Friday, October 18, 2013

ဗုံးဖောက်ခွဲမှု တရားခံများနှင့် ပတ်သက်၍ အတိအကျ ပြောဆိုခြင်း မရှိသော်လည်း ပြည်သူလူထုအား ထိခိုက်နာကျင် ထိတ်လန့်စေမည့် လုပ်ဆောင်မှုများကို ဆန့်ကျင်ကြောင်း KNU တပ်မဟာ (၅) သတင်းထုတ်ပြန်

0 comments

Friday, October 18, 2013

ရန်ကုန်မြို့နှင့် မန္တလေးမြို့ အပါအ၀င် ယခုရက်ပိုင်းအတွင်း ဒေသ အနှံ့အပြား တွင် ဖြစ်ပေါ်ခဲ့သော ဗုံးဖောက်ခွဲမှု တရားခံများနှင့် ပတ်သက်၍ အတိအကျ ပြောဆိုခဲ့ခြင်း မရှိသော်လည်း ပြည်သူလူထု ထိခိုက်နစ်နာစေမည့် လုပ်ဆောင်မှုများကို ဆန့်ကျင်ကြောင်း KNU တပ်မဟာ (၅) က အောက်တိုဘာ ၁၇ ရက်တွင် ကြေညာချက် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

လက်ရှိအချိန်တွင် ဗုံးဖောက်ကွဲမှုများ အနက် ဖမ်းဆီးခံထားရသူ တစ်ဦးဖြစ်သည့် စောမြင့်လွင်က ၎င်းသည် KNU အဖွဲ့နှင့် ဆက်စပ်ကြောင်း ထုတ်ဖော် ပြောဆိုထားပြီး နေတိုးဆိုသူမှာလည်း KNU တပ်ဖွဲ့၌ ဗိုလ်အဆင့် တာဝန်ထမ်းဆောင် နေသူဖြစ်ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများက ထုတ်ဖော် ပြောကြားထားပြီး ထိုသူများသည် KNU တပ်မဟာ (၅) နှင့် ဆက်စပ်နေကြောင်း သတင်းထွက်ပေါ်ခဲ့သည်။

KNU တပ်မဟာ (၅) ၏ ထုတ်ပြန် ကြေညာချက်တွင် အချက်သုံးချက် ကို ပြောကြားခဲ့ပြီး အများပြည်သူ လိုလား တောင့်တနေသောစစ်မှန်သည့်ငြိမ်းချမ်းရေးတည်ဆောက်နိုင်ရေးအတွက်ကြိုးပမ်း ဆောင်ရွက်နေ သည့် အချိန်ကာလအတွင်း နိုင်ငံတော် အစိုးရနှင့် တိုင်းရင်းသား အဖွဲ့အစည်း များအကြား ဆွေးနွေး ညှိနှိုင်း၍ အပြန်အလှန် ယုံကြည်မှု တည်ဆောက် နေကြသည်ကို မိမိတို့ KNU ကရင်အမျိုးသား အစည်းအရုံး မူတြော်(ဖာပွန်)ခရိုင်/ တပ်မဟာ (၅) အနေနှင့် အပြည့်အ၀ ထောက်ခံသည် သာမက တတ်စွမ်းသရွေ့လည်း အဘက်ဘက်မှ ကူညီပံ့ပိုးမှုများ ပြုလုပ်ခဲ့ သည် ဟု ပြောကြားခဲ့သည်။

ထို့နောက် တစ်ချိန်တည်းမှာပင် မြန်မာနိုင်ငံအတွင်း အဓွန့်ရှည်သော ငြိမ်းချမ်းရေး ဖော်ဆောင်နိုင်ရေး အတွက် ဆောင်ရွက်နေသည့် လုပ်ငန်းများကို တစ်စုံတစ်ရာ နှောင့်ယှက် ပျက်ပြားစေသည့် လုပ်ရပ်များ၊ အများပြည်သူကို ထိခိုက်နာကျင် စေခြင်းများ၊ ထိတ်လန့်ကြောက် ရွံ့ စေခြင်းများကို လုံးဝဆန့်ကျင် ကန့်ကွက်ကြောင်း ဖော်ပြခဲ့သည်။

နောက်ဆုံး အချက်တွင် မြန်မာနိုင်ငံ အတွင်း အများပြည်သူ အားလုံး လိုလားတောင့်တနေသည့် စစ်မှန်သော ပြည်တွင်းငြိမ်းချမ်းရေး အမှန်တကယ် ပေါ်ပေါက်လာသည်အထိ မိမိတို့ မူတြော်(ဖာပွန်) ခရိုင်/တပ်မဟာ (၅)မှ KNU ကရင်အမျိုးသား အစည်းအရုံး ဗဟိုဌာနချုပ်၏ ဦးဆောင်မှုအတိုင်း ဆက်လက်လိုက်နာ ဆောင်ရွက်သွားမည် ဟု ဖော်ပြခဲ့သည်။

Eleven Media Group

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here