Friday, October 11, 2013

အခွင့်အရေးနှင့် တာဝန် ရောပြွမ်းနေသော အာဆီယံဥက္ကဋ္ဌ

0 comments


အာဆီယံအဖွဲ့ဝင် စတင်ဖြစ်ခဲ့သည့် အချိန်မှစ၍ နှစ်ပေါင်း ၁၇ နှစ်ကြာ စံချိန်တင် စောင့်ဆိုင်းခဲ့ရသော အာဆီယံ ဥက္ကဋ္ဌရာထူး ကို အောက်တိုဘာ ၁၀ ရက် (ယမန်နေ့) တွင် မြန်မာနိုင်ငံမှ လက်ခံရယူခဲ့ပြီ ဖြစ်သည်။ ဘရူနိုင်းဒါရူဆလမ် နိုင်ငံ၌ ကျင်းပသည့် (၂၃) ကြိမ်မြောက် အရှေ့တောင်အာရှ ထိပ်သီးအစည်းအဝေးတွင် အာဆီယံ ဥက္ကဋ္ဌနေရာကို ကိုယ်စားပြုသည့် အထိမ်းအမှတ် ပစ္စည်းကို လက်ခံရယူ ခဲ့ခြင်းဖြစ်ပြီး ၂၀၁၄ ခုနှစ် ဇန်န၀ါရီလတွင် အာဆီယံ ဥက္ကဋ္ဌနေရာကို စတင်တာဝန် ထမ်းဆောင် မည် ဖြစ်သည်။

၂၀၁၄ ခုနှစ်တွင် အာဆီယံ အဖွဲ့ကြီးကို ကိုယ်စားပြုသည့် ဥက္ကဋ္ဌဖြစ်လာမည့် မြန်မာနိုင်ငံ အနေဖြင့် အမေရိကန် ပြည်ထောင်စု အပါအ၀င် အနောက်အုပ်စုဝင် နိုင်ငံများ၊ တရုတ်အပါအ၀င် အာရှဒေသတွင်း အင်အားကြီး နိုင်ငံများနှင့် ဆက်ဆံရေး တိုးမြှင့်တည်ဆောက် လာနိုင်မည်ဖြစ်သည်။ ထိုသို့ နိုင်ငံတကာနှင့် ဆက်ဆံရေး တိုးမြှင့်လာနိုင်မည့် နည်းတူ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး ကဏ္ဍများတွင်လည်း မြန်မာနိုင်ငံ အနေဖြင့် အကျိုးအမြတ် တစ်စုံတစ်ရာ ရရှိလာနိုင်ရန်အတွက် တည်ဆောက် ယူလာနိုင်မည် ဖြစ်သည်။ ထို့ပြင် ဆယ်စုနှစ်ပေါင်းများစွာ နိုင်ငံတကာ အလယ်တွင် နေရာမရခဲ့သည့် မြန်မာနိုင်ငံ အနေဖြင့် ယခုလို အာဆီယံ အဖွဲ့အစည်းကြီး၏ ဥက္ကဋ္ဌအဖြစ် နေရာရလာ နိုင်သည် မှာ ဂုဏ်ယူဝမ်းမြောက် စရာလည်း ဖြစ်ပါသည်။

ကြီးမားသော စွမ်းအားနောက်တွင် ကြီးမားသော တာဝန်ယူမှု ရှိသည်ဆိုသည့် ဆိုရိုးစကား တစ်ခုအတိုင်းပင် မြန်မာနိုင်ငံ အနေဖြင့် အာဆီယံအဖွဲ့ ဥက္ကဋ္ဌရာထူး ရယူ ရသည့်အတွက် စွမ်းအားနှင့် အခွင့်အရေးများ ရှိလာမည့်နည်းတူ ကြီးမားသည့် တာဝန်ဝတ္တရား များလည်း ရှိလာမည်ဖြစ်သည်။ ဥပမာအားဖြင့် အာဆီယံဥက္ကဋ္ဌ မြန်မာနိုင်ငံသည် အာဆီယံ အဖွဲ့နှင့် နိုင်ငံ တကာ အဖွဲ့အစည်းများအကြား ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက် မှုများကို တာဝန်ယူ ဦးဆောင်ရတော့ မည် ဖြစ်သလို အမေရိကန် ဦးဆောင်သည့် အနောက်အုပ်စုနှင့် ဒေသတွင်း အင်အားကြီး တရုတ်နိုင်ငံတို့အကြား အင်အားချိန်ခွင်ကိုလည်း သတိကြီးစွာ ထိန်းညှိဆက်ဆံ ပေးရမည်ဖြစ်သည်။ ထို့ထက် အရေးကြီးဆုံးမှာ အာဆီယံဥက္ကဋ္ဌ ရာထူးကို ရယူမည့် မြန်မာနိုင်ငံ အနေဖြင့် နိုင်ငံတကာ အလယ်တွင် ဂုဏ်သိက္ခာ ကျဆင်းစရာများ ဖြစ်နေသော ပြည်တွင်းစစ်၊ လူမျိုးရေး ပဋိပက္ခ၊ အဂတိလိုက်စားမှု ကြီးမားနေမှု အစရှိသည့် နိုင်ငံတွင်း ပြဿနာများကို ပြေလည်အောင် ဦးစွာဖြေရှင်း ရမည်ဖြစ်သည်။ ထိုသို့ နိုင်ငံတွင်း အရေးကိစ္စများကိုပင် ပြေလည်အောင် ဖြေရှင်းနိုင်ခြင်း မရှိပါက ပိုမိုကြီးမားသည့် နိုင်ငံတကာ အရေးကိစ္စများကို ဖြေရှင်းရတော့မည့် မြန်မာနိုင်ငံ၏ အာဆီယံ ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင် နိုင်စွမ်းအပေါ် ကို မေးခွန်းထုတ်စရာများ ဖြစ်လာနိုင်သလို မြန်မာနိုင်ငံမှ ပြည်သူလူထု အနေဖြင့်လည်း ပို၍၀န်ပိလာစေ နိုင်ပါသည်။

ထို့ကြောင့် လက်ရှိအစိုးရ အနေဖြင့် အာဆီယံ ဥက္ကဋ္ဌရာထူးကို လက်ခံရယူခဲ့သည့် အချိန်တွင် အခွင့်အရေးနှင့် လုပ်ပိုင်ခွင့်များကို ပြည့်ပြည့်၀၀ အသုံးချနိုင်သလို မိမိတာဝန်ယူ ထမ်းဆောင်ရမည့် ပြည်တွင်းနှင့် နိုင်ငံတကာ အရေးကိစ္စ များကိုလည်း ကျေပွန်စွာ ထမ်းဆောင်နိုင်ရန် လိုအပ်ပါကြောင်း The Daily Eleven သတင်းစာက ယူဆရေးသား အပ်ပါသည်။

အောက်တိုဘာလ ၁၁ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော်

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here