Thursday, October 3, 2013

မလေးရှားမှ မြန်မာလုပ်သား ၁၇၀ ကျော် MAI ၏ အခမဲ့လေကြောင်းဖြင့် ထပ်မံ ပြန်လာရန်ရှိ

0 comments
03.10.2013

မလေးရှားမှ ပြန်လာလိုသော မြန်မာ လုပ်သားများ ကို လေယာဉ်လက်မှတ်အခမဲ့ဖြင့် ပြန်လည်ခေါ်ဆောင် ရန်  MAI လေကြောင်းလိုင်းက စီစဉ်ထားရာ အောက်တိုဘာ ၈ ရက် အပြန်ခရီးအတွက် စာရင်းပေး ထားသူ လုပ်သား ၁၇၀ ကျော်ရှိကြောင်း ထိုလေကြောင်း လိုင်း ၏ ဈေး ကွက်နှင့် ပြင်ပ ဆက်ဆံရေးအရာရှိ ဒေါ်အေးမရသာ ကအောက်တိုဘာ ၂ ရက် တွင် ပြောသည်။

၎င်းက “အလုပ်သမားတွေကလည်း ဟိုမှာပြန်လာဖို့ အများကြီးရှိတယ်လေ။ ဒါကို ကျွန်မတို့က အကန့်အသတ်မရှိ အခမဲ့ခေါ် ပေးတာပါ။ ၁၇၀ ကျော်လောက် ပြန်လာဖို့ တော့သေချာတယ် ” ဟု ဆိုသည်။

ယင်းလေကြောင်းဖြင့် ပြန်လာမည့် အလုပ်သမားများသည် အောက်တိုဘာ ၈ ရက် မွန်းလွဲပိုင်းတွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဆိုက်ရောက်မည်ဖြစ်ပြီး MAI နှင့် သီတဂူဆရာတော် အရှင်ဥာဏိဿရ ဦးဆောင်သာ သီတဂူ အထောက်အကူပြုအဖွဲ့ (မလေးရှား)တို့ ပူးပေါင်း၍ အခမဲ့ ပြန်လည် ခေါ်ဆိုခြင်း ဖြစ်သည်။

MAI လေကြောင်းမှ မလေးရှားမှ ပြန်လိုသော မြန်မာအလုပ်သမားများကို အခမဲ့ပြန်လည်ခေါ်ဆိုမှုမှာ ယခုအကြိမ်ထိ ငါးကြိမ်မြောက်ရှိပြီဖြစ်ပြီး လေးကြိမ်မြောက်အထိ အလုပ်သမားဦးရေ ၇၀၀ နီးပါး ခေါ်ဆောင်လာပြီး ဖြစ်သည်ဟု လည်း ဒေါ်အေးမရသာက ဆိုသည်။

ယင်းအပြင်ဇွန်လအတွင်းကလည်းMAI လေကြောင်းလိုင်းမှ မြန်မာအလုပ်သမားများကို လေယာဉ်လက်မှတ်ခ ထက်ဝက်လျှော့ချ ပြီး ပြန်လည်ခေါ် ယူခဲ့ရာတွင်လည်း အလုပ်သမားပေါင်း ၃၀၀၀ ကျော် ပြန်လာ သည်ဟု လည်း ၄င်း၏ပြောကြားချက်အရ သိရသည်။

စက်တင်ဘာ ၁ ရက်မှ စတင်ပြီး မလေးရှား အစိုးရက တရားမ၀င် နိုင်ငံခြားအလုပ်သမားများကို ဖမ်းဆီး ခဲ့ပြီးနောက်မြန်မာအလုပ်သမားများ ပြန်လာကြခြင်းဖြစ်သည်။

မလေးအစိုးရ မှ စီမံချက်ကာလအတွင်း ဖမ်းဆီးထိန်းသိမ်းထားသည့် တရားမ၀င် အလုပ်သမားများ ထဲတွင် မြန်မာနိုင်ငံမှ တတိယ အများဆုံး ထိန်းသိမ်းခံထား ရနေရာ၌ရှိပြီး မြန်မာအလုပ်သမား ၅၅၅ ဦးဖမ်းဆီးခံရသည်ဟု နိုင်ငံပိုင် သတင်းစာများတွင် ဖေါ်ပြခဲ့သည်။

မလေးရှာနိုင်ငံတွင် မြန်မာအလုပ်သမား နှစ်သိန်းခွဲကျော်ရှိပြီးတရားဝင်အထောက်အထားရှိသည့် မြန်မာအလုပ်သမား ၁၄,၀၀၀ ကျော်၊ တရားမ၀င်အလုပ်သမား ၁၁၀,၀၀၀ နှင့် UNHCR လက်မှတ် ကိုင်ဆောင် ထားသူ မြန်မာအလုပ် သမား ရှစ်ထောင်ခန့် ရှိသည်။

Mizzima

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here