Monday, October 7, 2013

သမ္မတဖွဲ့ပေးသော ဆပ်ကော်မတီ မကွေးသို့ လာရောက်စဉ် ဒေသခံများမှ အချက်၂၅ ချက် တောင်းဆို

0 comments

7.10.2013


မကွေးမြို့သို့ ပို့ဆောင်ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးဆပ်ကော်မတီမှ ဒု-၀န်ကြီးသုံးဦး လာရောက်စဉ် ရပ်မိ ရပ်ဖများက ကျေးလက်မီးလင်းရေး၊ လေယာဉ်လိုင်းပြေးဆွဲရေးအပါအ၀င် လိုအပ်ချက် ၂၅ ခုကို တောင်းဆိုခဲ့ကြ သည်။

အောက်တိုဘာလ ၅ ရက်က မကွေးမြို့၊ ကမ်းနားလမ်း နန်းထိုက်သူဟိုတယ်တွင် ဆောက်လုပ်ရေး ဒုတိယ၀န်ကြီး ဦးစိုးတင့်၊ ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန ဒု-၀န်ကြီး ဦးဝင်းသန်းနှင့် မီးရထားပို့ဆောင်ရေး ဒု-၀န်ကြီး ဦးမြင့်သန်းတို့သည် တိုင်းအစိုးရအဖွဲ့မှ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ တိုင်းလွှတ်တော် ကိုယ်စားလှယ် များ၊ မြို့မိမြို့ဖများနှင့် တွေ့ဆုံစဉ် တောင်းဆိုခဲ့ခြင်းဖြစ်သည်။

ထိုတောင်းဆိုချက်များတွင် မကွေးမြို့၌ လေယာဉ်ကွင်းရှိသော်လည်း လေကြောင်းလိုင်းပြေးဆွဲခြင်း မရှိခြင်း၊ကျေးလက်မီးလင်းရေးအတွက် ချောက်မြို့နယ် ပခန်းငယ်မြစ်ရေတင်စီမံကိန်းအတွက် သွယ်တန်းထားသော လျှပ်စစ်လိုင်းမှတစ်ဆင့် မီးသွယ်တန်းခွင့်ပြုရန်၊ တယ်လီဖုန်းလိုင်းများကောင်းစေရန်၊ မကွေးမြို့နယ် အတွင်းရှိကျေးရွာများအချင်းချင်း ဆက်သွယ်သွားလာမှုကို လမ်းတံတားဂိတ်များတွင် တန်ပိုချိန် တွယ်ကာ အခွန်ပေးဆောင် ရခြင်းကိစ္စများ စသည်တို့ကို တင်ပြတောင်းဆိုခဲ့သည်။

ထိုသို့ မေးမြန်းမှုများ၊ တောင်းဆိုမှုများကို သက်ဆိုင်ရာဝန်ကြီးများက ပြန်လည်ဖြေကြားကာ ဖြေရှင်းပေးခဲ့သည်။ သို့သော် လေယာဉ်လိုင်းပြေးဆွဲပေးရန်ကိစ္စကိုမူ ချက်ချင်းမဖြေနိုင်သေးဘဲ ပို့ဆောင်ရေးဝန်ကြီးမှာ ဒု-သမ္မတနှင့် အတူ ဘယ်လ်ဂျီယံနိုင်ငံတွင် ရောက်ရှိနေသောကြောင့် ပြန်လာသောအခါမှသာ တင်ပြ ပေးမည်ဖြစ်ကြောင်းဆောက်လုပ်ရေးဝန်ကြီးဌာန ဒု-၀န်ကြီးဦးစိုးတင့်က ပြန်လည် ဖြေကြားခဲ့သည်။

“ကျွန်တော်တို့က အခု ဒီမှာလာပြီး ပြောတယ်ဆိုတာ တစ်ခါတည်း လာပြီး ပြန်သွားတာပဲလို့ မထင်ကြပါ နဲ့၊နောက်လည်း ထပ်လာပါဦးမယ်။ ယနေ့တွေ့ဆုံပွဲမှာ ကိုယ်စားလှယ်ခုနစ်ဦးက မေးခွန်း၂၅ခု၊ မေးမြန်းတာကို ကျွန်တော်တို့ ၀န်ကြီးဌာနသုံးခုနဲ့ သက်ဆိုင်တာတွေကို ချက်ချင်း ဖြေဆို ဆောင်ရွက်ပေးနိုင်တာတွေ ဆောင်ရွက်ပေးခဲ့ပါတယ်”ဟု ဒု-၀န်ကြီး ဦးစိုးတင့်က ပြောကြားခဲ့သည်။

ကျန်မေးခွန်းများကိုမူ သမ္မတဖွဲ့စည်းပေးထားသော သက်ဆိုင်ရာဆပ်ကော်မတီ၂၆ ခုကို တင်ပြပေးမည် ဟုပြောခဲ့သည်။ အဆိုပါဝန်ကြီးသုံးဦးသည် ပို့ဆောင်ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးဆပ်ကော်မတီ အဖွဲ့ခေါင်းဆောင်များအနေဖြင့် လာရောက်ခြင်းဖြစ်သည်။

ပြည်ထောင်စုအစိုးရအဖွဲ့မှ ဒု-၀န်ကြီးများသည် ဥက္ကဋ္ဌအဖြစ်တာဝန်ယူကာ ဖွဲ့စည်းထားသည့် ဆပ်ကော်မတီ ၂၆ ခုအား ပြည်သူကို ဗဟိုပြုကာ ကွင်းဆင်းလေ့လာပြီး အစိုးရအဖွဲ့သို့ ပြန်လည်တင်ပြရန် နိုင်ငံတော်သမ္မတက ဖွဲ့စည်းပေးထားခြင်း ဖြစ်သည်။

ထို့အပြင် လွှတ်တော်ကိုယ်စားလှယ်များနှင့် အစိုးရဌာနကိုယ်စားလှယ်များ ဥပဒေပြုခြင်းအပါအ၀င် အစိုးရဌာန လုပ်ငန်းများအား ဆွေးနွေးမှုများကို ပြန်လည်တင်ပြရာတွင် ဌာနကိုယ်စားလှယ်များအနေဖြင့် အားနည်းချက်များ ရှိနေသောကြောင့် ထိုသို့ ကော်မတီများဖွဲ့စည်းကာ တာဝန်ပေးအပ်ခြင်းဖြစ်ကြောင်းလည်း သမ္မတနှင့် ဆပ်ကော်မတီမှ ကိုယ်စားလှယ်များ စက်တင်ဘာလ ၂၇ ရက် တွေ့ဆုံရာတွင် သမ္မတက ပြောကြားခဲ့သည်။

Mizzima - News in Burmese 

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here