Friday, November 15, 2013

စစ်တွေ၊ မောင်တောနှင့် မြေပုံတွင် လုံခြုံရေး တိုးမြှင့်

0 comments


Myanmar-police-patrol-in-truck
အိုအိုင်စီ ကိုယ်စားလှယ်များ လာရောက်လည်ပတ်မည့် စစ်တွေ၊ မောင်တောနှင့် မြေပုံမြို့တွင် လုံခြုံရေး တိုးမြှင့်ထားကြောင်း သတင်း ရရှိသည်။စစ်တွေမြို့တွင် နေရာ (၅) ခုတွင် အဓိက လုံခြုံရေးကို တိုးမြှင့်ထားပြီး ထိုအထဲတွင် စစ်တွေ လေဆိပ်၊ လောကာနန္ဒာဘုရားနှင့် ၀င်္ကဘာကွင်းတို့ ပါဝင်သည်ဟု သိရသည်။လုံခြုံရေး တိုးမြှင့်ထားသည့်အပေါ် စစ်တွေမြို့နယ် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးအောင်မြတ်ကျော်က ယခုလို ပြောသည်။

“  အိုအိုင်စီ ကိုယ်စားလှယ်အဖွဲ့ စစ်တွေကိုလာမယ်။ ဒီမှာ ဆန္ဒပြကြမယ်ဆိုတော့ လုံခြုံရေးကို တိုးမြှင့်ထားတဲ့ သဘောဖြစ်ပါတယ်။ စစ်တွေ လေယာဉ်ကွင်းကိုတော့ အဓိကထားပြီး လုံခြုံရေး တိုးမြှင့်ထားပါတယ်” ဟု ၎င်းက ဆိုသည်။အလားတူ မြေပုံမြို့တွင်လည်း အိုအိုင်စီ ကိုယ်စားလှယ် အဖွဲ့ လာမည် ဆိုသဖြင့် လုံခြုံရေး တိုးမြှင့်ထားကြောင်းကို မြို့ခံ တစ်ဦးဖြစ်သူ ဦးမောင်မောင်က ပြောသည်။
“ အဓိကတော့ မြို့ထွက်ဝနဲ့ မွတ်ဆလင် ဒုက္ခသည် စခန်း အနီး တ၀ိုက်မှာ လုံခြုံရေး တိုးချထားပါတယ်။ ပီးရင် နိုင်ငံခြားသားတွေ တော်တော်များများလည်း မနေ့ကတည်းက မြေပုံကို ရောက်လာကြတာကိုတွေ့ရပါတယ်။မြေပုံမှာတော့ အိုအိုင်စီကို ဆန္ဒပြဖို့ အစီအစဉ် မရှိပါ” ဟု ယင်းက ဆိုသည်။
မောင်တောတွင်လည်း လုံခြုံရေးကို သိသိသာသာ တိုးချထားကြောင်း ဒေသခံ တစ်ဦးဖြစ်သူ ဦးဝင်းက ပြောသည်။
“ မောင်တောမှာက နဂိုကတည်းက လုံခြုံရေးတွေ အပြည့်ရှိတော့ နည်းနည်းပါးပါး တိုးချမျိုးကို တွေ့ရပါတယ်။ အစပိုင်းမှာတော့ အိုအိုင်စီကို ဆန္ဒပြကန့်ကွက်မယ်ဆိုပြီး သတင်းတွေ ထွက်ခဲ့တဲ့ အတွက် မြို့မှာတော့ နည်းနည်း လူပ်လူပ်ရှားရှား ဖြစ်သွားခဲ့ပါတယ်” ဟု သူက ဆိုသည်။
မောင်တောမြို့တွင်လည်း အိုအိုင်စီ ကိုယ်စားလှယ် အဖွဲ့ ခရီးစဉ်ကို ဆန့်ကျင် ကန့်ကွက်ရန် ခွင့်ပြုချက်တောင်းခံခဲ့သော်လည်း မြို့နယ် အုပ်ချုပ်ရေးမှူးမှ မောင်တောမြို့မိ မြို့ဖများကို ခေါ်ယူပြီး ရက်နီးကပ်ပြီး ခွင့်ပြုချက်တောင်းခံသည့် အတွက် ခွင့်မပြုနိုင်ကြောင်း၊ ဆန္ဒပြကန့်ကွက်စရာလည်း မလိုအပ်ကြောင်းပြောဆိုခဲ့ပြီး ခွင့်ပြုချက် မပေးခဲ့ဟု ဦးဝင်း ပြောဆိုသည်။

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here