(ဆောင်းပါးရှင် - လူသန့်)
အချိန်က ည ၁၀ နာရီလောက်ပေါ့။
စာရေးနေတုန်း ကလေးတစ်ယောက် ငိုသံနဲ့အတူ ရိုက်နှက်သံတွေပါ ကြားလိုက်ရလို့ နားစွင့်လိုက်မိတယ်။ တစ်အိမ်ကျော်မှာ ငှားနေကြတဲ့ ဘုတ်ဆုံမတို့အိမ်က ငါးတန်းကျောင်းသားလေး မောင်တိုးကို သူ့အမေ ဘုတ်ဆုံမက ရိုက်နှက်ဆုံးမ နေတာပါ။
''ကျောင်းက ပြန်လာလာချင်း စာကျက်ပါပြောတော့ မိဘစကား နားမထောင်ဘူး။ ညဘက်ရောက်မှ မီးထွန်းပြီး စာကျက်တော့ မီတာ ခတွေ တက်ရော။ မီတာခတွေ တိုးတောင်းတော့မယ်တဲ့ သေနာလေးရဲ့။ သွားအခုချက်ချင်း အဲဒီမီးကို ပိတ်ပြီး အိပ်။ မနက် မိုးလင်းမှ စာထကျက်''
ဘုတ်ဆုံမ သူ့သားကို ဆုံးမတဲ့အခါ အဲဒီလိုမျိုး ဒေါသတွေ ပါတတ်ပြီး ပတ်ဝန်းကျင်က အမြဲလိုလို ကြားရတတ်ပါတယ်။ သူနဲ့ဆုံတိုင်း ကလေးကို ရိုက်နှက်ပြီး မဆုံးမ သင့်တဲ့အကြောင်း မကြာခဏ ပြောပြပေမယ့် သူ့ဝသီကတော့ ဘယ်တော့မှ ပျောက်မသွားပါဘူး။
မနက်မိုးလင်းလို့ ဘုတ်ဆုံမကိုတွေ့တော့ ကျွန်တော်က
''ညက လူခြေတိတ်မှ ကလေးကို ရိုက်နှက်တဲ့ အသံတွေ ကြားနေရတာ စိတ်မချမ်းသာလိုက်တာ ဘုတ်ဆုံမရာ'' လို့ပြောတော့ သူက
''အစ်ကို့တူလေ စာကျက်တာ ညဘက်ရောက်မှ မီးထွန်းပြီး ကျက်လို့ ရိုက်နေရတာ။ မီတာခတွေ တိုးတောင်း တော့မယ်ဆိုမှ။ ဒီကြား ထဲ အိမ်ရှင်ကပါ မီတာခတွေတိုးရင် အိမ်လခပါ တိုးပေးရမယ်လို့ ပြောနေသေးတယ် အစ်ကိုရေ။ နေချင်စရာကို မကောင်းတော့ ဘူး''
ဟုတ်တယ်။ အခုတစ်လော မီတာခတွေ တိုးတောင်းတော့မယ် ဆိုတဲ့ကိစ္စက တော်တော်ကို ဂယက်ရိုက် နေတယ်။ ဆင်းရဲချမ်းသာ လူပေါင်းစုံက အဲဒီကိစ္စကို စိတ်ဝင်စားနေကြတယ်။
လျှပ်စစ်မီးနဲ့ ကျွန်တော်တို့ဟာ ခပ်ကင်းကင်းနေလို့မှ မရနိုင်တာ။ ဒီတော့ မီတာခ ဈေးတက်တော့မယ် ဆိုတဲ့ကိစ္စဟာ ကျွန်တော်တို့ အတွက် ကောင်းတဲ့လက္ခဏာ တစ်ခုတော့ မဟုတ်ဘူးပေါ့။
ကျွန်တော်တို့ရဲ့ နေ့စဉ်ဘ၀တွေမှာ မိုးလင်းကနေ မိုးချုပ်တဲ့အထိ လျှပ်စစ်မီးကို တစ်နည်းမဟုတ် တစ်နည်းနဲ့ သုံးစွဲနေကြရတယ်။ ကျွန်တော်တို့ရဲ့ မြို့သစ်လေးမှာ မီးမရှိတဲ့အိမ်တွေ အမြောက်အမြား ရှိပေမယ့် အဲဒီအိမ်တွေ ကလည်း လျှပ်စစ်နဲ့ အားသွင်းရတဲ့ ဘက်ထရီ အိုးလေးတွေနဲ့ ညဘက်တွေမှာ မီးအလင်းရောင်ရဖို့ အသုံးပြု ကြရပါတယ်။ ဒီခေတ်ကြီးမှာ မီးမရှိတဲ့အိမ်တွေ ရှိနေသေး တယ် ဆိုတာ အံ့သြစရာ တစ်ခုလို ဖြစ်နေပေမယ့် ဒါဟာ တကယ့် အဖြစ်အပျက်ပါ။
မြို့သစ်လေးရဲ့ ချောင်ကျကျ နေရာတွေမှာ အလင်းရောင်ကို ချို့တဲ့စွာ သုံးစွဲနေကြရတဲ့သူတွေ အများကြီးမှ အများကြီးပါပဲ။ သူတို့တွေအတွက် အလင်းရောင်တွေ လိုအပ်နေပါတယ်ဆိုမှ မီတာခတွေ တိုးတောင်းတော့မယ် ဆိုတော့။
မီတာလျှောက်ဖို့အတွက် ငွေစုနေတဲ့ အဘွားအို တစ်ယောက်က
''မီတာခတွေ ဈေးတက်တော့မယ်ဆိုတော့ မီတာမလျှောက်တာပဲ ကောင်းမလား မသိပါဘူး။ ငါတို့တော့ ဒီတစ်သက် လျှပ်စစ်မီးနဲ့နေဖို့ ကံမပါဘူး ထင်ပါရဲ့'' လို့ ညည်းညူနေသံကို ကြားလိုက်မိပါတယ်။ သူ့ရဲ့ မျှော်လင့်ချက် ကလေးကို အားနာမိပါရဲ့။
အလုပ်သွား အလုပ်ပြန်အတွက် လိုင်းကားတွေ တိုးစီးနေရတဲ့ လူတွေကလည်း ကားခတွေ ဈေးတက်မှာကို စိုးရိမ်နေကြပြန်တယ်။ မီတာခတွေ ဈေးတက်တာနဲ့ CNG ဖိုးတွေပါ တိုးလာပြီး ကားခတွေလည်း ဈေးတက် လာနိုင်တယ်လေ။
လျှပ်စစ်ဌာနမှာ လုပ်နေတဲ့ ကျွန်တော့် သူငယ်ချင်း တစ်ယောက်က
''မင်းတို့တွေက လျှပ်စစ်ကို ချွေတာရကောင်းမှန်းမှ မသိတာ။ အခုလို ဈေးတက်တော့မှ ချွေတာရကောင်းမှန်း သိတော့မှာပေါ့'' လို့ ကျွန်တော့်ကို ကျီစယ်ပါတယ်။
ကိုရီးယား ဇာတ်ကားတွေ ကြည့်နေတဲ့ ကျွန်တော့် တူမလေးကို သူ့အမေက ဟန့်တယ်။
''နင်တို့တွေနော် အဲဒီကိုရီးယားတွေပဲ အားအားရှိ ထိုင်ကြည့်မနေနဲ့။ မီတာခဈေးတွေက တက်ဦးမှာ။ ဒီဇာတ်လမ်း တွဲပြီးရင် နောက်လာမယ့် ဘာဇာတ်လမ်းတွဲမှ မကြည့်ရတော့ဘူး''
ကလေးတွေမှာ ဘာမဆိုင် ညာမဆိုင် မီတာခတွေ တိုးတောင်းတာနဲ့ ဖျော်ဖြေရာမဲ့ ဖြစ်ရဦးမှာလား။
လျှပ်စစ်မီတာခတွေ တိုးတောင်းတဲ့ ကိစ္စအတွက် မြို့ထဲမှာ ညဘက်ဆန္ဒ ပြပွဲတွေ လုပ်လာကြတယ်။ ကျွန်တော်တို့ရဲ့ ဘ၀တွေဟာ ဆန္ဒပြရင်း နဲ့ပဲ အချိန်တွေ ကုန်လွန်ရတော့ မှာလားလို့ တွေးနေမိတယ်။
ကျွန်တော်တို့နိုင်ငံ ဒီမိုကရေစီနိုင်ငံအဖြစ် စပြီးထူထောင်ခါစ ကတည်းက ပြလိုက်ရတဲ့ ဆန္ဒတွေ။
မြစ်ဆုံကိစ္စ၊ လယ်ယာကိစ္စ၊ အခြားသော ကိစ္စပေါင်းများစွာနဲ့ အခုလို လျှပ်စစ်မီတာခလိုမျိုး ကိစ္စတွေအတွက် မဖြစ်သင့်တာ မဖြစ် ရအောင် ဆန္ဒတွေ ဖော်ထုတ်နေကြရတယ်။ ဆန္ဒပြရတဲ့ အချိန်တွေကို မြန်မြန်ကုန်လွန် စေချင်မိပါတယ်။ ကျွန်တော်တို့ နိုင်ငံ ပြန်ပြီး ထူထောင် နိုင်ဖို့အတွက် ဆန္ဒပြရမယ့် အချိန်တွေ လျော့နည်းသွားပြီး အလုပ်လုပ်ကြရမယ့် အချိန်တွေ တိုးလာဖို့ လိုပါတယ်။
ကျွန်တော်တို့ ငယ်ငယ်တုန်းက လူကြီးတွေက ချစ်လို့ စကြ၊ နောက်ကြတယ်။ မခံမရပ်နိုင်အောင် စလို့ ကျွန်တော်တို့က ကလေး ပီပီ အော်ဟစ်ဆဲဆိုတာတို့၊ တစ်ခုခုနဲ့ ပစ်ပေါက်တာတို့ လုပ်ရင် ကျွန်တော်တို့ပဲ ပြန်ပြီး အရိုက်ခံရ ပြန်ပါတယ်။ အရိုက်ခံလိုက်ရတဲ့ ကျွန်တော်တို့ကို လူကြီးတွေက ပြန်ချော့ကြပြန်ရော။
တကယ်တော့ ပြည်သူတွေဟာ ကလေးတွေ လိုပါပဲ။ အစိုးရက မိဘလို အုပ်ချုပ်တာကို လိုချင်ကြပေါ့။
ကျွန်တော်တို့မှာ အစခံ၊ အနောက်ခံ ရင်းနဲ့ စိတ်ဆိုးမိတဲ့အခါ အရိုက်ခံခဲ့ရတဲ့ နှစ်တွေက မနည်းတော့ပါဘူး။ ဒါပေမဲ့ ကျွန်တော် တို့ကို ပြန်ချော့မယ့် အချိန်တွေဟာ အခုထိ ရောက်မလာ သေးပါဘူး။
အိမ်နီးချင်း နိုင်ငံတွေမှာ လျှပ်စစ်မီးတွေ ထိန်ထိန်လင်းနေပြီး ခေတ်မီတိုးတက် နေချိန်မှာ ကျွန်တော်တို့ နိုင်ငံက မီတာခတွေ မတတ်နိုင် လို့ လျှပ်စစ်အသုံးပြုရတဲ့ အတတ်ပညာတွေမှာ ခေတ်နောက်ကျ ကျန်ခဲ့ရင်၊ လျှပ်စစ်ဓာတ်အားခတွေကို ချွေတာရင်း မီးတွေ မှိတ်ပြီး မှောင်မဲနေမယ်ဆိုရင်။
ညဘက်မှာ စာကျက်ချင်ကြတဲ့ အနာဂတ်ရဲ့ မျိုးဆက် ကျောင်းသား လူငယ်လေးတွေ မီတာခကို ချွေတာပြီး ကျောင်းစာတွေ မကျက်ဖြစ်ကြရင်။
တိုင်းပြည်ရဲ့ အနာဂတ်အတွက် အလင်းရောင်လေးတွေ လိုအပ်နေပါတယ်။ လိုအပ်နေတဲ့ အလင်းရောင် လေးတွေဟာ ပိုမိုတောက်ပ မလာဘဲ မှေးမှိန်ပျောက်ကွယ် သွားမှာကို ထိတ်လန့်နေမိတယ်။
Eleven Media Group