ဆုံနေရာတွင် တည်ဆောက်မည့် ဆည်ကြီး ခုနစ် ခုဆင့်သော ရေအား လျှပ်စစ် လုပ်ငန်းကြီးဖြစ်ပြီး ကျန်ဆည်ခြောက်ခုမှာ မေခမြစ်တွင် ငါးခု၊ မလိခမြစ် တွင် တစ်ခု တည်ဆောက်ရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။

Mizzima

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here