Thursday, October 31, 2013

ဆီးဂိမ်းမတိုင်မီ ဗီဇာကတ်ထုတ်ပေးရန် CB ဘဏ် ဆောင်ရွက်မည်

0 comments
31.10.2013

(၂၇)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲမတိုင်မီ ဗီဇာကတ်ကို ပြည်တွင်း၌ ကတ်ထုတ်လုပ် အသုံးပြုနိုင်ရန် ဆောင်ရွက်သွားမည်ဟု ရည်ရွယ်ထားကြောင်း CB ဘဏ်၏ အုပ်ချုပ်မှုဒါရိုက်တာ ဦးဖေမြင့်က အောက်တိုဘာ ၃၀ ရက်တွင် မဇ္ဈိမကို ပြောသည်။

လက်ရှိတွင် ဗီဇာကတ်ကို မြန်မာနိုင်ငံသားများအနေဖြင့် ပြည်တွင်းတွင် ကတ်ပြုလုပ်အသုံးပြုနိုင်ခြင်း မရှိသေးသော်လည်း ပြည်တွင်း၌ Visa Multicurrency Travel Prepaid Card ပြုလုပ်ခွင့်အတွက် ဗဟိုဘဏ် က ခွင့်ပြုထားပြီးဖြစ်သောကြောင့် ဆီးဂိမ်းပြိုင်ပွဲမတိုင်မီဆောင်ရွက်သွားရန် စီစဉ်နေခြင်းဖြစ်သည် ဟု CB ဘဏ်က ဆိုသည်။

နိုင်ငံတကာငွေပေးချေမှုကတ်ဖြစ်သော မာစတာကတ်ကိုမူ ပြည်တွင်း၌ ကတ်ပြုလုပ်နိုင်ပြီဖြစ်ပြီး ဗီဇာကတ်ထုတ်လုပ်ခွင့်ကိုမူ ပြည်တွင်းရှိဘဏ်များနှင့် ညှိနှိုင်းဆဲဖြစ်သည်ဟု ဆိုသည်။

CB ဘဏ် အုပ်ချုပ်မှုဒါရိုက်တာ ဦးဖေမြင့်က “ကျွန်တော်တို့ဘဏ်အနေနဲ့လည်း ဗီဇာနဲ့ညှိနှိုင်းနေတယ်။ ဆီးဂိမ်းမတိုင်မီ ပြည်တွင်းမှာ ကတ်ပြုလုပ်အသုံးပြုနိုင်ဖို့တော့ရှိတယ်။ အခု မာစတာကတ် ကတော့ ပြည်တွင်းမှာ ပြုလုပ်လို့ရနေပြီ။ ကတ်လုပ်တဲ့လူတွေလည်း တော်တော်များတယ်”ဟု ပြောသည်။

မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာ ငွေပေးချေမှုကတ်များကို ၂၀၁၂ အောက်တိုဘာလအတွင်းက လက်ခံသုံးစွဲနိုင်ပြီး ၂၀၁၃ အောက်တိုဘာလမှစတင်ကာ ပြည်တွင်း၌ ကတ်ထုတ်လုပ်အသုံးပြုခွင့်ရရှိလာခြင်း ဖြစ်သည်။

ဗီဇာကတ်မှ တာဝန်ရှိသူတစ်ဦးကလည်း “ဗီဇာကတ်ကိုတော့ ပြည်တွင်းမှာ ကတ်ပြုလုပ်သုံးစွဲနိုင်ဖို့ ခွင့် ပြု ချက်တော့ကျပြီ။ ပြည်တွင်းဘဏ်အချို့နဲ့ ညှိနှိုင်းဆွေးနွေးနေတယ်။ ဘယ်ဘဏ်တွေမှာ ပြုလုပ်နိုင်မ လဲဆိုတာတော့ အသေးစိတ်ပြောလို့မရသေးဘူး။ ပြည်တွင်းဘဏ်တွေက ကြေညာသွားပါလိမ့်မယ်” ဟုပြောသည်။

ပြည်တွင်း၌ထုတ်လုပ်မည့် ဗီဇာကတ်သည် ကြိုတင်ငွေပေးသွင်းသည့် Prepaid ကတ်ဖြစ်ပြီး စင်ကာပူ၊ အမေရိကန်ဒေါ်လာ၊ ယူရိုငွေများအဖြစ် ထုတ်ယူအသုံးပြုနိုင်ပြီး နိုင်ငံတကာရှိ ATM၊ အွန်လိုင်း ငွေပေးချေ မှု များ၊ Point Of Sale များတွင် အသုံးပြုနိုင်မည်ဖြစ်သည်။

၂၀၁၂ ဒီဇင်ဘာမှစတင်၍ လက်ရှိအချိန်အထိ မြန်မာနိုင်ငံတွင် ဗီဇာကတ်အသုံးပြု၍ နိုင်ငံခြားငွေပေးချေ မှုနှင့် ATM တွင် ငွေထုတ်ယူမှုများမှာ အမေရိကန်ဒေါ်လာ ၁၅ သန်းမျှရှိလာပြီဟု ဗီဇာမှ သတင်း ထုတ် ပြန်ထားသည်။ ဗီဇာကတ်ဖြင့် ပြည်တွင်းရှိ ATM ပေါင်း ၂၅၀ ကျော်တွင် ငွေထုတ်ယူနိုင်ပြီး ဆိုင်ပေါင်း ၆၀၀ ကျော်တွင် ငွေပေးချေနိုင်မည်ဖြစ်သည်။

Mizzima - News in Burmese

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here