Monday, October 14, 2013

နိုင်ငံတစ်ဝန်းရှိ SME လုပ်ငန်းများအတွက် ကျပ်သိန်း ၅၀၀၀ အထိ တိုးမြှင့်ထုတ်ချေးရန် စီစဉ်နေပြီး ချေးငွေသက်တမ်းကိုလည်း သုံးနှစ်အထိ တိုးမြှင့်

0 comments
Monday, October 14, 2013

နိုင်ငံတစ်ဝန်းတွင် အသေးစားနှင့် အလတ်စား လုပ်ငန်းများအတွက် ချေးငွေအား ကျပ်သိန်းပေါင်း ၅၀၀၀ အထိ တိုးမြှင့် ထုတ်ချေးရန်နှင့် ချေးငွေကာလကိုလည်း ယခင်တစ်နှစ် သက်တမ်းမှ သုံးနှစ်အထိ တိုးမြှင့်ပေးထားကြောင်း သိရသည်။

အသေးစားနှင့် အလတ်စား စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဘဏ်မှ ၂၀၁၃ ခုနှစ် သြဂုတ်လအထိ ကျပ် ၈၈၆၄၉ ဒသမ ၂၆ သန်း ထုတ်ချေးခဲ့ကြောင်း သိရသည်။ ထိုသို့ ထုတ်ချေးပေးသည့် ပမာဏမှာ များပြားသည်ဟု ဆိုနိုင်သော်လည်း ချေးငွေရရှိသူ ဦးရေမှ ၆၁၅ ဦးအထိသာ ရှိနေကြောင်း သိရသည်။

မြန်မာနိုင်ငံအတွင်း တရားဝင် မှတ်ပုံတင်ထားသည့် အသေးစားနှင့် အလတ်စား လုပ်ငန်းပေါင်း ၆၄၀၀၀ ကျော် ရှိနေပြီး တရားဝင် မှတ်ပုံတင်မှု မရှိသည့် လုပ်ငန်း ၆၂၀၀၀ ၀န်းကျင်ခန့်အထိ ရှိနေသည်။

ထိုသို့ တရားဝင် မှတ်ပုံတင်ထားသည့် လုပ်ငန်းပေါင်း ၆၄၀၀၀ ကျော်အတွက် ၂၀၁၂ ခုနှစ် ဒီဇင်ဘာမှ ၂၀၁၃ ခုနှစ် ဇူလိုင်လအထိ ရှစ်လတာ ကာလအတွင်း အစိုးရအဖွဲ့ ခွင့်ပြုငွေမှာ ကျပ် ၁၀ ဘီလျံအထိ ရှိခဲ့ပြီး အဆိုပါ ချေးငွေကို ထုတ်ချေးပေးရာတွင်လည်း ပထမအကြိမ် ထုတ်ပေးခဲ့သည့် ကျပ်ငါးဘီလျံအတွက် လုပ်ငန်းရှင် ၂၄ ဦးနှင့် ဒုတိယအကြိမ် ထုတ်ချေးပေးသည့် ကျပ်ငါးဘီလျံအတွက် လုပ်ငန်းရှင် ၃၂ ဦးကိုသာ ထုတ်ချေးပေးခဲ့ကြောင်း အသေးစားနှင့် အလတ်စား စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဘဏ်မှ အကြီးတန်း အကြံပေး ဦးစံသိန်းက ပြောကြားသည်။

နိုင်ငံတစ်ဝန်းတွင် အသေးစားနှင့် အလတ်စား လုပ်ငန်းပေါင်း တစ်သိန်းနှစ်သောင်းကျော်အထိ ရှိနေသော်လည်း အဆိုပါ လုပ်ငန်းများအတွက် သတ်မှတ်ထားသည့် ချေးငွေ ကျပ် ၁၀ ဘီလျံအား လုပ်ငန်းရှင် ၆၂ ဦးသို့သာ ထုတ်ချေးခဲ့ မှုကြောင့် ချေးငွေဆိုင်ရာ အားနည်းချက်များ ရှိနေကြောင်း ဦးစံသိန်းက ပြောကြားသည်။

ထိုသို့ စနစ်မကျ ဖြစ်နေသည့် ငွေထုတ်ချေးမှု ပြသနာများအား အဖြေရှာနိုင်ရန် လိုအပ်လျက်ရှိပြီး လက်ရှိတွင် ဂျာမနီနိုင်ငံ အခြေစိုက် GIZ အဖွဲ့အစည်းမှ ချေးငွေထုတ်ချေးခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများအား သင်တန်းပေးရန် ပြင်ဆင်နေကြောင်း သိရသည်။

Eleven Media Group

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here