Friday, November 29, 2013

ပင်လုံမြို့ သျှမ်းနှစ်သစ်ကူး စာပေဟောပြောပွဲပါကျင်းပမည်

0 comments
Photo- ကျိုင်းတုံမြို့ သျှမ်းနှစ်သစ်ကူးပွဲတော်အား ခွန်ထွန်းဦးနှင့် စိုင်းလုံးဆိုင်တို့ ဖဲကြိုးဖြတ် ပွဲဖွင့်လှစ်စဉ် (ဓါတ်ပုံ-ကော့လီမီဒီယာ)

29.11.2013

ဒီဇင်ဘာလ ၃ ရက်နေ့တွင်ကျရောက်သော ၂၁၀၈ ခု သျှမ်းနှစ်သစ်ကူးအား သျှမ်းပြည်တွင်းပြည်ပက သျှမ်းမိသားစုများ နည်းတူ သျှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင် သမိုင်းဝင် ပင်လုံမြို့တွင်လည်း သျှမ်းနှစ်သစ်ကူးပွဲကျင်းပမည်ဖြစ်ရာ သျှမ်းစာပေ ပညာရှင် လုံးစိုင်းဖှ၏ စာပေဟောပြောပွဲကိုပါ ထည့်သွင်းကျင်းပပြုလုပ်သွားမည်ဟု စုံစမ်းသိရှိရပါသည်။
ပွဲတော်ကို ဒီဇင်ဘာ ၂ ရက်မှ ၄ ရက်နေ့အထိ ပင်လုံမြို့ ဘောလုံးကွင်းတွင် ကျင်းပသွားမည်ဖြစ်ပါသည်။
“ ဒီနှစ်ပွဲက ထူးခြားတယ်။ သျှမ်းစာပေ ပညာရှင် ဦးလုံးစိုင်းဖှ လာရောက်ဟောပြောမယ်။ မျိုးချစ်စိတ်လှုံ့ဆော်ပေးတဲ့ ဇိဏ်းလျောင်းတီးဝိုင်းအဖွဲ့လာမယ်။ လူငယ်တော်တော်များများ ကြိုက်ကြတဲ့တီးဝိုင်းပေါ့။ ဒါကြောင့် အမြို့မြို့အနယ်နယ် က ဒေသခံတွေ လာရောက်ပါဝင် ဆင်နွှဲမယ်လို့ကြားသိရပါတယ် ” ဟု ဒေသခံ ဦးလုံးခမ်းက ပြောသည်။
ပွဲတော်၌ ၂၀၁၂ -၂၀၁၃ ခုနှစ် ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း အောင်မြင်သူ ပင်လုံမြို့ခံ သျှမ်းလူငယ် ၅၀ ကျော်အား လည်း ပင်လုံသျှမ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့မှ ဂုဏ်ပြုဆု ချီးမြှင့်ပေးသွားမည်ဟုလည်း ပွဲဖြစ်မြောက်ရေး ကော်မတီဝင် များကပြောပါသည်။
“မနှစ်က ကျိုင်းတုံမှာလုပ်တဲ့ စုပေါင်းပွဲအရှိန်ရယ် ဇိဏ်းလျောင်းတီးဝိုင်းကို အားပေးချင်ကြတာရယ်ကြောင့် မိုင်းကိုင်၊ လဲချားဘက်ကရော၊ မိုးနဲ လင်းခေး မိုင်းပန်ဘက်ကရော အများကြီးလာကြမယ်လို့ မှန်းထားတယ်” ဟု သျှမ်းလူငယ်ခေါင်းဆောင်စိုင်းဆုက ပြောသည်။
ယခုနှစ်ပွဲတော်တွင်လည်း ခေတ်သစ်တေးဂီတဖျော်ဖြေမှုအပြင်ခေတ်ဟောင်း တေးသီချင်းများ ရိုးရာ တိုးနယားအက၊ ကိန္ဒရီ ကိန္ဒရာအက၊ ဓါးအက သိုင်းအက အစီအစဉ်အများအပြား ထည့်သွင်းထားသည်ဟု ဆိုပါသည်။ ပွဲတော်ကာလ စည်းလုံးခြင်း အမှတ်အသားအနေဖြင့် သျှမ်းအိမ်များအားလုံး သျှမ်းအလံ ထူထားကြမည်ဟု သိရသည်။
သျှမ်းနှစ်သစ်ကူးပွဲတော်အား အချို့မြို့နယ်တွင် ၂ ည အနည်းဆုံး ကျင်းပကြပြီး တချို့မြို့နယ်များတွင်လည်း ၅ ည မှ ၇ ည အထိ ကျင်းပကြမည်ဖြစ်ကြောင်း သိရသည်။ သျှမ်းပြည်အရှေ့ပိုင်းအထူးဒေသ ၄ ဆီလူး တွင် ယမန်နေ့မှစ၍ ၇ ည တိုင်တိုင် သျှမ်းအရပ်ရပ်မှ ဧည့်ပရိသတ်များအား ဖိတ်ကြား၍ စည်စည်ကားကားကျင်းပနေကြောင်း မြို့ခံများက ပြောပါသည်။

သျမ်းသံတော်ဆင်.

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here