Monday, October 7, 2013

တန်ဖိုးနည်းဖုန်း ရောင်းချမှု မှန်ကန်တိကျစေချင်ပြီ

0 comments

(ဇင်မာသင်း)

ကျပ် ၁၅၀၀ တန် တန်ဖိုးနည်း ဖုန်းများကို ဧပြီ ၂၀၁၃ ခုနှစ်မှစတင်၍ ပြည်နယ်နှင့် တိုင်းဒေသကြီးများ၌ စတင်၍ အောက်ခြေ လူတန်းစား အလွှာများသို့ ခွဲဝေခဲ့ပါသည်။ စစ်ကိုင်းတိုင်းဒေသကြီးရှိ မြို့နယ်အလိုက် ၂၀၁၃ ခုနှစ် ဇူလိုင်၊ သြဂုတ်၊ စက်တင်ဘာ သုံးလအတွင်း ခွဲဝေ ရောင်းချပေးခဲ့သည်။ ကသာခရိုင် ခုနစ်မြို့နယ်တွင် လက်အောက်ခံ ခြောက်မြို့နယ် အင်းတော်၊ ဗန်းမောက်၊ ဝန်းသို၊ ကောလင်း၊ ပင်လည်ဘူး၊ ထီးချိုင့်၌ ကျပ် ၁၅၀၀ တန် တန်ဖိုးနည်းဖုန်းများ ရောင်းချမှု မူမမှန်သော ခွဲဝေမှုဖြစ်နေကြောင်း သိရသည်။

အိမ်ထောင်စု လူဦးရေကို အခြေမခံဘဲ ကသာခရိုင်အတွင်းရှိ လက်အောက်ခံ ခြောက်မြို့နယ် အင်းတော်၊ ဗန်းမောက်၊ ထီးချိုင့်၊ ဝန်းသို၊ ပင်လည်ဘူး၊ ကောလင်း မြို့နယ်တို့ကို ဇူလိုင်ခွဲတမ်း အလုံး ၂၀၀ စီ၊ သြဂုတ်လခွဲတမ်း အလုံး ၃၀၀ စီ၊ စက်တင်ဘာ ခွဲတမ်း အလုံး ၃၀၀ စီ ခွဲဝေပေးခဲ့သည်။

ဇူလိုင်လ ခွဲတမ်းအလုံး ၂၀၀ အထိ မြို့နယ်အလိုက် ခွဲဝေနိုင်သော်လည်း သြဂုတ်လတွင် ငါးလုံးလျှော့၍ ခွဲဝေခံရခြင်း၊ စက်တင်ဘာလ ၁၀ လုံးလျှော့၍ ခွဲဝေခံရခြင်းကို ကသာခရိုင် လက်အောက်ရှိ မြို့နယ် ခြောက်မြို့နယ်က အခြေခံ ပြည်သူများ ရင်ဆိုင် ကြုံတွေ့နေရသည်။

ကသာခရိုင်မြို့အတွက် သီးခြားခွဲတမ်းကို လက်ရှိ လူဦးရေအရ ခွဲဝေမှု ပြည်သူကို ဗဟိုပြု၍ ခွဲဝေပေးမှုများ ရှိနေရာ ယခုကဲ့သို့ လစဉ်ခွဲတမ်းမှ ငါးလုံးဆယ်လုံး လျှော့ရနေခြင်းသည် မသင့်လျော်ပါ။ တစ်မြို့နယ် ငါးလုံး နုတ်ယူရာ လက်အောက်ခံ ခြောက်မြို့နယ်မှ ၃၀ လုံး ကသာမြို့အတွက် ပိုထွက်လာမည် ဖြစ်သည်။ တစ်မြို့နယ် ၁၀ လုံး နုတ်ယူမည် ဆိုပါက လက်အောက်ခံ ခြောက်မြို့နယ်မှ ၆၀ လုံး ကသာမြို့အတွက် ပိုထွက်လာမည် ဖြစ်သည်။

သည်လိုသာ ရေကတွတ်ပေါက်မှာ စောင့်နေသော ဗျိုင်းကြီးပမာ မြို့နယ်စုအတွင်းရှိ မြို့ကလေးများထံမှ ပုံမှန်လစဉ် ခွဲတမ်းကို နုတ်ယူနေခြင်းသည် ယခင်ကိုလိုနီစနစ်ဖြင့် အုပ်ချုပ်ရေးကို ပြန်လည် အသက်ပေးသွင်း နေသည်နှင့် တူနေပါသည်။ ပွင့်လင်းမြင်သာမှုလည်း ဆိတ်သုဉ်း ကွယ်ပျောက်နိုင်ပါသည်။ ခေါက်ရိုးကျိုးသော ယန္တရား အုပ်ချုပ်ရေးနှင့် တူညီသော ကျားသေကို အသက်သွင်းသည်နှင့် တူနေပါသည်။

ကသာခရိုင် မြို့ကြီးများမှာရှိသော ဌာနဆိုင်ရာ ဝန်ထမ်းကြီးများအတွက် မိမိတို့ ကိုယ်ပိုင်ရမည့် ခွဲတမ်းထက် အခွင့်ထူး ခံစားနေခြင်းကို ပွင့်လင်း မြင်သာသော၊ ပြည်သူကို ဗဟိုပြုသော သည်ခေတ် သည်အချိန်၌ မဖြစ်သင့်တော့ပါ။

မြို့နယ် ခြောက်မြို့နယ်မှ ရရှိထားသော ခွဲတမ်းများကို နုတ်၍ ထွေ/အုပ် ဝန်ထမ်းများ၊ မြန်မာ့ဆက်သွယ်ရေး (တယ်လီဖုန်း) ဝန်ထမ်းများအတွက် ဂွင်ဖန်တီးနေသလို ဖြစ်နေပါသည်။ မြို့နယ်များမှ ပေးဆပ်ရသော တယ်လီဖုန်း ၁၀ လုံးကို မြို့နယ်အဆင့် ဌာနဆိုင်ရာများ ရသင့်ရထိုက် သည်မှ နုတ်ယူ၍ ဖန်တီးပေးလိုက်ရသော တယ်လီဖုန်းများ ဖြစ်နေပါသည်။

ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အစည်းအဝေးမှာ ‘ကြီးကြပ်မှု အားနည်းသော ဖြစ်စဉ်မျိုး ဖြစ်ပွားနေလျှင် အဆင့်ဆင့် အရေးယူသွားမည်’ ဟူ၍ လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးအောင်ခင် ပြောစကားကို ကသာခရိုင်မြို့နယ်မှ တာဝန်ရှိ ဌာနဆိုင်ရာများကို ပြန်လည် ကြားသိ စေချင်ပါသည်။

၂၀၁၃ ခုနှစ် ဧပြီလမှ စတင်၍ ကျပ် ၁၅၀၀ တန် ဖုန်းကတ် အလုံးရေ လစဉ် သုံးသိန်းခွဲနှုန်း ရောင်းချမှုမှ ကြားသိနေရသော တန်ဖိုးနည်း ဖုန်းကတ်က ပြောပြနေသော ပုံပြင်များမှာ နားမဆံ့အောင် ကြားသိနေရသည်။

ခရိုင်မြို့၏ ဂုဏ်သိက္ခာကို ငဲ့ညှာသောအားဖြင့် မတရား ခွဲတမ်းများ ရယူမှုကို ဆိတ်သုဉ်း ကွယ်ပျောက်သင့်ပြီ ဖြစ်ကြောင်း တင်ပြလိုက်ရပါသည်။

The Voice Weekly

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here