Friday, May 9, 2014

KIA ထောင်ထားသည့် မိုင်းတစ်လုံး နင်းမိပေါက်ကွဲရာ ဒေသခံ တစ်ဦး ပြင်းထန်စွာ ဒဏ်ရာရရှိ

0 comments
9.5.2014

ရှမ်းပြည်နယ် မြောက်ပိုင်း၊ နမ့်ခမ်းမြို့အထွက် နမ့်ခမ်း-မန်ဝိန်းကြီးသွား ကားလမ်းဘေးတွင် မေ ၆ ရက် ညနေ ၄ နာရီခွဲခန့်တွင် ကချင်လွတ်လပ်ရေး တပ်မတော်(KIA) အဖွဲ့ ထောင်ထားသည့် မိုင်းတစ်လုံး နင်းမိပေါက်ကွဲခဲ့ ရာ ဒေသခံ တစ်ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း ယင်းဒေသခံများထံမှ သိရသည်။

အဆိုပါဖြစ်စဉ်မှာ နမ့်ခမ်းမြို့၊ အောင်မေတ္တာရပ်ကွက်နေ ဦးစိုင်းအောင်ညွန့် (၅၁)နှစ်သည် လယ်စိုက် ပျိုးရန်၊ ရွှေလီကြိုးတံတားဘက်သို့ ဆိုင်ကယ်ဖြင့် ထွက်လာစဉ် မြို့အထွက် ကားလမ်းမဘေး ဘယ် ဘက်ခြမ်း ၌ မိုင်း တစ်လုံးအား နင်းမိပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း မြို့ခံတစ်ဦးက ပြောသည်။

“ မြို့အထွက်မှာ မိုင်းကွဲတာဆိုတော့ မြို့သူမြို့သားတွေ အတော်လန့်သွားကြတယ်၊ မြို့ထဲမှာလည်း မိုင်းခဏ ခဏကွဲနေတော့ စိုးရိမ်စရာအနေအထားဖြစ်လာတာပေါ့၊ ကြာလာရင် ဒီ့ထက်ပိုဆိုးလာပြီး မြို့သူ မြို့သားတွေ အတွက် အရမ်းကို အန္တရာယ်များပါတယ် ” ဟု မြို့နယ်ပြည်သူ့ဆေးရုံမှ ဆရာဝန်တစ်ဦးက ဆိုသည်။

KIA မှ ထောင်ထားသော မိုင်းများအား ဒေသခံပြည်သူအချို့ နင်းမိပေါက်ကွဲမှုကြောင့် နမ့်ခမ်းမြို့ ပြည် သူ့ ဆေးရုံ၌ ဆေးဝါးကုသမှု ခံယူနေရပြီး ယနေ့အချိန်ထိ မိုင်းထောင်မှုများကို မတားဆီးနိုင် သလို ဒေသခံများ၏ လုံခြုံရေးကိုလည်း အကာအကွယ်မပေးနိုင်ကြောင်း မြို့နယ်လွှတ်တော် အမတ်တစ်ဦးက ပြောကြားသွားသည်။

အေပြီ ၃၀ ရက် နံနက် ၁၀ နာရီခွဲခန့်တွင် မန်ဝိန်းကြီးအုပ်စု၊ နမ့်ခမ်း-မန်ဝိန်းကြီး-မန်စီ သွား ကားလမ်း၏ ညာဘက် လဂတ်တော့ကျေးရွာအနီး၌ KIA ထောင်ထားသော မိုင်းတစ်လုံး နင်းမိပေါက်ကွဲခဲ့ရာ ဒေသခံ တစ်ဦး သေဆုံးပြီး (၄)ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်။

“ ဒီနမ့်ခမ်းနဲ့ မန်ဝိန်းကြီး အစပ်က မိုင်းပေါက်ကွဲမှု ခဏခဏ ဖြစ်နေတယ်၊ တိုက်ပွဲတွေ ပြန်ဖြစ်နေတော့ KIA က မိုင်းထောင်ပြီး အစိုးရတပ်ကို လုပ်ချင်တာ နေမှာပေါ့၊ ဒါပေမယ့် ခံနေရတာက ပြည်သူတွေပါ၊ ဒီပြဿနာကို ထိထိရောက်ရောက်ဖြေရှင်းပေးသင့်တယ်၊ ဒီကြားထဲ ဟိုမသွားရ ဒီမလာရဆိုပြီး KIA က လာခြိမ်းခြောက် သေးတယ်၊ မိုင်းတွေကြောင့် မြို့သူမြို့သားအားလုံး အရမ်းကြောက်နေကြတယ် ” ဟု မြို့ခံ ဦးစိုင်းမိန်းက ပြောသည်။

KIA မှ ထောင်ထားသော မိုင်းများကြောင့် နင်းမိပေါက်ကွဲ ဒဏ်ရာ ရရှိပြီး သေဆုံးခဲ့သော ဒေသခံအများစုမှာ ရှမ်း နှင့် ခိုလုံလီရှော တိုင်းရင်းသားများဖြစ်ကြောင်း သိရှိရပါသည်။

#စိုင်းအောင်ထွန်းဦး (နမ့်ခမ်း)

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here