Saturday, November 9, 2013

ပြည်သူ-စည်ပင်လမ်းဟု ခေါ်တွင်နိုင်သော လမ်းများ ပေါ်ပေါက်ရန် မြို့နယ် စည်ပင်အရာရှိနှင့် လွှတ်တော်ကိုယ်စားလှယ်တို့က တိုက်တွန်း

0 comments

Saturday, November 9, 2013

ကချင်ပြည်နယ်၊ မိုးညှင်းမြို့ရှိ လမ်းများကို လက်ရှိစည်ပင်ဘတ်ဂျက်ဖြင့် ဆောင်ရွက်နေ ရသော် လည်း ပြည်သူများနှင့် ပူးပေါင်း၍ ပြည်သူ-စည်ပင်လမ်းဟု ခေါ်တွင်နိုင်သော လမ်းများ ပေါ်ပေါက်စေ လိုကြောင်း မိုးညှင်းမြို့နယ် စည်ပင်အမှုဆောင် အရာရှိ ဦးလှမိုးနှင့် လွတ်တော်ကိုယ်စားလှယ် ဦးကျော် စိုးလေးတို့က ပြောကြသည်။

“လက်ရှိဘတ်ဂျက်နဲ့ ဆောင်ရွက်နေရသော်လည်း ပြည်သူနဲ့ ပူးပေါင်းပြီး ပြည်သူ-စည်ပင်လမ်း ဟု ခေါ်တွင်နိုင်သောလမ်းများ ပေါ်ထွက်စေချင်ပါတယ်။ ဒါမှမြို့အတွင်း ကျယ်ကျယ်ပြန့်ပြန့် ဆောင် ရွက်နိုင်ပြီး မိုးညှင်းမြို့အတွင်း လမ်းကောင်းများအမြန်ဆုံး ပေါ်ထွက်လာနိုင်မှာဖြစ်ပါတယ်”ဟု မြို့နယ်စည်ပင်အမှုဆောင် အရာရှိက ပြောကြားလိုက်ခြင်း ဖြစ်သည်။

မိုးညှင်းမြို့တပ်မတော်ရှေ့တန်းရုံးနှင့်ယခင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးမူး နေခဲ့သည့် ဆောက်လုပ်ရေး ရုံးဟောင်း အနီးတွင် လမ်းကြောများကွေ့ကောက်နေသဖြင့် ယာဉ်တိုက်မှုများ မကြာခ ဏဖြစ်နေသောကြောင့် လမ်းကြောကိုဖြောင့်၍ ကတ္တရာလမ်းပြုလုပ်ရန်အတွက်လည်း ရပ်ကွက် ရပ်မိရပ်ဖများနှင့် ဆွေးနွေးခဲ့ကြသည်။

“ကတ္တရာလမ်းများ ရေရှည်တည်တန့်နိုင်ရန် ပြည်သူများနှင့် တာဝန်ရှိသူများ ထိန်းသိမ်းစောင့်ရှောက်ရန် လိုအပ်ပါတယ်။ လမ်းအဟောင်း မပျက်မီ လမ်းအသစ် ဆောင်ရွက်နိုင်မှသာ ဖွံ့ဖြိုးတိုးတက် မှု မြန် ဆန်နိုင်မှာ။ ဒေသခံပြည်သူများ အန္တရာယ် ကင်းရှင်းရေးအတွက် စေတနာထားပြီး အမြန် ဆုံးပြုပြင် ဆောင်ရွက်ကြပါ။ အုတ်ကျင်းကြီးရပ်ကွက် အတွင်းရှိ လမ်းမကြီးအား ရပ်ကွက်ပြည်သူများ ပူးပေါင်းပြီး လမ်းသွယ်များကို ကတ္တရာခင်းနိုင်ရန် ကြိုးစားဆောင်ရွက်စေလိုပါတယ်”ဟု လွှတ်တော် ကိုယ်စားလှယ် ဦးကျော်စိုးလေးက ပြောသည်။

နတ်ကြီးကုန်း(ရှမ်းပိုင်း)ရပ်ကွက်ရှိ နတ်ကြီးကုန်း-အုတ်ကျင်း လမ်းမကြီးအရှည် ၂၁၀၀ပေအား မူလ လမ်းဟောင်း၏ တဖက်၃ပေစီအကျယ် ၆ပေတိုးချဲ့ပြီး ထပ်ပိုးလွှာကတ္တရာ ခင်းခြင်းကို မြို့နယ်စည်ပင် သာယာအဖွဲ့၏ ခွင့်ပြုငွေ(၂၉၁၅၆၀၀၀)ကျပ် အကုန်ကျခံ ဆောင်ရွက်ခဲ့ကြောင်း အငယ်တန်းအင်ဂျင်နီယာ ဦးမြင့်ဆွေက ရှင်းပြသည်။

မြို့မရပ်ကွက်နှင့် အရှေ့စု ရပ်ကွက်လမ်းဆုံမှ မြသိန်းတန်ဘုရားအထိ ပေ(၁၈၀၀)ရှိသော မဟာဗန္ဓုလ လမ်းသွယ်အား တဖက်(၃)ပေစီ တိုးချဲ့ရန်လျှာထားကြောင်းမြို့နယ်စည်ပင်အမှုဆောင် အရာရှိ ဦးလှမိုးက ပြောကြားသည်။

နိုဝင်ဘာ ၇ရက်နေ့တွင် ကချင်ပြည်နယ် မိုးညှင်းမြို့၏ မြို့တွင်းလမ်းများကို မြို့နယ်စည်ပင်မှ တည်ဆောက်ပြုပြင်တိုးချဲ့ရေးများ ဆောင်ရွက်လျက်ရှိရာ မိုးညှင်းမြို့ လွှတ်တော်ကိုယ်စားလှယ် ဦးကျော်စိုးလေး၊ ခရိုင်ထွေအုပ်အုပ်ချုပ်ရေးမှုး ဦးအောင်စိုးမိုး၊ မြို့နယ်ထွေအုပ်အုပ်ချုပ်ရေးမှုး ၊ မြို့နယ်အထောက်အကူပြုဥက္ကဋ္ဌ၊ မြို့မိမြို့ဖများက ကွေ့ကောက်နေသော လမ်းများ ဖြောင့်သွားရန်နှင့် လိုအပ်သည့် လမ်းကြောများကို ချဲ့ထွင်သွားရန် စစ်ဆေးခဲ့ကြခြင်း ဖြစ်သည်။

သီဟအောင်(ကချင်)
The Myanma Age

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here