Friday, October 11, 2013

တတိယအရွယ်၏ ပထမရင်ခုန်သံ

0 comments

Friday, October 11, 2013

“ အပျိုကြီး သီတင်းကျွတ်ပီနော်…. သူများမင်္ဂလာဆောင်တွေပဲလိုက်လက်ဖွဲ့မနေနဲ့ ကိုယ့်အကြွေးတွေလည်း ပြန်ယူဖို့စဉ်းစားအုံး” ရုံးမှာထိုင်နေရင်း မကင်းရာမကင်းကြောင်း မိတ်ဆွေ တယောက်ရဲ့ ဖိတ်စာလေးကို ဖွင့်ကြည့်နေမိစဉ် မန်နေဂျာကြီးပြောသွားတဲ့ ခနဲ့တဲ့တဲ့စကား။
အပျိုကြီးတယောက်အတွက် အခံရအခက်ဆုံးရာသီကိုပြောပါဆိုရင် သီတင်းကျွတ်ကိုသာ ရမယ်ရှာလိုက်ချင်ပါတယ်။ ဟုတ်သည်လေ အေးအေးလူလူ ကျော့ကျော့ကော့ကော့ရှိတဲ့ အမျိုးသမီးဆိုလို့ တရုံးလုံးမှာ ခင်မမတယောက်သာရှိလေတာ။ ကြည့်သူမြင်သူကို မျက်စိပသာဒဖြစ်စေအောင် သားကျွေးမှု၊ မယားကျွေးမှုဆိုတဲ့ ဇာတ်ခုံကြီးပေါ်မတက်ပဲ ကိုယ့်ကို်ယ်ကို ပြုပြင်မွန်းမံအလှဆင်ရင်း ပျိုမြစ်နုနယ်နေတာ။ လူတွေက ကိုယ့်ထမင်းကိုယ်စားပြီး သူများစီးပွားရေးအိုး တုတ်နဲ့မထိုးတဲ့ ဒီအပျိုကြီးတယောက်ကပဲ လူ့ဘ၀တာဝန်တွေကို မကျေပွန်သလိုလို။ ဘုရားတရားတော်တွေနဲ့ မညီညွတ်မအပ်စပ်သော မကောင်းမှုဒုစရိုက်တခုခုကိုပဲ ကျူးလွန်နေမိသူလိုလို။

ခက်တော့လည်း ခက်ပါပေတယ်။ ခင်မမ ဒီအပျိုကြီးဆိုတဲ့စကားလုံးနဲ့ ရင်းနှီးပတ်သက်ခွင့်ရခဲ့တာ အသက်(၃၅)နှစ်ကို မခို့တရို့လေးကျော်ချိန်ကစလို့ ယခု ဟိုသီချင်းထဲကလို “အသက်(၄၀) လူတွေမေးတယ်” အချိန်အခါရောက်သည်အထိ။ ကိုယ့်အလုပ်အကိုင်၊ ကိုယ့်ဝင်ငွေနဲ့ သင့်တင့်လျောက်ပတ်အောင် တိုင်းထွာချင့်ချိန် ဖြတ်သန်းသမှုပြုနေတဲ့ သိမ်းထုတ်သေချာ အမျိုးသမီးတယောက်အတွက် ကင်ပွန်းတပ်ခံရတဲ့ ဒီအမည်က အောင့်သက်သက်တော့နိုင်သား။ ခေတ်နဲ့အမှီ နောက်မကျန်ခဲ့ရလေအောင် ပြေးလိုက်နေရတဲ့ ဒီလိုအချိန်အခါ၊ အခြေအနေမျိုးမှာ အများအမြင်ပသာဒရစေမဲ့ ပြင်ဆင်ချယ်သမှုမျိုးနဲ့ အေးအေးလူလူနေနိုင်တာ။ ကြည့်လေ ကိုယ့်အိမ်နဲ့ကို၊ ကိုယ့်ဗိုက်နဲ့ကိုယ် စားချင်တာစားဖို့ ချက်ပြုတ်၊ ပြီးပြန်တော့ ရုံးချိန်အမှီပြင်ဆင် လူအမြင်မှာရော လက်ရှိဘ၀မှာရော ပူစရာဆိုလို့ ဗိုက်တောင် လေ့ကျင့်ခန်းလုပ်လွန်းသမို့ ပြစရာမရှိ။

ပုံသဏ္ဍာန်ကိုလည်းကြည့် နှုတ်ခမ်းကအနည်းငယ်ထော်လန်တာကလွဲရင်၊ ဆံပင်နဲ့ဖုံးထားရတဲ့ နဖူးက မဆိုစလောက်ကလေး ပြောင်ချော်ချော်နိုင်တာကလွဲရင်၊ ပါးလွန်းလို့ခဲတံရာဗရဗျစ်အမြဲဆွဲနေရတဲ့ မျက်ခုံးမွှေးကလွဲရင်၊ မျက်တောင်တုနဲ့ဖုန်းကွယ်ထားရတဲ့ ခပ်စိုက်စိုက်မျက်တောင်ရှင်ဖြစ်တာကလွဲရင်၊ ဖြူသော ၀ါသော သူများကြားထဲမှာ ကြည့်လိုက်ရင် ထင်းခနဲဖြစ်စေမဲ့ အနက်နုရောင်အသားအရည်ဖြစ်တာကလွဲရင် အားလုံးက အိုကေမှာ စိုပြေလို့။

စွဲသုံးနေကြမိတ်ကပ်အရောင်းကောင်တာက ညီမလေးဆိုခင်မမကိုမြင်လိုက်တာနဲ့ မွမွ၊ မွမွဆိုတဲ့ အခေါ်အဝေါ်က ပါးစပ်ကမချ ၀ယ်နေကြမိတ်ကပ်အပြင် ဟိုအိုင်းရှဲဒိုးက ဘယ်လိုကောင်း၊ ဟိုနှုတ်ခမ်းနီက ဘယ်လောက်အချိန်ကြာကြာခံ၊ ဟိုပေါင်ဒါက မွမွနဲ့လိုက်တာကတဖုံ။ အဲ့သလို အဲ့သလို ကိုယ့်အလှအပနဲ့ကိုက်ညီတာလေးတွေ ထိုးထည့် အဲလေ ရောင်းချပေးရှာတာ။ ခင်မမရဲ့အလှတွေပုံပေါ်နိုင်တာ သူ့ကျေးဇူးတွေကလည်း မနည်းမနော။ ဟော…. နောက်တယောက်ကျန်သေး။ သူကတော့ လမ်းထိပ်စတိုးဆိုင်က မခင်မြဆိုသူ။ အသစ်ကလေးမရောက်လိုက်နဲ့ ခင်မကိုသာ ပြေးမြင်ယောင်တယ်ဆိုတဲ့လူစား။ ဒီလိုတွေ အလှကို အယဉ်ဆင့်ဖို့ စိတ်ကူးပုံဖော်ပေးသူတွေကလည်း ခင်မမမှာ ပတ်လည်ကို ၀ိုင်းနေမှတော့ အပျိုကြီးအလှ ကမ္ဘာမကျော်ရင်သာနေမယ် ရပ်ကွက်ထဲမှာတော့ ကျော်ကြားလိုက်သမှ အပြင်ထွက်လာပြီဆိုတာနဲ့ ဟိုကငေး ဒီကရှိုးနဲ့ဆိုတော့ကာ အသက်(၄၀)ပါဆိုရင်တောင် ဘာဘာ ၂၀လားလို့ မေးရမဲ့ကိန်း။

သူများ(ရပ်ကွက်ထဲက)အမွှန်းတင် ပြောစကား ပြန်ကြားရတာလားလို့တော့မမေးနဲ့။ ကိုယ့်ဘာသာကို ပြင်းပြင်းထန်ထန်ဝေဖန်ကြည့်မိတာပါ။ လူတိုင်းကို လိုက်မေးမှမဟုတ်။ ဒီအသက်အရွယ်ရောက်နေပြီကွယ်။ လူတွေရဲ့အကြည့်၊ အပြုံးကိုမြင်လိုက်တာနဲ့ ချက်ခနဲဆို ခင်မမနားခွက်က မီးဟုန်းဟုန်းတောက်ပြီးသားပဲလေ။ မည်သို့ပဲလှပ နုရွနေပါစေ ဘယ်သူတွေ ဘယ်လိုပဲပြောပြော ဘ၀င်မြင့်စိတ်အလျဉ်းမရှိပဲ သီတင်းကျွတ်နဲ့ပတ်သက်တဲ့ အားကျစရာမင်္ဂလာသတင်းတွေကို မသိချင်ယောင်၊ မကြားချင်ယောင်ဆောင်လာခဲ့တာ နှစ်ပေါင်းများစွာကြာခဲ့တာ ကိုယ်နဲ့သက်တူရွယ်တူတွ ဘုစုခရုရလို့ သူတို့လေးတွေရဲ့အခေါ် တီတီအရွယ်တောင် ရောက်လာခဲ့ပေါ့။ သို့အတွက် မန်နေဂျာကြီးပြောသွားတဲ့ ခနဲ့တဲ့တဲ့စကားကို လိုက်ခံစားနေပါတယ်။

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here