Wednesday, November 20, 2013

ရှမ်းပြည်တောင်ပိုင်း ပင်လုံမြို့နယ်မှာ မိုင်းနင်းမိပြီး ၄ ဦး ဒဏ်ရာရ

0 comments



20.11.2013

ရှမ်းပြည်နယ် တောင်ပိုင်း လွိုင်လင်ခရိုင် ပင်လုံမြို့နယ်ထဲမှာ ဟင်းသီးဟင်းရွက် ခူးထွက်တဲ့ ကလေးငယ်တဦး အပါအ၀င် ရွာသူ ၄ ဦး မိုင်းနင်းမိပြီး ဒဏ်ရာတွေရသွားခဲ့တယ်လို့ ပင်လုံဆေးရုံနဲ့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

mineပြီးခဲ့တဲ့ နိုဝင်ဘာ ၁၆ ရက်နေ့ မွန်းလွဲပိုင်းက တောထဲမှာ မိုင်းနင်းမိတဲ့ လူနာ ၄ ဦး ဆေးရုံကို ရောက်လာပြီး ၂ ဦးမှာ ဒဏ်ရာ ပိုပြင်းတဲ့အတွက် လွိုင်လင်ခရိုင် ဆေးရုံကို ဆက် ပို့ဆောင်ထားရကြောင်း ပင်လုံဆေးရုံ တာဝန်ကျ ၀န်ထမ်းတဦးက ပြောပါတယ်။

“၂ ယောက်က လွိုင်လင်ဆေးရုံကို လွှဲလိုက်တယ်။ တယောက်က ၁၉ နှစ် ၊ တယောက်က ၃၇ နှစ် ၊ အဲဒါ ဆေးရုံက ဆင်းပြီလား၊ မဆင်းသေးဘူးလား မသိဘူး။ ဒဏ်ရာက ခြေတောက်မှာ အပေါက် နည်းနည်းကြီးလို့ပါ။ ကျန်တဲ့ ၂ ယောက်ကတော့ ပြင်ပလူနာအနေနဲ့ ၁ ရက်ခြား ဆေးလာထည့်ပါတယ်။”

ဒဏ်ရာရသူ အားလုံးမှာ အမျိုးသမီးတွေ ဖြစ်ပြီး အသက် ၃၇ နှစ်၊ ၂၂ နှစ်၊ ၁၉ နှစ်နဲ့ ၄ နှစ်ရွယ် ကလေးငယ်တဦး ပါဝင်တယ်လို့ ဆိုပါတယ်။

ဒဏ်ရာရသူတွေဟာ ပင်လုံမြို့ အနောက်ဘက် ၁၀ မိုင်ကျော်လောက်ဝေးတဲ့နေရာမှာ ရှိတဲ့ ကျူနစ်ရွာက ဖြစ်ပြီး လွယ်မုံးတောင်ပေါ်မှာ ဆေးခါးပင် သွားနှုတ်ရင်း မိုင်းနင်းမိတာလို့ ပင်လုံမြို့ခံ ရပ်မိရပ်ဖ တဦးဖြစ်တဲ့ စ၀်ဆိုင်မိုင်းကလည်း ခုလိုပြောပါတယ်။

“လွယ်မုန့်တောင်ရဲ့ တောင်ဘက်ပေါ့။ ကျူးနစ်ရွာက အမျိုးသမီး ၄ ယောက်၊ သူတို့ ဆေးခါးပင် လိုက်ရှာတာ၊ နေ့လည် ၁၁ နာရီလောက်မှာ မိုင်းသွားတိုက်မိတယ်ပြောတယ်၊ နန်းပေါ်ရယ်၊ နန်းလားရယ်၊ နန်းဟွမ်ရယ်နဲ့ နောက်တယောက်က မို့တွမ်းတဲ့။ ပအိုဝ်းလူမျိုးဘဲ၊ နန်းပေါ်က အခြေအနေဆိုးတယ်။ ခြေသလုံးတဘက် လုံးဝပါသွားတယ်၊ ခန္ဓာကိုယ်မှာလည်း မိုင်းစတွေ လွင့်တယ်ပြောတယ်။”

ရွာသားတွေ နင်းမိတဲ့ မိုင်းတွေဟာ ဘယ်အဖွဲ့က ထောင်ထားတဲ့မိုင်းတွေ ဆိုတာကိုတော့ မသိရသေးပါဘူး။

အဲဒီဒေသမှာ ရှမ်းပြည်တပ်မတော် တောင်ပိုင်းအဖွဲ့ရော၊ အစိုးရတပ်ပါ လှုပ်ရှားနေပြီး ဒီဖြစ်ရပ် မတိုင်ခင် ပြီးခဲ့တဲ့လက ဟွေကောက်ရွာနားမှာ တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း၊ တိုက်ပွဲဖြစ်ပြီးတဲ့နောက် အစိုးရတပ်တွေက လွယ်မုန့်တောင်ပေါ်မှာ ၀င်ရောက် အခြေချနေရာယူလာတာလို့ စ၀်ဆိုင်မိုင်းက ပြောပါတယ်။

မြန်မာနိုင်ငံမှာ အစိုးရတပ်တွေကရော လက်နက်ကိုင် တိုင်းရင်းသားတပ်ဖွဲ့တွေကပါ မြေမြှုပ်မိုင်းတွေ အသုံးပြုနေကြပြီး ၁၉၉၉ ခုနှစ်ကနေ ၂၀၁၂ ခုနှစ် အထိ မြေမြှုပ်မိုင်း ဒဏ်ခံရသူပေါင်း ၃၃၀၀ ကျော်ရှိတဲ့အနက် ၃၀၀ကျော် သေဆုံးသွားတယ်လို့ နိုင်ငံတကာ မြေမြှုပ်မိုင်း အသုံးပြုမှု လေ့လာ စောင့်ကြည့်ရေးအဖွဲ့ (ICBL)ရဲ့ အခုနှစ် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

DVB TV

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here