Wednesday, November 27, 2013

ရတနာပုံ တယ်လီပို့အား အများပိုင် ကုမ္ပဏီအဖြစ် ပြောင်းလဲဖွဲ့စည်းရာတွင် နိုင်ငံတော်၏ ရင်းနှီးမြှုပ်နှံမှုများ လွှဲပြောင်းရေးကို ဆောင်ရွက်နေဆဲဖြစ်

0 comments
27.11.2013

ရတနာပုံ တယ်လီပို့ ကုမ္ပဏီကို အများပိုင် ကုမ္ပဏီအဖြစ် ပြင်ဆင် ဖွဲ့စည်းရာတွင် နိုင်ငံတော် အစိုးရ၏ ရင်းနှီးမြှုပ်နှံမှုများ လွှဲပြောင်းရေး ကိစ္စရပ်များအား ဆောင်ရွက်နေရဆဲဖြစ်ကြောင်း သတင်းရသည်။

"အများပိုင် ကုမ္ပဏီအဖြစ် ပြင်ဆင်ဖွဲ့စည်းတဲ့အခါ လုပ်ရမယ့် အဆင့်တွေ၊ Procedure တွေ ရှိပါတယ်။ လက်ရှိမှာ တော်တော်များများ ပြီးနေပါပြီ။ ဒါပေမဲ့ နိုင်ငံတော်ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို ဘယ်လိုအသွင် ကူးပြောင်းမလဲဆိုတာ ဌာနဆိုင်ရာ အဆင့်ဆင့်ကို တင်ပြရပါတယ်။ ဒါနဲ့ ပတ်သက်ပြီး လုပ်ဆောင် ရတာတွေကို ဆက်လုပ်နေရပါတယ်။ အစိုးရပိုင်း လုပ်ဆောင်ရတာတွေက ထင်သလောက် မမြန်ဘဲ တစ်ယောက်ကိုတစ်ယောက် စောင့်နေရသလိုမျိုး ဖြစ်နေတယ်။ အော်ပရေတာ ကုမ္ပဏီတွေ အနေနဲ့ က စောစောပြီးတဲ့သူ စောစော စရောင်းကြမှာပဲ။ ရတနာပုံ တယ်လီပို့ အနေနဲ့လည်း စောစောစနိုင်အောင် Target ထားပြီး လုပ်နေပါတယ်။ ရတနာပုံ တယ်လီပို့မှာ အစိုးရပိုင်း၊ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းပိုင်းက ရင်းနှီးမြှုပ်နှံမှုတွေ ပါနေတယ်။ ဒါတွေကို အသွင်ကူးပြောင်းတဲ့ အခါ နိုင်ငံတကာမှာ ဘယ်လိုလုပ်ဆောင် ကြလဲဆိုတာတွေကိုလည်း ကျွန်တော်တို့ အနေနဲ့ တင်ပြပေးတယ်။ နောက်တစ်ခု ပြောချင်တာက ဆက်သွယ်ရေးကဏ္ဍ ဖွင့်ပေးသလိုမျိုး ကျန်တဲ့ကဏ္ဍတွေကိုလည်း နည်းမှန်လမ်းမှန် ဖွင့်ပေးဖို့ လိုပါတယ်။ လျှပ်စစ်မီး၊ လမ်းပန်းဆက်သွယ်ရေး စတဲ့အခြေခံ အဆောက်အအုံ ပိုင်းတွေပေါ့။ ဆက်သွယ်ရေး အခြေခံ အဆောက်အအုံတွေ တည်ဆောက်တဲ့အခါ မီးမရတဲ့ နေရာတွေမှာ ထပ်တိုးကုန်ကျ စရိတ်တွေ ရှိပါတယ်" ဟု ရတနာပုံ တယ်လီပို့ ကုမ္ပဏီမှ ဒါရိုက်တာ တစ်ဦးဖြစ်သူ ဦးရှိန်းသူအောင်က ပြောကြားသည်။

ရတနာပုံ တယ်လီပို့ကို အများနှင့် သက်ဆိုင်သော ကုမ္ပဏီအဖြစ် ပြင်ဆင်ဖွဲ့စည်းပြီး နောက်သုံးလ အကြာ တွင် ရှယ်ယာတစ်စုလျှင် ကျပ်တစ်သောင်းနှုန်းဖြင့် မည်သူမဆို လွတ်လပ်စွာ ၀ယ်ယူနိုင်ရန် ရောင်း ချပေး သွား မည်ဖြစ်ကြောင်း၊ အစုရှယ်ယာပေါင်း တစ်ဘီလျံထိ ရောင်းချပေးသွားမည် ဖြစ်ကြောင်းကို ၂၀၁၃ ခုနှစ် ဇွန်လအတွင်းက ပြုလုပ်ခဲ့သော သတင်းစာ ရှင်းလင်းပွဲတွင် ရတနာပုံ တယ်လီပို့မှ တာဝန် ရှိသူ များက ပြောကြားခဲ့သည်။

ရတနာပုံ တယ်လီပို့ အနေဖြင့် အများပိုင် ကုမ္ပဏီအဖြစ် ဖွဲ့စည်းပြီး နောက်ပိုင်းတွင် မိုဘိုင်းဖုန်း လုပ်ငန်း၊ အင်တာနက် ၀န်ဆောင်မှု လုပ်ငန်း၊ ဂြိုဟ်တုဆက်သွယ်ရေး၊ သုတေသနနှင့် ဖွံ့ဖြိုးရေး စသည့်လုပ်ငန်းများ ကို လုပ်ကိုင်ဆောင်ရွက် သွားမည်ဟု သိရသည်။

ရတနာပုံ တယ်လီပို့ ကုမ္ပဏီမှာ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက ၅၁ ရာခိုင်နှုန်းနှင့် ပုဂ္ဂလိက ကဏ္ဍက ၄၉ ရာခိုင်နှုန်း ပိုင်ဆိုင်ခဲ့သော ကုမ္ပဏီတစ်ခုဖြစ်ကြောင်း သိရသည်။

Eleven Media Group

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here