Tuesday, November 12, 2013

ဖက်ဒရယ်ပြည်ထောင်စု ဖြစ်လာပါက ဖက်ဒရယ် ပြည်ထောင်စုနှင့် ညီညွတ်သည့် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် တပ်မတော်ဆိုသည့် အချက်များ ဖြစ်လာမည်ဟု ၀န်ကြီးဦးအောင်မင်း ပြောကြား

0 comments
ဖက်ဒရယ်ပြည်ထောင်စု ဖြစ်လာပါက ဖက်ဒရယ် ပြည်ထောင်စုနှင့် ညီညွတ်သည့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ၊ ဖက်ဒရယ်ပြည်ထောင်စုနှင့် ညီညွတ်သည့် တပ်မတော်ဆိုသည့် အချက်များ ဖြစ်လာမည်ဟု သမ္မ တရုံး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက နိုဝင်ဘာ ၁၀ ရက်က ရန်ကုန်မြို့၌ ပြု လုပ်သော ပြည်ထောင်စု ၀န်ကြီးများနှင့် နိုင်ငံရေး ပါတီများ၏ တွေ့ဆုံဆွေးနွေးပွဲတွင် ပြောကြားသည်။

အဆိုပါ ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက အစိုးရအဖွဲ့နှင့် တိုင်းရင်းသား လက်နက် ကိုင် အဖွဲ့များ၏ ငြိမ်းချမ်းရေး ဆွေးနွေးမှု အခြေအနေများအား နိုင်ငံရေးပါတီများအား ရှင်းလင်းပြော ကြားရာတွင် ယခုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်များအကြား ဆွေးနွေးရာတွင် ဖက်ဒရယ် ပြည်ထောင်စုနှင့် ပတ်သက်သည့် အကြောင်းအရာများကို ဆွေးနွေးခွင့် ပေးထားပြီး ဖြစ်သည်ဟု ၀န်ကြီး ဦးအောင်မင်း က ပြောကြားသည်။ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ''တိုင်းရင်းသားတွေ တင်ပြတဲ့အချက် ၁၀ ချက်မှာ အရေးကြီးဆုံးက ဖက်ဒရယ်ပဲ။ ဖက်ဒရယ် ပြည်ထောင်စုကို ဆွေးနွေးလို့ ဖက်ဒရယ် ပြည်ထောင် စု ဖြစ်လာရင် ဖက်ဒရယ်နဲ့ ညီညွတ်တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေတို့ ဖက်ဒရယ်ပြည်ထောင်စုနဲ့ ညီညွတ်တဲ့ တပ်မတော်တို့ဆိုတာ ဖြစ်လာမယ်။ ဒါကြောင့်မို့ အဓိကအချက် ဖက်ဒရယ်ကို ခွင့်ပြုထား တာ ဖြစ်တဲ့ အတွက် ဘာမှပြောနေစရာ မရှိဘူး။ အခက်အခဲ မရှိဘူးဆိုတာကို ကျွန်တော် တို့ တွေ့ရပါတယ်'' ဟု ပြောကြားသည်။

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ လိုင်ဇာဘုံသဘော တူညီချက် ၁၁ ချက်တွင် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရန် အပါအ၀င် အုပ်ချုပ်ရေး၊ စီးပွားရေးဆိုင်ရာ အာဏာခွဲဝေ သုံးစွဲရေး အချက်အလက်များ ပါဝင်ကြောင်း သိရပြီး အဆိုပါ တိုင်းရင်းသားများ၏ ဘုံသဘော တူညီချက်ကို နိုဝင်ဘာ ၄ ရက်နှင့် ၅ ရက်များတွင် မြစ်ကြီးနားမြို့၌ ပြုလုပ်ခဲ့သည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ၏ ဆွေးနွေးပွဲတွင် အစိုးရဘက်သို့ တရားဝင် ပေးအပ်ခဲ့သည်။

နိုင်ငံရေး ဆွေးနွေးပွဲများ ပြုလုပ်ပါကလည်း ကန့်သက်ချက်များစွာ မရှိကြောင်း၊ မြန်မာနိုင်ငံတော်မှ ခွဲမထွက်ရ ဟူသည့် အချက်နှင့် မြန်မာနိုင်ငံ၏ အချုပ်အခြာ အာဏာကို ထိပါးစေသည့် အကြောင်း အရာများ မလုပ်ရဟူသည့် အချက်နှစ်ချက်မှလွဲပြီး ကျန်သည့်အချက် များကို ဆွေးနွေးနိုင်ကြောင်း နိုင် ငံတော် သမ္မတက ပြောကြားထားသည်ဟု ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ပြောကြားသည်။

ယခုနှစ် ဒီဇင်ဘာလအတွင်း ကရင်ပြည်နယ် ဘားအံမြို့တွင် ပြုလုပ်မည့် ပြည်ထောင်စု ငြိမ်း ချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ ငြိမ်း ချမ်းရေး ဆွေးနွေးပွဲကို အောင်မြင်အောင် ဆောင်ရွက်သွားမည်ဟုလည်း ပြည်ထောင်စုဝန်ကြီး ဦးအောင် မင်း က ပြောကြားသည်။

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here