Saturday, October 19, 2013

ပန်းတိုင်လား၊ မှတ်တိုင်လား

0 comments

ပိုင်းလော့ဆရာတော်ကြီးရဲ့ တရားတစ်ပုဒ်ထဲမှာ ကိုယ်ဖြစ်ချင်တာတွေ ချက်ချင်းဖြစ်မလာတဲ့အခါ ဒေါသဖြစ်တတ်၊ ပူပန်တတ်တဲ့ လူ့သဘာဝအကြောင်း ထည့်ဟောသွားပါတယ်။ စိတ်ကို အေးချမ်းငြိမ်သက်ချင်ရင် အချိန်ရွှေ့ထားပါတဲ့။ ဥပမာအားဖြင့် ကိုယ်ဝန်ဆောင် အမျိုးသမီးက မီးဖွားခါနီး ဗိုက်နာလို့အော်လေလေ၊ မိသားစုက ပျာယာခတ်လေလေပေမဲ့ ၀မ်းဆွဲဆရာမကြီးကတော့ လ္ဘက်ရည်သောက်မပျက်၊ အပြုံးမပျက်ပါဘူးတဲ့။ လုပ်ပါဦးဆရာမကြီးရဲ့လို့ အတင်းအကြပ်တောင်းဆိုမှုတွေကိုလည်း အေးအေးသာသာတုန့်ပြန်ပါသတဲ့။ အချိန်တန်လို့ ကလေးမွေးဖွားပြီးရင် ပြုံးပျော်နေကြမှာ ကြိုသိထားတဲ့အတွက်ကြောင့် သွေးအေးနိုင်တာပါ။ ဒါကိုထောက်ပြပြီး ဆရာတော်ကြီးက အချိန်ရွှေ့ထားလိုက်လို့ ဆုံးမသွားပါတယ်။

ဒီနေ့မြန်မာပြည်ရဲ့ အခြေအနေကလည်း မီးဖွားခါနီး ကိုယ်ဝန်ဆောင်နဲ့များ တူနေမလားလို့ပါ။ ဟိုကအော်၊ ဒီကဆူနဲ့ ငရဲပွက်သလို ကျီးလန့်စာစားဖြစ်နေကြတဲ့ ပြည်သူတွေ။ ဒီအထဲမှာ ရင်းနှီးတဲ့ မိတ်ဆွေတစ်ယောက်က ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတမ ဖြစ်စေချင်ဘူးလို့ ဆိုလာပါတယ်။ အစိုးရ၀န်ကြီးဌာနများရဲ့ စွမ်းဆောင်ရည်ကို ထဲထဲဝင်ဝင်၊ နှိုက်နှိုက်ချွတ်ချွတ်သိလာပြီးတဲ့နောက် အပေါ်ကဘယ်လိုပြောင်းပြောင်း၊ အောက်ကလိုက်ပြောင်းဖို့ ဘယ်လောက်ခက်တယ်ဆိုတာကို ရှင်းပြလေရဲ့။ ဟုတ်ပါတယ်။ မိတ်ဆွေပြောသမျှ ငြင်းစရာတစ်ကွက်မှကို မရှိပါ။ ကျွန်မတို့ရဲ့ ပတ်ဝန်းကျင်ကို လှည့်ကြည့်လိုက်ရင် လာဘ်စားနေကျ ၀န်ထမ်းတွေရယ်၊ လာဘ်ပေးနေကျ စီးပွားရေးသမားတွေရယ်၊ ကြက်တူရွေးကျက်ကျက်နေတဲ့ ကျောင်းသားတွေရယ်၊ မျက်လုံးကလယ်ကလယ်ဖြစ်နေတဲ့ ဆရာမတွေရယ်၊ ချဲတွက်နေတဲ့ ဆိုက်ကားသမားတွေရယ်၊ နေ့ပြန်တိုးပိနေတဲ့ လမ်းဘေးဈေးသည်တွေရယ်၊ ခေါက်ရိုးကျိုးနေကျအတိုင်းပါပဲ။ ဒီနေ့လည်း ဒီအတိုင်း၊ နောက်နေ့လည်း ဒီအတိုင်း။ ရုပ်သံထဲမှာ၊ အင်တာနက်ထဲမှာ၊ ဂျာနယ်ထဲမှာ ပြောနေကြတဲ့အပြောင်းအလဲဆိုတာကို ဒီလူတွေကို သွားမေးကြည့်ရင် ဘာလဲဟင်လို့ ပြန်မေးကြမှာပဲ။

ဒီလိုအခြေအနေမျိုးမှာ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရင် ဘယ်လိုပြောင်းနိုင်ပါ့မလဲဆိုတဲ့ မေးခွန်းဟာ သဘာဝကျလှပါတယ်။ မေးလည်း မေးထိုက်ပါတယ်။ စိုးရိမ်စိတ်နဲ့သော်လည်းကောင်း၊ ပူပန်စိတ်နဲ့သော်လည်းကောင်း ပေါ်လာတဲ့မေးခွန်းပါပဲ။ ကျွန်မအမေဟာ ဒေါ်အောင်ဆန်းစုကြည်ထက် တစ်နှစ်ကြီးပါတယ်။ အငြိမ်းစားယူခဲ့တာ ၅ နှစ်ကျော်ပါပြီ။ ဘုရားသွား၊ ကျောင်းတက်၊ လေ့ကျင့်ခန်းပုံမှန်လုပ်ပြီး အေးအေးငြိမ်းငြိမ်းနေရတဲ့ဘ၀မှာတောင် မတ်တတ်နာဆိုတာတော့ ရှိနေပါပြီ။ ဒေါ်အောင်ဆန်းစုကြည်သာ ကျွန်မရဲ့အမေဆိုရင် ဘယ်သူ့ကိုမှ ပေးမတွေ့ပဲ ဖွက်သိမ်းထားမိမှာပဲလို့ မကြာခဏတွေးမိပါတယ်။ ဘုရားသွား၊ ကျောင်းတက်ဆိုတာ ဒီအမျိုးသမီးကြီးရဲ့ဘ၀မှာ ဘယ်တော့များမှ ကြုံရ၊ ဆုံရပါ့မလဲ။ အိုးပစ်၊ အိမ်ပစ်၊ မိသားစုကို ပစ်ရဲတဲ့ သတ္တိမျိုး မွေးကြည့်ဖို့ နေနေသာသာ တွေးတောင်မတွေးရဲပါ။

တိုင်းပြည်တစ်ပြည်မဆိုထားနဲ့၊ လူတစ်ယောက်ချင်းရဲ့ အမူအကျင့်ကို ပြောင်းပစ်ဖို့ရာတောင် အချိန်အင်မတန်ယူရတတ်ပါတယ်။ ကျွန်မသမီး လက်သည်းတွေကို ဖဲ့တတ်တယ်။ သူ့ကိုမလုပ်ဖို့ပြောနေတာ ၃ နှစ်ရှိပြီ၊ မအောင်မြင်သေးဘူး။ ဆေးလိပ်သမား တွေပိုသိမယ်။ ဆေးလိပ်ဖြတ်ဖို့ဘယ်လောက်ခက်။ ဒီလို အသေးအဖွဲလေးတွေအတွက်တောင် မလွယ်တာ တစ်တိုင်းပြည်လုံး သန်း ၆၀ စာဆိုရင် ………………………..။

ကိုယ့်တစ်ယောက်စာဆိုရင်တော့ အခြေခံဥပဒေ ပုဒ်မ ၅၉ (စ) တစ်ခုထဲကို ပြင်ပေးလိုက်ပြီး ရော့ ဒေါ်အောင်ဆန်းစုကြည် သမ္မတလုပ်ကြည့်စမ်းပါလို့ ထိုးပေးလိုက်မှာကိုတောင် ကြောက်မိပါတယ်။ အိမ်သာပျက်ကို အုပ်ချုပ်ရသလိုဖြစ်လိမ့်မယ်လို့ ၂၀၀၆ ခုနှစ်ကတည်းက သူငယ်ချင်းတစ်ယောက်က မှတ်ချက်ချခဲ့တာကို အမှတ်ရနေမိလို့ပါ။ ဒါကြောင့်လည်း ကိုယ့်အမေသာဆိုရင် ဖွက်ထားချင်မိတာ။

လက်ရှိသမ္မတကြီးဦးသိန်းစိန်ကိုပဲ ကြည့်ပါဦး။ နိုင်ငံတကာသွားရတယ်၊ အောက်ကျို့ခံရတယ်။ အကြွေးလျော်ဖို့ပြောရတယ်၊ အကြွေးချေးဖို့ပြောရတယ်။ ဟိုဘက်ကပြန်တောင်းဆိုတာတွေကို လိုက်လျောချင်ချင်၊ မလိုက်လျောချင်ချင် သဘောတူရတယ်။ တကယ်တော့ ရုပ်ပြကောင်းရုံ စင်ပေါ်တင်ပေးထားတာပါပဲ။ ရိုးသားမှုရဲ့ ဂုဏ်၊ တာဝန်ထမ်းဆောင်ခဲ့စဉ် တစ်လျှောက်လုံး နာမည်ပျက်မရှိခဲ့တဲ့ ဂုဏ်တွေက သမ္မတကြီးရဲ့ မျက်နှာပေါ်မှာ ရှိနေပြီး ဒါကို ကြံ့ခိုင်ရေးပါတီထဲက တခြားဘယ်သူမှ မျက်နှာဖုံးငှားစွပ်လို့လည်း မရဘူးလေ။

တကယ်တမ်းတိုင်းပြည်ထဲက ဘာသာရေးမီးလောင်မှုတွေမှာ နောက်ကွယ်ကကြိုးကိုင်သူတွေရှိနေပါတယ်လို့ သမ္မတကြီး ကိုယ်တိုင်ထုတ်ပြောထားတယ်။ ဖမ်းပေးနိုင်လားဆိုတော့ မဖမ်းပေးနိုင်ဘူး။ အဆွယ်အပွား၊ ကိုင်းဖျားလောက်သာခုတ်နိုင်တယ်။ ပင်စည်ကိုတော့ ထိမရဘူး။ သံတွဲအမှုကသက်သေပါပဲ။ မြန်မာပြည်မှာ သမ္မတထက် ဓါးထက်သူများရှိနေတယ်ဆိုတာ အားလုံးသိကြတယ်။ ဘာမှလုပ်မရဘူး။ တိုင်းသူပြည်သားတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ဖို့ တာဝန်အရှိဆုံး ပြည်ထဲရေးဝန်ကြီးဌာနဟာ သမ္မတရဲ့ လက်အောက်မှာ ရှိမနေဘူး။ ပြည်ထဲရေးဝန်ကြီးဟာ သမ္မတရဲ့ အမိန့်ထက် ကာကွယ်ရေး ဦးစီးချုပ်ရဲ့ သစ္စာကိုသာခံပါတယ်။ စစ်တပ်ကလည်း သမ္မတအုပ်ချုပ်တာမဟုတ်ဘူး။ တိုင်းရင်းသားလက်နက်ကိုင်တွေကလည်း သမ္မတသြဇာနဲ့ လားလားမှ မဆိုင်။ ဒီလိုအနေအထားမျိုးမှာ သမ္မတဆိုတာ နိုင်ငံတကာဆက်ဆံရေးအတွက် ပြယုဒ်တစ်ခုထက် ဘာများပိုပါသလဲ။

ဒါကြောင့်လည်း ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရင် ကွဲမှာပဲဆိုတဲ့ မှတ်ချက်တစ်ခုထွက်လာတာ မဆန်းလှပါဘူး။ ဟုတ်ကဲ့၊ အိမ်သာပျက်ရဲ့ ပိုင်ရှင် သခင်မလောက်တော့ ဖြစ်မပေါ့လေ။ နားထောင်မကောင်းတာတော့ မတတ်နိုင်။ဒါဆို ဒီလိုပဲ လက်လျှော့ ရတော့လေမလား။ မွေးခါနီး ကိုယ်ဝန်ဆောင်ကို အခြေအနေမဟန်သေးလို့ အောင့်ထားပါဦးလို့ တောင်းပန်လို့ရလေသလား။

အမေရိကန်တို့ရဲ့ ဒီမိုကရေစီသမိုင်းကို ပြန်ကြည့်လိုက်ရင် ကျွန်စနစ်ကို တိုက်ဖျက်ဖို့ စစ်ဆင်နွှဲခဲ့တဲ့ သမ္မတလင်ကွန်း၊ လူမည်းတွေ အတွက် တန်းတူအခွင့်အရေးတောင်းဆိုခဲ့တဲ့ မာတင်လူသာကင်း အပါအ၀င် အခြားအခြားသော တိုက်ပွဲဝင်သူရဲကောင်းများနဲ့ အမေရိကန်ပြည်သူများရဲ့ စိတ်ဆန္ဒကြောင့်သာ ဒီနေ့ အိုဘားမားဆိုတာပေါ်ပေါက်လာပါတယ်။ သမ္မတလင်ကွန်းကနေ ရေတွက်ကြည့်ရင် နှစ်ပေါင်း ၁၄၄ နှစ် ကြာပြီး မာတင်လူသာကင်းကနေ ရေတွက်ကြည့်ရင် ၄၁ နှစ် အကြာမှာ အာဖရိကမျိုးနွယ် အမေရိကန်ဖွား မျိုးဆက်သစ်များ စင်မြင့်ပေါ်မှာ အောင်ပွဲခံခဲ့တယ်လို့ ဆိုနိုင်တယ်။ စကြာဝတေးမင်းနီးပါး သြဇာရှိတဲ့ရာထူးနော်။

ကျွန်မတို့ရဲ့ နိုင်ငံမှာလည်း ဗိုလ်မင်းရောင်ကစလို့ ဗိုလ်ချုပ်အောင်ဆန်း၊ ဦးဘ၀င်း၊ ဒေါ်ခင်ကြည်၊ ဒေါ်အောင်ဆန်းစုကြည်ရယ်လို့ မျိုးဆက် ၃ ဆက်လုံးလုံး ဒီမြေ၊ ဒီရေ၊ ဒီလူတွေအတွက် ပေးဆပ်ခဲ့သူတွေကို ပုခုန်းချင်းယှဉ်နိုင်သူရှိရင် ပြပါလေ။ အသက်ကို စွန့်ချင်စွန့်ရပါစေ၊ ငွေကြေးအတွက်၊ အာဏာအတွက် ဘယ်တုန်းကများ ဦးထိပ်ထားခဲ့ပါသလဲ။ တိုင်းပြည်အပေါ်သစ္စာမဖောက်လို့ သွေးသောက်ခဲ့ခြင်းမရှိတာတောင် ကျရာတာဝန်ပျက်ကွက်ခဲ့ခြင်း မရှိကြသူတွေ။

၂၀၁၅ မှာ ဒေါ်အောင်ဆန်းစုကြည်သမ္မတဖြစ်ခဲ့ရင် လုပ်ပိုင်ခွင့်တွေနည်းတယ်ဆိုတာမှန်ပါတယ်။ အောက်ခြေပြောင်းလဲရေးတွေကို ခက်ခက်ခဲခဲလုပ်ရလိမ့်မယ်၊ လက်နက်ကိုင်များအပေါ် အာဏာမရှိတဲ့အတွက် ပြည်တွင်းရေးမတည်မငြိမ်ဖြစ်နိုင်တယ်ဆိုတာလည်း သိပါတယ်။ လူထုကမျှော်လင့်နေတဲ့ တိုးတက်ဖွံ့ဖြိုးရေးကို ဟယ်ရီပေါ်တာလို တုတ်တစ်ချောင်းနဲ့ နေ့ချင်းညချင်း ဆောင်ကျဉ်း ပေးနိုင်မှာမဟုတ်ဘူးလို့လည်း အာမခံနိုင်တယ်။ အဲဒီအခါမှာ မျှော်လင့်သလိုဖြစ်မလာလို့ စိတ်ဆန္ဒဇောကြီးနေတဲ့ လူထုက စိတ်ပျက်ကြမယ်၊ ရှူံ့ချကြမယ်၊ ကဲ့ရဲ့ကြမယ်ဆိုတာလည်း ဖြစ်နိုင်ချေအများကြီးရှိကြောင်း လက်ခံပါတယ်။

ဒါပေမဲ့လည်း ၀မ်းဆွဲဆရာမကြီးရဲ့ စိတ်ထားမျိုးကို ဒေါ်အောင်ဆန်းစုကြည်မွေးမြူထားတယ်ဆိုတာ တစ်နေ့တစ်ခြားသိသာလှတယ်။ အပြုံးမှ မပျက်တာ။ ဒေါ်အောင်ဆန်းစုကြည်သာ သမ္မတဖြစ်လာရင် ဒီတိုင်းပြည်မှာ သီလ၊ ပညာနဲ့ ပြည့်စုံသူတစ်ယောက် ထိပ်ရောက်နိုင်တယ်ဆိုတာ သက်သေပြနိုင်တယ်။ ခေတ်အဆက်ဆက် လက်သင့်ရာစားတော်ခေါ်ဝါဒသာကြီးစိုးခဲ့ရာက ကိုယ်ပိုင်အရည်အချင်းရှိရင် အိမ်ဖြူတော်ကိုလည်း သိမ်းပိုက်နိုင်ကြောင်း လူထုအတွက် မျှော်လင့်ချက်ကို ပေးနိုင်တယ်။ နိုင်ငံတကာမှာရောက်နေတဲ့ ပညာတတ်တွေကို အမိမြေမှာ ရောင်စုံပန်းတွေပွင့်နေပြီဖြစ်ကြောင်း သတင်းစကားပါးနိုင်တယ်။ လာလှည့်၊ ကူလှည့်ပါလို့ ဖိတ်ခေါ်စရာမလိုပဲ အိမ်ပြန်ကြမယ့်သူတွေ များလာနိုင်တယ်။ ငါတို့ သမ္မတကြီးပေါ့လို့ တစ်သက်လုံးအောက်ကျခံခဲ့ရတဲ့ နိုင်ငံခြားသားတွေရှေ့မှာ မျက်နှာမော့နိုင်မယ်။ ပြုပြင်ပြောင်းလဲရေးဆိုတာ တကယ်ပါလားလို့ ကမ္ဘာက လက်ဖျားခါသွားနိုင်တယ်။ အိမ်နီးချင်းပေါက်ဖော်တွေကို မနာလိုစိတ်နဲ့ ပါးစပ်ဟသွားအောင်လုပ်နိုင်မယ်။ နိုင်ငံခြားရင်းနှီးမြှပ်နှံမှုဆိုတာကတော့ မလိုချင်လွန်းလို့ ခါချယူရမယ်။ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ဒေသခံများကို အပြည့်အ၀စောင့်ရှောက်ရေးဆိုတာတွေက စာအုပ်ထဲတင်မဟုတ်တော့ပဲ ကွင်းထဲရောက်လာမယ်။

အားလုံး အားလုံးထက် အဓိကအကျဆုံးကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ Moral authority လို့ခေါ်တဲ့ လူထုအတွက် စိတ်ဓါတ်ခွန်အားပါပဲ။ နှစ် ၅၀ စာကို ၅ နှစ်အတွင်း ပြန်ကောက်တင်နိုင်မယ်။ စံပြုရသူက သီလပြည့်စုံတဲ့အခါ သီလပျက်နေတဲ့ လူများစုကို ပိုဆုံးမလို့ လွယ်လာမယ်။ ဗုဒ္ဓဘာသာထောင့်ကပြန်ကြည့်ရင် မင်းကောင်းမင်းမြတ်တက်လာတိုင်း နိုင်ငံကလည်း စည်ပင်သာယာဝပြောသတဲ့။

အခုဘယ်လောက်စိတ်ညစ်ရသည်ဖြစ်စေ၊ တစ်ချိန်မှာ ပျော်မြူးနိုင်ခွင့်တွေရှိနေပါတယ်။ ၁၀ နှစ်လည်းဖြစ်နိုင်တယ်၊ နှစ် ၃၀ လည်းဖြစ်နိုင်တယ်။ ဒီထက်လည်း ကြာနိုင်တယ်။ မနက်ဖြန်တော့ မဟုတ်ပေဘူး။ ရိုးရိုးစင်းစင်းပြန်ကြည့်ရင် လင်ကွန်းနဲ့ မာတင်လူသာကင်းမရှိပဲ အိုဘားမားမရှိနိုင်။ ဗိုလ်ချုပ်အောင်ဆန်းမရှိပဲ မြန်မာပြည်လွတ်လပ်ရေးမရှိနိုင်။ ဒေါ်အောင်ဆန်းစုကြည် သမ္မတမဖြစ်ပဲ …………………………။

ကိုမင်းကိုနိုင်ပြောဖူးတဲ့ စကားတစ်ခွန်းကို ပြန်သုံးချင်ပါတယ်။

၂၀၁၅ ဟာ ပန်းတိုင်မဟုတ်ပါဘူး။

ဖြတ်သွားရမယ့် မှတ်တိုင်တစ်ခုပါ တဲ့။

သန္တာဝင်း
(၁၆.၁၀.၁၃ )

နိုင်ငံ့ရေးရာ လေ့လာသုံးသပ်ချက်များ စုစည်းမှူ 

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here