Friday, November 1, 2013

ပြည်ပရင်းနှီးမြှုပ်နှံမှုနှင့် ကောင်းမွန်သော စီးပွားရေးဝန်းကျင်

0 comments
နိုဝင်ဘာလ ၁ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော်

အောက်တိုဘာ ၂၉ ရက်တွင် ကမ္ဘာ့ဘဏ်က Doing Bussiness 2014 အမည်ရှိ ၎င်းတို့၏ နှစ်ပတ်လည် အစီရင်ခံစာ တစ်စောင်ကို ထုတ်ပြန်ခဲ့သည်။ ယင်းတွင် အငယ်စားနှင့် အလတ်စား လုပ်ငန်းများအတွက် လွှမ်းမိုးချုပ်ကိုင်ထားသည့် အချက်များကို အခြေပြု၍ ၎င်းတို့ လေ့လာထားသည့် ၁၈၉ နိုင်ငံများ၏ အဆင့်အသီးသီးကို ဖော်ပြခဲ့သည်။ လုပ်ငန်းတစ်ခု စတင်ခြင်း၊ ဆောက်လုပ်ရေး ပါမစ်များ လုပ်ဆောင်ခြင်း၊ လျပ်စစ်ဓာတ်အား ရရှိခြင်း၊ စနစ်တကျ မှတ်ပုံတင်ခြင်း၊ လုပ်ငန်းအဆင့် သတ်မှတ်ခြင်း၊ ရင်းနှီးမြှုပ်နှံ သူများအား အကာအကွယ်ပေးခြင်း၊ အခွန်ကောက်ခံခြင်း၊ နယ်စပ်ဖြတ်ကျော် ကုန်သွယ်ခြင်း၊ ကန်ထရိုက် စာချုပ်များ ချုပ်ဆိုခြင်း၊ ကြွေးမြီကိစ္စများ ဖြေရှင်းပေးခြင်းနှင့် အလုပ်သမားများ ငှားရမ်းခန့်ထားခြင်းဟူသည့် အချက် ၁၁ ချက်ပေါ် မူတည်၍ လုပ်ငန်းလုပ်ကိုင်ရန် အကောင်းဆုံး အဆင့်များ သတ်မှတ်ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံသည် စီးပွားရေးနှင့် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများကို အကြီးအကျယ် လုပ်ဆောင် နေသော်လည်း အစီရင်ခံစာတွင် ပါဝင်သော နိုင်ငံပေါင်း ၁၈၉ နိုင်ငံ ရှိသည့်အနက် အဆင့် ၁၈၂ သို့ ရောက်နေသည်။ အရှေ့တောင်အာရှနိုင်ငံများအနက် စင်ကာပူ နိုင်ငံသည် ရှစ်နှစ်မြောက် ဆက်တိုက်အဖြစ် ကမ္ဘာ့အကောင်းဆုံး နေရာ၌ ဆက်လက် ရပ်တည်နေပြီး မလေးရှားသည် ယခင်နှစ်က အဆင့် ၁၂ နေရာတွင် ရှိရာမှ အဆင့် ၆ နေရာသို့ ခုန်တက်လာသည်။ ထိုင်းနိုင်ငံသည်လည်း ထိပ်ဆုံးနိုင်ငံ ၂၀ စာရင်း၌ ပါဝင်နေသည်။

မလေးရှား နိုင်ငံသည် ယခုနှစ်တွင်မှ ပထဆုံးအဖြစ် ထိပ်ဆုံးနိုင်ငံ ၁၀ စာရင်း၌ ပါဝင်လာခြင်း ဖြစ်သည်။ မလေးရှားသည် ဆောက်လုပ်ရေး လုပ်ငန်းအတွက် ပါမစ်ရယူရာတွင် လိုအပ်သည့် လုပ်ငန်းစဉ် အဆင့်များ လျှော့ချပေးနိုင်ခြင်း၊ လျှပ်စစ်ဓာတ်အား လိုင်းအသစ် တပ်ဆင်ရန် ကြာချိန်လျှော့ချ ပေးနိုင်ခြင်းနှင့် ကုမ္ပဏီ မှတ်ပုံတင်ကြေး လျှော့ချပေးနိုင်ခြင်း တို့ကြောင့် အဆင့်မြင့်တက် လာရခြင်း ဖြစ်သည်ဟု ဆိုသည်။

မြန်မာနိုင်ငံတွင် ပြည်သူများ၏ ပျမ်းမျှတစ်ဦးချင်း ၀င်ငွေသည် လွန်စွာနိမ့်ပါး လျက်ရှိပြီး ပြည်တွင်း၌ အလုပ်အကိုင် အခွင့်အလမ်းများလည်း နည်းပါးနေဆဲ ဖြစ်သောကြောင့် ပြည်သူများစွာ တို့သည် နေရပ်ဒေသ များကို စွန့်ခွာကာ ပြည်ပသို့ သွားရောက် အလုပ်လုပ်ကိုင် နေရသည်။ ပြည်ပနိုင်ငံများမှ လုပ်ငန်းရှင် များ မြန်မာနိုင်ငံသို့ လာရောက် ရင်းနှီးမြှုပ်နှံကြမှသာ ပြည်သူများအတွက် အလုပ်အကိုင် အခွင့်အလမ်းများ တိုးပွားလာပြီး ၀င်ငွေအနေအထား တိုးတက်လာဖွယ် ရှိသည်။ နိုင်ငံတော် အနေဖြင့်လည်း ရေရှည်ခိုင်မာသော စီးပွားရေးစနစ် တည်ဆောက်ရာတွင် ပြည်ပရင်းနှီး မြှုပ်နှံမှုများက အရေးပါသော အခန်းကဏ္ဍ၌ ပါဝင်နေသည်။ ထို့ကြောင့်လည်း ပြည်ပမှ လုပ်ငန်းရှင်များကို လာရောက် ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်နေရခြင်း ဖြစ်သည်။ ယခုအစီရင်ခံစာတွင် မြန်မာနိုင်ငံကို ထည့်သွင်းခဲ့ခြင်းမှာ ကောင်းသည်ဟု ယူဆလျှင် ရသော်လည်း အစီရင်ခံစာအတွက် စုဆောင်းခဲ့သော အချက်အလက်များအရ မည်မျှပြည့်စုံ မှန်ကန်သည်ဟူသည့် အချက်မှာမူ မေးခွန်းထုတ်စရာ ဖြစ်သည်။ သို့သော် အဆင့် ၁၈၂ ၌ ရှိနေသည်ဆိုခြင်း အတွက် မြန်မာနိုင်ငံ အနေဖြင့် ပြုပြင်ပြောင်းလဲမှုများစွာ ပြုလုပ်ရန် လိုအပ်နေသေးကြောင်း ပြသနေသည်။

ထို့ကြောင့် ပြည်ပမှ လုပ်ငန်းရှင်များအား လာရောက် ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်နေရုံနှင့် မပြီးဘဲ လုပ်ငန်း လုပ်ဆောင်နိုင်ရန် ကောင်းမွန်သော စီးပွားရေး ၀န်းကျင်များ ဖန်တီးပေးလျက် ပြုပြင်ပြောင်းလဲ သင့်သည်များ ပြောင်းလဲရန် လိုအပ်ပါကြောင်း The Daily Eleven သတင်းစာက တိုက်တွန်းအပ်ပါသည်။


EMG

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here