Thursday, October 10, 2013

လက်ထပ်ခြင်းနှင့် အမွေဆက်ခံမှုကို ကျောင်းသင်ခန်းစာတွင် မထည့်ရန် လွှတ်တော်ဆုံးဖြတ်

0 comments

Thursday, October 10, 2013

ယနေ့ကျင်းပသော ပြည်သူ့လွှတ်တော် အဋ္ဌမပုံမှန် အစည်းအဝေးတွင် တင်သွင်းခဲ့သည့် ၁၉၅၄ ခုနှစ် ဗုဒ္ဓဘာသာ အမျိုးသမီးများ ထိမ်းမြားလက်ထပ်မှုနှင့် အမွေဆက်ခံမှု အက်ဥပဒေကို အခြေခံပညာ အထက်တန်းကျောင်း သင်ခန်းစာများတွင် ထည့်သွင်းရန် အဆိုကို ကျောင်းသင်ခန်းစာများတွင် ထည့်သွင်း အသုံးမပြုဘဲ မှတ်တမ်းအဖြစ် သာထားရှိရန် ဆုံးဖြတ်ခဲ့ကြောင်း လွှတ်တော် ကိုယ်စားလှယ်များက ပြောကြားသည်။

ယင်းအဆိုကို အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) ပါတီဝင် ဒဂုံမြို့သစ် (မြောက်ပိုင်း) မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်တင်နွယ်ဦးက တင်သွင်းခဲ့ခြင်း ဖြစ်ပြီး အမျိုးသား ဒီမိုကရေစီပါတီသစ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က ကန့်ကွက်ခဲ့သောကြောင့် ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးနန္ဒာကျော်စွာက ယင်းသို့ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

မြန်မာအမျိုးသမီးများအတွက် အထောက်အကူ ဖြစ်စေရန်နှင့် သိရှိနားလည်နိုင်ရန် ရည်ရွယ်ကာ ယင်းအဆိုကို တင်သွင်းရခြင်း ဖြစ်ကြောင်း ဒေါ်တင်နွယ်ဦးက ဆိုသည်။

အဆိုပါ ဥပဒေပြဋ္ဌာန်းခဲ့သည့်မှာ နှစ်ပေါင်း ၅၀ ခန့်ရှိပြီ ဖြစ်သောကြောင့် ယနေ့ခေတ်စနစ်နှင့် ညီညွတ်မှု မရှိတော့သောကြောင့် အထက်တန်း ပညာရပ်များတွင် ထည့်သွင်းရန် အားနည်းချက်များ ရှိနေပြီ ဖြစ်ကြောင်း ဦးသိန်းညွန့်က ထောက်ပြ ပြောဆိုသည်။
“အင်မတန်အားနည်းတဲ့ အချက်တွေ ရှိနေပါလိမ့်မယ်။ ဒါကြောင့် ကျွန်တော် ကန့်ကွက်ပါတယ်” ဟု ဦးသိန်းညွန့်က လွှတ်တော် အစည်းအဝေးအတွင်း ပြောကြားခဲ့သည်။

၁၉၅၄ ခုနှစ်ဗုဒ္ဓဘာသာ အမျိုးသမီးများ ထိမ်းမြားလက်ထပ်မှုနှင့် အမွေဆက်ခံမှု အက်ဥပဒေကို အထက်တန်းကျောင်းများ၏ သင်ခန်းစာများတွင် ထည့်သွင်း သင်ကြားမည် ဆိုပါက နိုင်ငံတော်က အသိအမှတ် ပြုထားသော အခြားဘာသာ သာသနာ များနှင့် ခွဲခြား ဆောင်ရွက်ရာရောက်မည် ဖြစ်သောကြောင့် ကျယ်ပြန့်စွာ စဉ်းစားသင့်ကြောင်း၊ ထို့ကြောင့် လွှတ်တော်တွင် မှတ်တမ်းတစ်ခု အဖြစ်သာ ထားရှိရန် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မင်းအောင် က ထောက်ပြ ပြောဆိုသည်။

The Voice Weekly

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here