Monday, October 14, 2013

ယူနတီဂျာနယ် အတွဲ-၂၊အမှတ်-၄၀ တွင် ဖော်ပြခဲ့ပြီးဖြစ်သော လတ်တလော Hot Issue တစ်ခုဖြစ်နေသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ အသစ်ရေးဆွဲ ရေးလား၊အဟောင်းကိုပင်ပြင်ဆင် အသုံးပြုမည်လား ၀ိဝါဒကွဲပြားနေမှုအပေါ် Myanmar Peace Centre မှဥပဒေပညာရှင် ဒေါက်တာဆလိုင်းငွန်ကျုံးလျန် ၏ ဝေဖန်ရေးသုံးသပ်ရေးသားထားသော ဆောင်းပါးဖြစ်သည်။

0 comments
14.10.2013

"သုံး၊ ပြင်၊ ပစ်"

ဒေါက်တာ ဆလိုင်း ငွန်ကျုံးလျန်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ရဲ့ နိုင်ငံရေးအခင်းအကျင်းမှာ အခုတလော အလွန်ခေတ်စားတဲ့ စကားများထဲက တစ်ခုကတော့ “၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး” သို့မဟုတ် “ဖွဲ့စည်းပုံအခြေခံဥပဒေ အသစ်ရေးဆွဲရေး” ဆိုတဲ့အချက်နှစ်ချက်လို့ ပြောရရင် မှားမယ်လို့ မထင်ပါ။ ကျွန်တော်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေပညာကို နှစ်ပေါင်းများစွာ သင်ယူလာခဲ့သူဆိုတော့ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတဲ့ စကားကိုကြားရင် မနေနိုင်မထိုင်နိုင် ဖြစ်တတ်ပါတယ်။

လက်ရှိကျင့်သုံးနေတဲ့ ကျွန်တော်တို့နိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို အမျိုးသားညီလာခံခေါ် ယူကျင်းပပြီးတော့ ၁၄ နှစ်ကြာအောင် အချိန်ယူရေးဆွဲခဲ့ကြတာ အားလုံးအသိဖြစ်ပါတယ်။ ညီလာခံ ကိုယ်စားလှယ်များ ကို ရွေးချယ်ရာမှာလည်း နိုင်ငံရေး၊ လုံခြုံရေး၊ အုပ်ချုပ်ရေး၊ လူမှုရေး နဲပ ဥပဒေရေးရာ ရှုဒေါင့်မျိုးစုံမှ လူတန်းစားအလွှာ (၈)၊ ပုဂ္ဂိုလ် တစ်ထောင်ကျော်နဲ့ တိုင်းရင်းသား ကိုယ်စားလျှယ်များ ပါဝင်ရေးဆွဲခဲ့ကြတာ ဖြစ်ပါတယ်။ ကျွန်တော် သိသလောက်ဆိုရင် လူအများဆုံး၊ အလွှာအများဆုံး ပါဝင်စေပြီး အချိန်အကြာဆုံးယူပြီး ရေးထားတဲ့ အခြေခံဥပဒေ တခုဖြစ်ပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေမှာ အခြေခံရမည့်မူ ၁၀၄ ချက်ကို အတည်ပြုပြီး ကတည်းက ကျွန်တော်လည်း တစိုက်မတ်မတ် အားနည်းချက်တွေကို ဝေဖန်ထောက်ပြလာခဲ့သလို၊ အားသာချက်တွေကိုလည်း ပြင်ပအခြေစိုက် နိုင်ငံရေး အဖွဲ့အစည်းများအကြားမှာ ထောက်ပြခဲ့သလို ဝေဖန်ခဲ့ပါတယ်။ ညီလာခံလည်းပြီး၊ မူကြမ်းလည်းထွက်လာ၊ ပြည်သူ့ဆန္ဒခံယူပွဲ ကျင်းပတဲ့ အချိန်မှာလည်း (Vote-No) ဆိုတဲ့ လှုပ်ရှားမှုတွေမှာလည်း အားပေး ပါဝင်ခဲ့ပြန်ပါတယ်။ မဲမပေးခြင်းသည် မဲပေးခွင့်ရှိသူ၏ ကိုယ်ပိုင်အခွင့် အရေးဖြစ်သည်ဆိုပြီး တဖက်စောင်းနင်းပြောဆိုမှုတွေကို မဲပေးပြီး ကန့်ကွက်ခြင်း သည်လည်း နိုင်ငံသားမဲပေးခွင့်ရှိသူ၏ ကိုယ်ပိုင် အခွင့်အရေးဖြစ်သည် ဆိုပြီး Voice of America ရဲ့ အင်တာဗျူးတခုမှာ ပြောဆိုခဲ့လို့ (No-Vote) လှုပ်ရှားသူတွေရဲ့ အမြင်မကြည်ခြင်းကိုလည်း ခံခဲ့ရပါတယ်။ဖွဲ့စည်းပုံအခြေခံဥပဒေ (မူကြမ်း) ကို ပြည်သူ့ဆန္ဒခံယူပွဲမှာ အများပြည်သူသဘောအရ အတည်ပြုလိုက်ပြီး လပေါင်း ၃၀ ကျော် အတွင်းမှာ တော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေက သဘောထားမတူတဲ့ ဂိုဏ်း ၃ ဂိုဏ်း ဖြစ်တဲ့ “သုံး ဂိုဏ်း” “ပြင် ဂိုဏ်း” နဲ့ “ပစ် ဂိုဏ်း” တို့ကို မွေးဖွားပေးလိုက်ပါတယ်။

ပထမ ဂိုဏ်းဖြစ်တဲ့ “သုံး ဂိုဏ်း” သားသမီးတွေက တော့ နှစ်ပေါင်း ၅၀ နီးပါး အတိုက် အခံမရှိတဲ့ အနေအထားကနေ အတိုက်အခံတွေကြား ဒီမိုကရေစီ နည်းအရ တိုင်းပြည်အရေး ပြည်သူအရေးတွေကို ပူးပေါင်း လုပ်ဆောင်နိုင်အောင် အခွင့်အလမ်း ဖန်တီးပေးတဲ့ ၂၀၀၈ အခြေခံဥပဒေကို သုံးစွဲပြီး ဒီမိုကရေစီ စလေ့ကျင့်စဉ်တွေ၊ ထုံးတမ်းတွေကို ဖော်ဆောင်လိုတဲ့ သူတွေဖြစ်ပါတယ်။ ၂၀၀၈ အခြေခံဥပဒေမှာလည်း မြန်မာ့တပ်မတော်ဟာ အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရမယ် ဆိုတဲ့အတွက် မြန်မာ့ တပ်မတော် သားတွေကလည်း “သုံး ဂိုဏ်း” ဝင်တွေကို ဦးဆောင်နေတဲ့ သူတွေဖြစ်ပါတယ်။ ဤ “သုံး ဂိုဏ်း” ဝင်များအနေနဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေတခုလုံးကို ရာနှုန်းပြည့် ထောက်ခံမယ်လို့ မထင်ပါဘူး။ လက်မခံတဲ့ အပိုင်းတွေကို ယာယီဘေးချိတ်ပြီး အများသဘောတူနိုင်တဲ့ အချက်တွေကနေ ပြုပြင်ပြောင်းလဲရေးကို လုပ်ဆောင်နေတဲ့ သူတွေဖြစ်တယ် လို့ ယူဆပါတယ်။ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံး ညီညွတ်မှု မပြိုကွဲရေး၊ ပြည်သူလူထုထံမှ ဆင်းသက်လာတဲ့ အချုပ် အခြာအာဏာ တည်မြဲရေးကို အားလုံးက သဘောတူကြတယ်။ ဒီမိုကရေစီ စနစ်ဆီသို့ အသွင်ကူးပြောင်းရာမှာ ကြုံတွေ့ရမယ့် အခက်အခဲတွေ စိန်ခေါ်မှုတွေကို သဘောပေါက်ကြသူတွေဖြစ်ပါတယ်။ ကျွန်တော့်အမြင် မှာတော့ သူတို့တတွေဟာ ပကတိနိုင်ငံရေး “Real Politic” ကို နားလည်သူများလို့ ယူဆပါတယ်။

ဒုတိယ ဂိုဏ်းကတော့ စိတ်နည်းနည်းလောနေကြတဲ့ “ပြင် ဂိုဏ်း” သားသမီး တွေဖြစ်ကြပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရဆိုရင်၊ ဒီမိုကရေစီ စနစ်လည်း မရရှိနိုင်ဘူး၊ ဖက်ဒရယ်စနစ်လည်းမရနိုင်ဘူး၊ တိုင်းရင်းသားတွေ တန်းတူညီမျှမှုလည်း ရရှိနိုင်မှာ မဟုတ်ဘူးလို့ ယူဆနေကြသူတွေဖြစ်ပါတယ်။ ၂၀၀၈ အခြေခံဥပဒေ အသက်ဝင်လာ ပြီးနောက် မြန်မာနိုင်ငံ မှာ ပြည်ထောင်စု၊ တိုင်းဒေသကြီးနဲ့ ပြည်နယ် လွှတ်တော်တွေ ပေါ်လာတယ်။ လွှတ်တော် အသီးသီးကနေ ဥပဒေတွေ ပြဌာန်းလာကြတယ်။ အုပ်ချုပ်ရေး၊ တရားစီရင်ရေး နဲ့ ဥပဒေပြု ရေးစတဲ့ မဏ္ဍိုင်အသီးသီးက ကိုယ့်အလုပ် သူ့အလုပ်တွေ လုပ်လာကြတယ်။ စတုတ္တမဏ္ဍိုင်လို့ တင်စားကြတဲ့ မီဒီယာတွေ လွတ်လပ်မှုတွေ ရရှိဘာပြီး ဖတ်လို့မကုန်နိုင်တဲ့ သတင်းစာနဲ့ ဂျာနယ်တွေ ထွက်လာတယ်။ အထူးသဖြင့် လွှတ်တော်မှာ ဆွေးနွေးတဲ့ ဟာတွေကို ပြည်သူတွေက အချိန်နဲ့တပြေးညီ တီဗွီကနေ ကြည့်ခွင့်လည်း ရခဲ့သလို၊ အိပ်မောကျနေတဲ့ လွှတ်တော်အမတ်တွေပုံတွေကိုလည်း ဓါတ်ပုံရိုက်ခွင့် တွေရရှိ့လာပါတယ်။

ဒါပေမယ့် ပြင်ဂိုဏ်းသားတွေ ဖွဲ့စည့်ပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကိုသာ အာရုံစိုက်နေတာ သူတို့အမှားလည်း မဟုတ်ပါဘူး။ ပြည်တွင်းပြည်ပ ကနေပြီး ပြုပြင်ပြောင်းလဲနေတဲ့ အနေအထားကို မသုံးသပ်ပဲ၊ မျက်မှန်ထူထူကြီး တပ်ကာ အခြေခံဥပဒေကို ဖတ်ပြီး အခြေခံဥပဒေပြင်ဆင်ရေး ဖိအားပေး နေသူတွေရဲ့ ဒါဏ်ကို မလွန်ဆန်နိုင်လို့ ဖြစ်မယ်လို့ ယူဆပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အသက်မဝင်ခင်က ပြဌာန်းခဲ့တဲ့ ဥပဒေ၊ အက်ဥပဒေ၊ နည်းဥပဒေ၊ အမိန့်၊ ကျေညာချက် တွေများစွာဟာ ၂၀၀၈ ဖွဲ့စည်းပုံနဲ့ ဆန့်ကျင်ဘက်ဖြစ်နေတဲ့ ဟာတွေရှိပါတယ်။ ဒါတွေကို ၂၀၀၈ အခြေခံဥပဒေနဲ့ အညီ၊ ခေတ်ကာလနဲ့အညီ ပြင်ဆင်ခြင်း၊ ပြဌာန်းခြင်း၊ ပြုပြင်ခြင်းတွေ လုပ်စရာလိုပါတယ်။ ခက်တာကတော့ တည်ဆဲ ဥပဒေ၊ နည်းဥပဒေ၊ အက်ဥပဒေ၊ အမိန့်၊ ကျေညာချက်တွေကလည်း ရွှေလိုရှားနေတော့ မတွေ့၊ မဖတ်၊ မသိသူက များနေပါတယ်။ ဒီတော့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ကိုဖတ်၊ အခြားတိုင်းပြည် ဥပဒေတွေကိုဖတ်ပြီး ဟိုဟာ “မကောင်းဘူး၊ ဒီဟာမကောင်းဘူး” ဖိအားတွေကြောင့် “ပြင် ဂိုဏ်း” သားတွေ အလုပ်များနေ တယ် လို့ ယူဆပါတယ်။

တတိယဂိုဏ်းကတော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို တပ်မတော် အစိုးရက လက်ထက်မှာ ရေးဆွဲထားခြင်း၊ လွှတ်တော်မှာ တပ်မတော်သား ကိုယ်စားလျှယ် အမတ် ၂၅% ပါဝင်နေခြင်း၊ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ ပါရှိနေခြင်း၊ ဇယား (၁) (၂) (၃) နဲ့ (၅) တွေ မျှတမှု မရှိခြင်း စသည့်ကိစ္စများစွာကို အကြောင်းပြပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို အမှိုက်ပုံးထဲ ပစ်ချ၊ အသစ်ချွတ်ချွတ်ကို ရေးဆွဲလိုတဲ့ “ပစ် ဂိုဏ်း” သားသ္မီးများ ဖြစ်ကြပါတယ်။

ကျွန်တော် လွန်ခဲ့တဲ့ ၂ ပတ်တုန်းက ဘန်ကောက်မှာ မြန်မာ့အရေး ကျွမ်းကျင် သူ လို့ ကိုယ့်ကိုယ်ကို သတ်မှတ်ကြတဲ့ နိုင်ငံတကာ ပညာရှင် “ပစ် ဂိုဏ်း” သားတချို့နဲ့ တွေ့ခဲ့ပါတယ်။ သူတို့အများစုဟာ မြန်မာနိုင်ငံမှာ အခြေချ နေထိုင်တဲ့သူတွေလည်း မဟုတ်ကြပါဘူး။ လာလိုက်ထွက်လိုက်၊ မြန်မာ့ အရေး မှာ စာတမ်းတခု၊ စာအုပ်တအုပ် ထွက်လာနိုင်ရေးအတွက် မြန်မာနိုင်ငံအပြောင်းအလဲကို စောင့်ကြည့်လေ့လာနေသူတွေပါ။ နှစ်ရက်တာ ဆွေးနွေးပွဲ ပထမနေ့မှာတော့ ၂၀၀၈ ဖွဲ့စည်းပုံကို လွှင့်ပစ်ပြီး အသစ်ရေးနိုင်ရေး ကို ပဲ ဆွေးနွေးခဲ့ကြတယ်။

ဒုတိယနေ့တော့ ကျွန်တော်လည်း မနေနိုင်တော့လို့ ပြောလိုက်ပါတယ်။ ဆရာကြီးတို့ ဆရာမကြီးတို့ ပညာရှင်တွေအနေနဲ့ ကမ္ဘာမှာ အကောင်းဆုံး ဖွဲ့စည်းပုံအခြေခံဥပဒေလို့ ဆိုရလောက်အောင် ကောင်းတဲ့ အခြေခံဥပဒေကို ရေးကြည့်ပါ။ ဒါပေမယ့် မြန်မာတပ်မတော်နဲ့ “သုံး ဂိုဏ်း” သားသ္မီးတွေ ထောက်ခံမှုမရှရင်တော့ ပြတိုက်ထဲ တန်းရောက်လာမှာ လို့ ပြောလိုက် ပါတယ်။ နောက်ပြီး အခြေခံဥပဒေအသစ် ရေးဆွဲမယ် Media မှာပြောပြောနေတဲ့ အဆိုပါအစည်းအဝေးကို တက်လာတဲ့ United Nationalities Federal Council (UNFC) ခေါင်းဆောင် တစ်ဦးကိုလည်း ပြောလိုက်ပါတယ်။ အစည်းအဝေးအဆုံးပိုင်းမှာတော့ အသစ်ရေးခြင်း ကိစ္စက မရှိတော့ပါဘူး။ လက်ရှိ ၂၀၀၈ ကို အချိန်အခါ နဲ့အညီ ပြင်ဆင်ဖြည့်စွက်ရေး အတွက် ပူးပေါင်းလုပ်ဆောင်ရေး သဘောတူညီချက် တခုကို အစည်းအဝေး တက်လာသူကြားမှာ ရရှိခဲ့ပါတယ်။

အမေရိကန်ပြည်ထောင်စုကို တည်ထောင်ခဲ့သူဖခင်ကြီးများ “The Founding Fathers of America” ထဲက လူအများလေးစားကြည်ညိုပြီး “Constitutional Convention” တက်သူတွေထဲမှာ အသက်အကြီးဆုံးလည်းဖြစ်တဲ့ “Benjamin Franklin” က အမေရိကန် ပြည်ထောင်စု ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဝေဖန်ရာမှာ “ဒီအခြေခံဥပဒေ ထဲက အချက်အလက်များစွာကို ကျွန်တော် လက်ရှိအချိန်မှာ လက်မခံပေမယ့် ဘယ်တော့မှ လက်မခံဘူး လို့လည်း တပ်အပ်မပြောနိုင်ပါဘူး။ အသက်ရှည်ရှည် နေလာခဲ့တဲ့အတွက် အတွေ့အကြုံ များများရှိလာခဲ့သလို ကျွန်တော် မှန်တယ်လို့ထင်တဲ့ဟာတွေ နောက်ဆုံးမှာ မှားနေတာတွေလည်း အများကြီးရှိပါတယ်” လို့ ပြောခဲ့တာရှိပါတယ်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ နိုင်ငံအတွက်ကောင်းတဲ့အချက်တွေ အများကြီးရှိသလို၊ နိုင်ငံသားတွေ မနှစ်သက်တဲ့ အချက်တွေလည်း ရှိတာ သဘာဝကြပါတယ်။ ကမ္ဘာမှာ အပြစ်ကင်းစင်ပြီး ပြီးပြည့်စုံတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုတာမရှိပါဘူး။ ပြင်ကြတယ်။ ဆင်ကြတယ်။ ဖြည့်ကြတယ်။ စွက်ကြတယ်။ ဒီလိုနဲ့ နိုင်ငံများစွာကို မပြိုကွဲအောင်၊ နိုင်ငံသားတွေ စည်းလုံးမှု မပြိုကွဲအောင်၊ နိုင်ငံသားတွေထံက ဆင်းသက်လာတဲ့ အချုပ်အခြာ တည်တံ့ခိုင်မြဲအောင် လုပ်ခဲ့ကြတာ အများစုက သိပါတယ်။

အမေရိကန်ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲတုန်းကလည်း အချက်အလက်များစွာမှာ သဘောကွဲမှုတွေ၊ အမြင်အတူညီမှုတွေ ရှိကြလို့ အကြီးအကျယ်ပြသနာတက်ခဲ့ကြပါတယ်။ အမေရိကန်ပြည်ထောင်စုကို ထူထောင်လိုကြတော့လည်း တဖက်နဲ့တဖက် အပေးအယူ လုပ်ကြရပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ စရေးဆွဲတုန်းက အခြေခံဥပဒေထဲကို ထည့်သွင်းလို့ မရတဲ့ အချက်တွေကို ၂၇ ကြိမ်တိုင်တိုင် ဖြည့်စွက်ခဲ့ကြပါတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေတခုကို ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း ဆိုတာတွေဟာ အမေရိကန်ဖွဲ့စည်းပုံအခြေခံဥပဒေ သမိုင်းကို သေသေချာချာ လေ့လာမယ် ဆိုရင် အချိန်အခါ “Timing” က အရေးအကြီးဆုံးပါ။ အချိန်အခါ မသင့်တဲ့ အချိန်မှာ အခြေခံဥပဒေကို ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း ပြုမယ်ဆိုရင် ကောင်းကျိုးထက်၊ ဆိုးကျိုးကပိုများနိုင်ပါတယ်။ ပကတိဖြစ်နေတဲ့ အနေ အထားကို ကြည့်ပြီး၊ နောင် ၅ နှစ်မှာ ပြင်ဆင်ဖြည့်စွက်နိုင်တဲ့ ပုဒ်မ၊ နောက် ၁၀ နှစ်မှာ ပြင်ဆင်ဖြည့်စွက်နိုင်တဲ့ ပုဒ်မ၊ နောင် ၁၅ နှစ်မှာ ပြင်ဆင်ဖြည့်စွက်နိုင်တဲ့ ပုဒ်မ၊ နောင် အနှစ်၂၀ မှာ ပြင်ဆင်ဖြည့်စွက်နိုင်တဲ့ ပုဒ်မ၊ နောင်နှစ် ၅၀ ကျော် ကျွန်တော်တို့ တတွေ အသက် ၁၀၀ ကျော်တဲ့အခါ၊ ဒါမှမဟုတ် တမလွန်ဘဝရောက်တဲ့အခါ ပြင်သင့်တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မတွေ နဲ့ နှစ်ပေါင်း ၂၀၀ ကျော်မှ ပြင်သင့်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုပြီး ပိုင်းခြားထားသင့်တယ်လို့ ယူဆပါတယ်။

အမေရိကန် ဖွဲ့စည်းပုံ အခြေခံဥပဒေသမိုင်းရဲ့ အခြေခံဥပဒေပြင်ဆင် ဖြည့်စွက်မှု သမိုင်းထဲက ထင်ရှားတဲ့ အချက် ၅ ခုကို လေ့လာစေလိုပါတယ်။

(၁) အမေရိကန် အခြေခံဥပဒေရေးတုန်းက အခြေခံဥပဒေ အခွင့်အရေးများ “Bill of Rights” ကို အမေရိကန် မြောက်ပိုင်းက ခေါင်းဆောင်တွေက အခြေခံဥပဒေမှာ ထည့်သွင်းရေးသား လိုပေမယ့် တောင်ပိုင်းက ခေါင်းဆောင် တွေ သဘောမတူလို့ မြောက်ပိုင်းခေါင်းဆောင်တွေ အလျှော့ပေးလိုက် ပါတယ်။ ဒါပေမယ် အမေရိကန်ပြည်ထောင်စု ဖွဲ့စည်းပုံ အခြေခံဥပဒေ စတင်အသက်ဝင်ပြီးတဲ့ နောက် ၄ နှစ်အကြာ၊ ၁၇၉၁ ခုနှစ် မှာမှဘဲ ဖြည့်စွက်နိုင်ခဲ့ပါတယ်။

(၂) နိုင်ငံသားဖြစ်ခြင်း၊ လူတိုင်း၏ ဥပဒေအရ ရပိုင်ခွင့်များ နှင့် ဥပဒေရှေ့မှောက်တွင် တန်းတူညီမျှ အခွင့်အရေးရှိခြင်း “Citizenship, Due Process Clause and Equal Protection Clause” စတဲ့အချက်တွေကို အမေရိကန်ပြည်ထောင်စု အခြေခံဥပဒေ အသက်ဝင်ပြီးတဲ့နောက် နှစ်ပေါင်း ၈၁ နှစ်အကြာ၊ ၁၈၆၈ ခုနှစ်မှာမှဘဲ ဖြည့်စွက်နိုင်တာခဲ့တာတွေ့ရပါတယ်။ တနည်းအားဖြင့် ပြောရမယ်ဆိုရင် အမေရိကန် တည်ထောင်ပြီးကတည်းက နှစ်ပေါင်း ၈၁ လောက်အထိ နိုင်ငံသား ဖြစ်ခွင့်နဲ့ ပါတ်သက်ပြီး ပြသနာတွေ ကြုံတွေ့ခဲ့ကြတာပါ။

(၃) ကျေးကျွန်ပိုင်တဲ့ တောင်ပိုင်းခေါင်းဆောင်တွေက သူတို့စီးပွားရေး ဆုံးရှုံးမှာ စိုးရိမ်တဲ့အတွက် ကျေးကျွန်စနစ်နဲ့ အတင်းအဓ္ဓမစေခိုင်းတဲ့စနစ်ကို ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ထည့်သွင်းလိုတဲ့ မြောက်ပိုင်းက ခေါင်းဆောင်တွေ ကို အာခံခဲ့ကြလို့ နောက်ဆုံးမှာတော့ အမေရိကန် ပြည်တွင်းစစ် တောင် ဖြစ်စေခဲ့ပါတယ်။ ဒါပေမယ့် အမေရိကန်ပြည်ထောင်စု အခြေခံဥပဒေ အသက်ဝင်ပြီးနောက် ၇၈ နှစ်ကြာ၊ ၁၈၆၅ ခုနှစ်မှာမှ ကျေးကျွန်စနစ်ကို တားမြစ်တဲ့ ဥပဒေကို အခြေခံဥပဒေမှာ ဖြည့်စွက်နိုင်ခဲ့ပါတယ်။

(၄) အမေရိကန်ပြည်ထောင်စုကို ထူထောင်ပြီးနောက် နှစ်ပေါင်း ၁၃၃ နှစ်ကြာ အမျိုးသမီးတွေ မဲပေးခွင့်ရရှိရေးကို နည်းလမ်းများစွာနဲ့ ကြိုးစားလာခဲ့ပြီး နောက် ၁၉၂၀ နှစ်မှဘဲ အခြေခံဥပဒေမှာ ဖြည့်စွက်ခွင့်ရခဲ့ပါတယ်။ အမျိုးသမီးများ နေရာတိုင်းမှာ ၃၀% ရရှိရေး ကြိုးပန်းလုပ်ဆောင်သူတွေ အနေနဲ့ ဒီကိစ္စတွေကို ထည့်သွင်းစဉ်းစားသင့်တယ်လို့ ယူဆပါတယ်။

(၅) အမေရိကန်လွှတ်တော်အမတ်တွေဟာ သူတို့ရဲ့ သက်တမ်းကာလအတွင်း သူတို့လခ နဲ့ ခံစားခွင့်တွေကို မသတ်မှတ် သင့်ဘူးဆိုတဲ့ အဆိုကို နှစ်ပေါင်း ၂၀၃ နှစ် ကြာငြင်းခုံလာပြီး ၁၉၉၂ ခုနှစ်မှသာ ဖြည့်စွက်အတည်ပြု နိုင်ခဲ့ ပါတယ်။

ကမ္ဘာမှာ ပြင်လို့မရတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုတာမရှိပါဘူး။ ကျွန်တော်တို့ ၂၀၁၃ မှာ အသက်ရှင်နေကြတဲ့ လူတွေ အမေရိကန်လို နှစ်ပေါင်း ၂၀၃ ကြာမှ ပြင်လို့ရမယ့် အခြေခံဥပဒေ ပုဒ်မတွေလည်း ၂၀၀၈ အခြေခံဥပဒေမှာ ရှိနိုင်ပါတယ်။ ဒီနှစ်ကနေ နှစ်ပေါင်း ၂၀၃ ပေါင်းကြည့်လိုက်ရင် နှစ်ပေါင်း ၂၂၁၆ ဖြစ်သွားပါပြီ။ ၂၀၁၃ ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံမှာ အသက်ရှင် နေထိုင်ကြတဲ့ မွေးကင်းစကလေးကအစ၊ အသက်အကြီးဆုံး လူကြီး ဘယ်သူမဆို သက္ကရာဇ် ၂၂၁၆ ထိရှိနေကြမှာ မဟုတ်ပါဘူး။ ဒါပေမယ့် ပြည်ထောင်စုမြန်မာနိုင်ငံကြီးကတော့ တည်ရှိ နေအုံးမယ်လို့ ယုံကြည် ပါတယ်။

၁၉၄၈ နောက်ပိုင်း မြန်မာနိုင်ငံသမိုင်းကို ပြန်ကြည့်ရင်လည်း၊ သုံး ပြင် ပစ် စနစ်တွေ ကျင့်သုံးခဲ့တဲ့ အစဉ်အလာ ကောင်းတွေရှိခဲ့ပါတယ်။ ၁၉၄၇ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ၁၉၅၁ ခုနှစ်မှာ အက်ဥပဒေအမှတ် ၆၂/၅၁ နဲ့ တစ်ကြိမ်၊ ၁၉၅၉ ခုနှစ်မှာ အက်ဥပဒေအမှတ် ၄ နဲ့ ၁၀ တို့ဖြင့် တစ်ကြိမ်၊ ၁၉၆၁ ခုနှစ်မှာ အက်ဥပဒေ အမှတ် ၃၊ ၇၊ ၁၇၊ နဲ့ ၂၀ တို့ဖြင့် ၄ ကြိမ် ပြင်ခဲ့ပါတယ်။ ၁၉၇၄ ဖွဲ့စည်းပုံ အခြေခံဥပဒေကိုလည်း ၁၁ နှစ်အကြာ ၁၉၈၅ ခုနှစ်မှာ ပြည်သူ့ လွှတ်တော် ဥပဒေအမှတ် ၁ နဲ့ ပြင်ဆင်ခဲ့ပါတယ်။ ရိုးရိုးရှင်းရှင်း ပြောရရင် တော့ မြန်မာဖွဲ့စည်းပုံ အခြေခံဥပဒေ သမိုင်းကို ဆန်းစစ် ကြည့်ရင်၊ သုံးတဲ့အပိုင်းမှာလည်း အားနည်း၊ ပြင်တဲ့အပိုင်းမှာလည်း အားနည်း ခဲ့တာ သိရှိနိုင်ပါတယ်။ ပစ်ခဲ့တာလည်း နှစ်ခါရှိပါပြီ။ 

ဖွဲ့စည်းပုံအခြေခံဥပဒေမရှိတဲ့ဘဝနဲ့ နေခဲ့တဲ့ နှစ်တွေလည်း များခဲ့ပါတယ်။
Myanmar Peace Center မှာ ကျင်းပတဲ့ အစည်းအဝေးတခုမှာ ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်း ပြောသွားတဲ့ စကားတခွန်း ရှိပါတယ်။ “၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို သုံးကြည့်ပါ၊ သုံးလို့မရရင်လည်း ပြင်ကြည့်ပါ၊ ပြင်ဆင်ပြီးတော့မှ သုံးမရရင်လည်း လွှင့်ပစ်လိုက်ပါ” ဆိုပြီး ပြောသွားတဲ့စကားရှိပါတယ်။နှစ်ပေါင်း ၄၀ ကျော် မလျှောက်လှမ်းရသေးတဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ်ကို ကျွန်တော်တို့ မြန်မာပြည်သူပြည်သားတွေ လျှောက်လှမ်းလာကြတာ ၂ နှစ်ကျော်ကျော်ပဲ ရှိပါသေးတယ်။ ဒီမိုကရေစီ ခရီးလမ်းကြောင်းဆိုတာအစဉ်ဖြောင့်ဖြူးသာယာ နေတာမဟုတ်ပါဘူး။ အခက်အခဲတွေ၊ စိန်ခေါ်မှုတွေ၊ အဖုအထစ်တွေ၊ အတက်အဆင်းတွေ၊ ဆူးငြောင့်ခလုတ်တွေ အပြည့်နဲ့ပါ။ ဒီလိုမျိုး မသွားဘူး မလာဘူးတဲ့ ခရီးကြမ်းကို အတူတကွလျှောက်လှမ်းကြတဲ့ အချိန်မှာ စောင့်ထိန်းအပ်သော ကျင့်ဝတ်တွေ အများကြီး ရှိပါတယ်။ မိမိကိုယ်ကို ထိန်းချုပ်ခြင်းမရှိ၊ သည်းခံစိတ်မထား ပြောလိုရာပြော၊ ရေးလိုရာရေး၊ တွေးလိုရာတွေး လုပ်နေကြရင် ပန်းတိုင်ကို အတူရောက်နိုင်မှာ မဟုတ်ပါဘူး။
ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်း ပြောခဲ့သလို ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို သုံးလို့ရတဲ့ နည်းလမ်းမျိုးစုံကနေ သုံးကြည့်ရအောင်လား။ သုံးလို့မှ မရရင်လည်း နည်းလမ်းများစွာ သုံးပြီး ပြင်ကြည့် ကြအောင်လား။ မြန်မာနိုင်ငံသား အားလုံးက ၂၀၀၈ အခြေခံဥပဒေဟာ သုံးလို့လည်းမရ၊ ပြင်လို့လည်းမရ ဆိုတဲ့ ဆုံချက်ကို ရောက်တဲ့အခါ အားလုံးသဘော တူညီ ချက်နဲ့ လွှင့်ပစ်ပြီး အသစ် ရေးကြ ရအောင်လား။ “သုံးဂိုဏ်း” သားသမီး ဖြစ်ဖြစ်၊ “ပြင်ဂိုဏ်း” သားသမီးဖြစ်ဖြစ်၊ “ပစ်ဂိုဏ်း” သားသမီး ဖြစ်ဖြစ်၊ စိတ်မလောပဲ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကနေ ထွက်လာနိုင်တဲ့ ရလဒ်တွေ အားလုံးကို အရင်ယူရတာ အကောင်းဆုံးများ ဖြစ်မလားလို့ ယူဆမိပါကြောင်း....

ဒေါက်တာ ဆလိုင်း ငွန်ကျုံးလျန်သည် အမေရိကန်နိုင်ငံ Indiana University School of Law မှ ဥပဒေ ပါရဂူဘွဲ့ကို ရရှိခဲ့ပြီး၊ လက်ရှိအချိန်တွင် Myanmar Peace Center ၌ ဥပဒေ အကြံပေး တာဝန်ကို ထမ်းဆောင်နေသူ တစ်ဦးဖြစ်သည်။

Aung Thura Ko Ko Facebook စာမျက်နှာမှ ကူးယူဖော်ပြသည်

မြန်မာ့နိုင်ငံရေးဆောင်းပါးများ

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here