Saturday, November 9, 2013

စိတ်ကြွဆေးကူးသန်းရောင်းဝယ်သည့် ပင်ရင်းအဖြစ် မြန်မာဆက်ရှိနေဆဲဖြစ်

0 comments
9-11-2013

မြန်မာနိုင်ငံသည် မက်သမ်ဖက်တမင်း (#methamphetamine) စိတ်ကြွဆေးများကို အရှေ့အာရှနှင့် အရှေ့တောင်အာရှတွင် ကူးသန်းရောင်းဝယ်နေသည့် အဓိကပင်ရင်းအဖြစ် ဆက်လက်ရှိနေသည်ဟု ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာအဖွဲ့ UNODC၏ နိုဝင်ဘာလ ၈ရက်ထုတ်ပြန်သည့် သတင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ထွင်းဖောက်မြင်နိုင်သည့် #Crystalline ပုံစံဖြင့် မက်သမ်ဖက်တမင်း ဓာတ်ခွဲခန်းတစ်ခုကို မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ် တစ်စစီဖျက်သိမ်းနိုင်ခဲ့ပြီး ဆေးပြားထုတ်လုပ်ရေးစခန်း လေးခုကိုလည်း ၂၀၁၂ခုနှစ် အတွင်း သိမ်းပိုက်နိုင်ခဲ့သည်ဟု #UNODC ၏ အစီရင်ခံ စာတွင် ပါရှိသည်။ မြန်မာနိုင်ငံတွင်း၌ ရှမ်းပြည်နယ်တွင် မက်သမ်ဖက်တမင်း ဆေးပြားထုတ်လုပ်မှုသည် နှစ်စဉ် ၁ဘီလီယံကျော် ထုတ်လုပ်နေ သည်ဟုလည်း UNODC မှ ထုတ်ပြန်သည့် အစီရင်ခံစာများတွင် ပါရှိသည်။

မက်သမ်ဖက်တမင်း (methamphetamine) စိတ်ကြွဆေးသည် အရှေ့အာရှနှင့် အရှေ့တောင် အာရှဒေသများကို ခြိမ်းခြောက်လျက်ရှိသည့် တရားမဝင် မူးယစ်ဆေးအဖြစ် ဆက်လက် တည်ရှိနေကြောင်း (UNODC)က နိုဝင်ဘာလ ၈ရက်က ထုတ်ပြန်လိုက်သည်။ အမ်ဖက်တမင်း အမျိုးအစား စိတ်ကြွဆေး(ATS)များကို မြန်မာနိုင်ငံအပြင် တရုတ်၊ မလေးရှား၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ကမ္ဘောဒီးယား သြစတြေးလျနှင့် နယူးဇီလန်တို့တွင် အများအပြား ထုတ်လုပ်လျှက်ရှိသည်။

“ပိုပြီးဆိုးလာတဲ့ တရားမဝင် မူးယစ်ဆေးဝါး အခြေအနေဟာ အုပ်ချုပ်ရေးအပေါ်လည်း ဆင့်ကဲဖြစ်စဉ်တွေ အနေနဲ့ အကျိုးသက်ရောက်မှု ရှိတဲ့အပြင်၊ ရာဇဝတ်မှုဆိုင်ရာ တရားစီရင်ရေးနဲ့ ကျန်းမာရေး စောင့်ရှောက်မှု စနစ်ကို အနှောင့်အယှက် ပေးနိုင်ပြီး၊ အာရှနဲ့ ပစိဖိတ်ဒေသက နိုင်ငံတွေရဲ့ လူသားဘဝ လုံခြုံရေးကိုလည်း ခြိမ်းခြောက်နေပါတယ်” ဟု UNODC အရှေ့တောင်အာရှ နှင့် ပစိဖိတ် ဒေသဆိုင်ရာ ကိုယ်စားလှယ် မစ္စတာ Jeremy Douglas က ထုတ်ပြန်ချက် တွင် ပြောဆိုထားသည်။

UNODC ၏ စစ်တမ်းကောက်ယူမှုအရ အာရှပစိဖိတ် ၁၅နိုင်ငံအနက် ၁၃နိုင်ငံတွင် မက်သမ်ဖက်တမင်း သည် ပထမဆုံး (သို့မဟုတ်) ဒုတိယဆုံး အသုံးများသည့် မူးယစ်ဆေး ဖြစ်နေပြီး ကမ္ဘောဒီးယား၊ တရုတ်၊ ဂျပန်၊ လာအို၊ မြန်မာ၊ တောင်ကိုရီးယား၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံများတွင် မက်သမ်ဖက်တမင်း အသုံးပြုမှု ပိုမိုများပြားလာသည်ဟု ဆိုသည်။

ထိုစိတ်ကြွဆေးများကို ၂၀၁၂ခုနှစ်တွင် ဆေးပြားအသွင်ဖြင့် ဆေးပြားပေါင်း ၂၂၇သန်း၊ ထွင်းဖောက်မြင်နိုင်သည့် Crystallineပုံစံဖြင့် ၁၁ ဒသမ ၆မက်ထရစ်တန်ကို စံချိန်တင် ဖမ်းဆီးရမိခဲ့သည်။ ထိုသို့ဖမ်းဆီးမှုသည် ၂၀၁၁ခုနှစ်နှင့် နှိုင်းယှဉ်လျှင် ၆၀ရာခိုင်နှုန်း ပိုမိုများပြားနေသည်ကို တွေ့ရသည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

ဆေးပြားဖမ်းဆီးရမိမှုသည် တရုတ်နိုင်ငံတွင် ၁၀၂သန်း၊ ထိုင်းတွင် ၉၅သန်း၊ မြန်မာတွင် ၁၈သန်းနှင့် လာအိုနိုင်ငံတွင် ၁၀သန်းကို သိမ်းဆည်းရခဲ့ပြီး မလေးရှားနှင့် ဗီယက်နမ်တို့တွင်လည်း ဖမ်းဆီးသိမ်းမိမှု ပမာဏ များပြားလာသည်ဟု သိရသည်။

အရှေ့အာရှနှင့် အာရှေ့တောင်အာရှ ဒေသများတွင် စိတ်ကြွဆေး ဖမ်းဆီးရမိမှုသည် ၂၀၁၁ခုနှစ်တွင် ၁ဒသမ ၆သန်းရှိပြီး ၂၀၁၂ခုနှစ်တွင်မူ ၅ဒသမ ၄သန်းကျော်ဖမ်းမိခဲ့ခြင်းကြောင့် သုံးဆကျော် မြင့်တက် လာသည်ကို တွေ့ရသည်။

Mizzima

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here