Monday, October 7, 2013

ပညာရေးအဆင့်မြှင့်တင်မှုစီမံကိန်းများအတွက် တစ်နှစ်အတွင်း ကန်ဒေါ်လာ ၃၇ သန်းကျော်ရရှိထားပြီးဖြစ်ဟု သိပံ္ပနှင့်နည်းပညာဝန်ကြီးပြော

0 comments
သိပံ္ပနှင့်နည်းပညာဝန်ကြီးဌာနအနေဖြင့် ၀န်ကြီးဌာနလက်အောက်ရှိ တက္ကသိုလ်များတွင် ပညာရေးအဆင့် မြှင့်တင်မှု စီမံကိန်းများ ပြုလုပ်နိုင်ရန်အတွက် ယခုနှစ်အတွင်း အမေရိကန်ဒေါ်လာ ၃၇ သန်းကျော်ရရှိ ထားပြီဟု သိပံ္ပနှင့် နည်းပညာ ၀န်ကြီးဌာန၀န်ကြီး ဒေါက်တာကိုကိုဦးက အောက်တိုဘာ ၄ ရက်တွင် ပြောသည်။

ဝန်ကြီးက ယင်းသို့ပြောကြားခြင်းမှာ ရန်ကုန်နည်းပညာတက္ကသိုလ်တွင် ပြုလုပ်သော သတင်းစာရှင်းလင်း ပွဲတွင်ဖြစ်သည်။ ၀န်ကြီးက ပြောကြားသည်မှာ သိပ္ပံနှင့်နည်း ပညာဝန်ကြီးဌာနအနေဖြင့် ၀န်ကြီးဌာန အောက်ရှိကျောင်းများအတွက် ပညာရေးအဆင့်မြှင့်တင်မှုစီမံကိန်းများ ပြုလုပ်ရာတွင် အစိုးရကချထားပေးသည့် ဘတ်ဂျက်ငွေကြေးပမာဏဖြင့် မလုံလောက်သောကြောင့် နိုင်ငံတကာမှ အထောက်အပံ့ အကူ အညီများရယူ ဆောင်ရွက် ရမည်ဖြစ်သည်ဟု ဆိုခြင်းဖြစ်သည်။

သိပံ္ပနှင့်နည်းပညာဝန်ကြီးဌာန၀န်ကြီး ဒေါက်တာကိုကိုဦးက “ပညာရေးအဆင့်မြှင့်တင်မှုစီမံကိန်းတွေမှာ အစိုးရရဲ့ ဘတ်ဂျက်နဲ့ဆို မလောက်ပါဘူး။ ဒါကြောင့် နိုင်ငံခြားအကူအညီတွေယူပြီး ပူးပေါင်းဆောင်ရွက်နေတာတွေ အများကြီး ရှိပါတယ်”ဟု ဆိုသည်။

ထို့ပြင် ရန်ကုန်နှင့် မန္တလေးရှိ အဆင့်မြင့်နည်းပညာတက္ကသိုလ်နှစ်ခုတွင် ပညာရေးအဆင့်မြှင့်တင်မှုများ ပြုလုပ်မည့် စီမံကိန်းအတွက် ဂျပန်နိုင်ငံရှိ ကျိုတိုတက္ကသိုလ်၊ ချီဘာတက္ကသိုလ၊် နီဂါတာတက္ကသိုလ်၊ ကာနာဇာဝါ တက္ကသိုလ်၊ အိုကာယာမတက္ကသိုလ်၊ နာဂါ စာကီတက္ကသိုလ်နှင့် ကူမာမိုတိုတက္ကသိုလ်တို့နှင့်လည်း ပူးပေါင်းဆောင်ရွက်မည်ဖြစ်သည်။ ထိုစီမံကိန်းအတွက် ဂျပန်နိုင်ငံမှ အမေရိကန်ဒေါ်လာ ၁၃ သန်းကျော် ထောက်ပံ့မှုရရှိမည်ဖြစ်သည်။

ဝန်ကြီးက “လက်ရှိမှာတော့ အမေရိကန်ဒေါ်လာ ၃၇ သန်းကျော် ထောက်ပံ့မှုရရှိထားပါပြီ။ နောင်နှစ်တွေမှာလည်း ပညာရေးအဆင့်မြှင့်တင်မှုစီမံကိန်းအတွက် အကူအညီရနိုင်ဖို့ မျှော်လင့်ပါတယ်။ လာမယ့်နှစ်မှာ ဒီ့ထက် နှစ်ဆလောက်တိုးပြီး အကူအညီရအောင်လုပ်သွားမယ်။ နိုင်ငံတကာရဲ့ ရင်းနှီးမြှုပ်နှံမှုရရှိအောင်လုပ်ပြီး တက္ကသိုလ်တွေကို လည်း နိုင်ငံတကာအဆင့်မီတက္ကသိုလ် စာရင်းဝင်ဖြစ်အောင် လုပ်သွားမှာပါ” ဟု ဆိုသည်။

သိပံ္ပနှင့်နည်းပညာဝန်ကြီးဌာနအနေဖြင့် လက်ရှိဆောင်ရွက်သွားမည့် ပညာရေး အဆင့်မြှင့်တင်မှု စီမံကိန်းနှစ်ခုရှိပြီး ယင်းစီမံကိန်းများမှာ ဂျပန်နိုင်ငံတက္ကသိုလ်များနှင့် ပူးပေါင်းကာ ရန်ကုန်နှင့် မန္တလေးရှိ အဆင့်မြင့် နည်းပညာ တက္ကသိုလ်နှစ်ခုတွင် ပညာရေးမြှင့်တင်မှုစီမံကိန်းနှင့် အိနိ္ဒယနည်းပညာ တက္ကသိုလ် တစ်ခုနှင့်ပူးပေါင်းကာ သတင်း အချက်အလက်နှင့်နည်းပညာသင်တန်းကျောင်း တစ်ခုဖွင့်လှစ်သင်ကြား မည့် စီမံကိန်းများ ဖြစ်သည်။

ရန်ကုန်နည်းပညာတက္ကသိုလ်ရှိ ပါမောက္ခတစ်ဦးက “ဒီစီမံကိန်းနှစ်ခုစလုံးကတော့ ငါးနှစ်စီမံကိန်းတွေ ချည်းပဲ။ အိန်္ဒိယနဲ့ပေါင်းဖွင့်မယ့် သတင်းအချက်နည်းပညာ ကျောင်းကလည်း နိုင်ငံတကာအဆင့်မီ ကျောင်းဖြစ်လာဖို့ ရည်ရွယ်ထားတယ်။ အဲဒီစီမံကိန်းမှာ အစိုးရက ကျောင်းဆောက်ပေးပြီးတော့ သင် ရိုးညွှန်းတမ်း၊ စက်ပစ်္စည်းတွေ နဲ့ သင်ကြားရေးပိုင်းတွေကိုတော့ အိနိ္ဒယနိုင်ငံက တာဝန်ယူသင်ကြားပေး မှာပါ”ဟု ဆိုသည်။

ထို့ပြင် ရန်ကုန်အဆင့်မြင့်နည်းပညာတက္ကသိုလ်အတွင်းရှိ ကျောင်းဆောင်သစ် တိုးချဲ့ဆောက်လုပ်ရန် အတွက်လည်း အလှူငွေ ကျပ်သိန်း ၁၀,၀၀၀ ကျော်ကိုလည်း ရရှိထားပြီး အဆိုပါကျောင်းဆောင်သစ် ဆောက်လုပ်ရန် အတွက်ကျောင်းဆောင်သစ်အဆောက်အအုံ ပန္နက်တင်အခမ်းအနားကို အောက်တိုဘာ ၄ ရက်က ပြုလုပ်ခဲ့သည်။ 

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here