Friday, November 1, 2013

နိုင်ငံတစ်ဝန်း ကဏ္ဍပေါင်းစုံ ဖြည့်ဆည်းရန် ကျန်ရှိနေချိန်တွင် နေပြည်တော်၌ မင်္ဂလာကန်တော်ကြီး မီးအလှဆင်ခြင်းကဲ့သို့ လုပ်ငန်းများအတွက် ကျပ်သိန်းပေါင်း သောင်းချီ တောင်းခံခြင်းမှာ သင့်လျော်ခြင်း မရှိ၍ ထက်ဝက်လျှော့ချရန် လွှတ်တော် ကိုယ်စားလှယ်များ တင်ပြ

0 comments

8.1.1
အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာမြတ်ဥာဏစိုး လွှတ်တော်၌ ဆွေးနွေးစဉ်

ရန်ကုန်မြို့တော် အပါအ၀င် နိုင်ငံတစ်ဝန်း ကဏ္ဍပေါင်းစုံ ဖြည့်ဆည်းရန် ကျန်ရှိနေချိန်တွင် နေပြည်တော်၌ မင်္ဂလာကန်တော်ကြီး မီးအလှဆင်ခြင်း လုပ်ငန်းများကဲ့သို့ အလှအပ ဆင်ယင်ခြင်း လုပ်ငန်းများအတွက် ကျပ်သိန်းပေါင်း သောင်းချီ တောင်းခံခြင်းမှာ သင့်လျော်ခြင်း မရှိသဖြင့် ထက်ဝက်လျှော့ချရန် လွှတ်တော် ကိုယ်စားလှယ်များက တင်ပြခဲ့သည်။
အောက်တိုဘာ ၃၁ ရက်တွင် ကျင်းပသည့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေး၌ ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ်များက ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စု၏ နောက်ထပ် ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဥပဒေကြမ်း၏ ရငွေ၊ သုံးငွေများနှင့် စပ်လျဉ်း၍ ဆွေးနွေးရာတွင် ထည့်သွင်းပြောကြား ခဲ့ခြင်းဖြစ်သည်။
ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမြတ်ဥာဏစိုးက ဆွေးနွေးရာတွင် ''ကျွန်တော် ဆွေးနွေး ချင်တာက နေပြည်တော် ဆောက်လုပ်ရေး လုပ်ငန်းများကိစ္စ ဖြစ်ပါတယ်။ နေပြည်တော်မှာ စည်ပင်သာယာရေး လုပ်ငန်းတွေ၊ တည်ဆောက်ရေး လုပ်ငန်းတွေကို ဘတ်ဂျက်မှာ သုံးနေရာက ဖြည့်စွက် ရန်ပုံငွေအဖြစ် တင်ပြတောင်း ခံ လာတာကို တွေ့ရပါတယ်။ နေပြည်တော် စည်ပင်သာယာရေး ကော်မတီ၊ နိုင်ငံတော် သမ္မတရုံး၊ နေပြည်တော် ကောင်စီတို့ ဖြစ်ပါတယ်။ ပထမဆုံး တင်ပြရမယ်ဆိုရင် နေပြည်တော် စည်ပင် သာယာရေး ကော်မတီ လုပ်ငန်းကတော့ ရေပေးဝေရေး လုပ်ငန်းပဲ ဖြစ်ပါတယ်။ နေပြည်တော် စည်ပင် သာယာရေး ကော်မတီကို နိုင်ငံတော်ကနေ ထောက်ပံ့ငွေ ကျပ်သန်းပေါင်း ၁၃၀၀၀ ကျော် ထောက်ပံ့ ထားရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ population လည်း နည်းတဲ့အတွက် ၀င်ငွေပြန်ရတယ်ဆိုတဲ့ ပမာဏက အတော်နည်းပါတယ်။ နေပြည်တော်မှာ ရေပေးဝေရေး လုပ်ငန်းတွေ ဆောင်ရွက်သလို ပဲ ကျေးလက် ဒေသေ တွမှာ မပြောပါနဲ့။ ရန်ကုန်မြို့တော်မှာနေတဲ့ လူဦးရေ ခြောက်သန်းအတွက် နွေရာသီမှာ ရေလုံလောက်မှု မရှိသေးပါဘူး။ မန္တလေး မြို့တော်ကြီးရဲ့ ရေပေးဝေမှု စနစ်တွေ လိုနေပါသေးတယ်။ အဲဒီအချိန်မှာ ဒီလိုမျိုး ထူထောင်ပြီး ဒီလိုမျိုး ဆောင်ရွက်နေတာကို မုဒိတာတော့ ပွားပါတယ်။ မျှတမှု ရှိဖို့တော့ လိုအပ်မယ် ထင်ပါတယ်'' ဟု ဆွေးနွေးခဲ့သည်။
ဆက်လက်၍ ၎င်းက ''နောက် နေပြည်တော် ကောင်စီရဲ့ လမ်းလုပ်ငန်းတွေ ဖြစ်ပါတယ်။ နိုင်လွန်ကတ္တရာခင်းတဲ့ လုပ်ငန်းတွေပါ။ ဟုတ်ပါတယ်။ အာဆီယံဥက္ကဋ္ဌ တာဝန်ယူ ဆောင်ရွက်ရမယ့် အခြေအနေတွေ ရှိပါတယ်။ ဆီဂိမ်းပြိုင်ပွဲကို ခမ်းခမ်းနားနား ကျင်းပရမယ့် အခြေအနေတွေ ရှိပါတယ်။ ပြည်ထောင်စု နယ်မြေတစ်ခုထဲ ဟာ နိုင်ငံတကာ အဆင့်မီ ဒီလောက်ဖွံ့ဖြိုး တိုးတက်နေပြီးတော့ ကျန်တဲ့နေရာတွေက ဒုံရင်းက ဒုံရင်းပဲ ဖြစ်နေ တဲ့ အခါမှာ ဒါဟာ ဒီနိုင်ငံရဲ့ တကယ့်တိုးတက်မှုလို့ ကျွန်တော်တို့ ပြောနိုင်ပါသလား။ ပြန်ပြီးသုံးသပ်ဖို့ သင့်၊ မသင့် စဉ်းစားဖို့ လိုပါတယ်။ ဆက်စပ်လုပ်ငန်းတွေ အထူးသဖြင့် ရေနဲ့သန့်ရှင်းမှုလုပ်ငန်း၊ မှန်ပါတယ်။ နိုင်ငံတော် ဧည့်ဂေဟာ ဆိုတာဟာ နိုင်ငံ့ဂုဏ်ကို ဆောင်နိုင်ရမယ့် နေရာမျိုး ဖြစ်ပါတယ်။ သို့သော် လမ်းလယ် ကျွန်းတွေ ရေရှိဖို့ အတွက်ကို သိန်းပေါင်း ၁၂၀၀၀ ကျော် အကုန်အကျခံ သုံးစွဲဖို့ ဆိုတာက တိုင်းပြည်ရဲ့ လက်ရှိ အနေအထားနဲ့ ချင့်ချိန်သုံးစွဲ သင့်ပါတယ်။ နေပြည်တော်မှာ လမ်းတစ်မိုင် ဖောက်ရင် သိန်းနဲ့ချီပြီး ကုန်ပါတယ်။ လွှတ်တော် ကိုယ်စားလှယ်တွေ မြေသားလမ်းကနေ ကျောက်ခင်းလမ်းရဖို့ တင်ပြတောင်းဆို နေရာတာ အားလုံးသိပါတယ်။ နိုင်ငံတစ်ဝန်း ဖြည့်ဆည်းစရာတွေ အများကြီး အများကြီး ရှိချိန်အတွင်း ဒီနေရာမှာ ဒီလိုသုံးစွဲ နေတာတွေ သင့်ပါသလား ဆိုတာ သုံးသပ်ပေးဖို့ တင်ပြအပ်ပါတယ်'' ဟု ဆွေးနွေးခဲ့သည်။
ထို့ပြင် နေပြည်တော် အ၀င်ဝတွင် တည်ဆောက်နေသည့် ရေကန်ကြီးအား သိန်းပေါင်း ၅၄၀၀ ကျော် အကုန်အကျခံကာ တည်ဆောက်နေခြင်း ဖြစ်ကြောင်း၊ ရန်ကုန်တိုင်း ဒေသကြီး ဒလမြို့နယ် တွင် ရေရှား ပါးမှုများ တောက်လျောက် ကြုံတွေ့နေရကြောင်း၊ ယခုလို ခက်ခဲနေသည့် အချိန်တွင် နေပြည်တော်၌ အလှအပနှင့် သာယာတင့်တယ်မှုကို အခြေပြုသည့် လုပ်ငန်းမျိုး တစ်ရပ်အနေဖြင့် ဘတ်ဂျက်များ သုံးစွဲနေခြင်းသည် သင့်တော်မှု ရှိ၊ မရှိ ဇဗ္ဗူသီရိမြို့၊ မင်္ဂလာ ကန်တော်ကြီး မီးအလှဆင်ရန် ကျပ်သိန်းပေါင်း ၁၈၀၀ ကျော် သုံးစွဲခြင်းသည် ကြောင်းကျိုးညီညွတ်မှု ရှိ၊ မရှိ စဉ်းစားစေ လိုကြောင်း ဒေါက်တာမြတ်ဥာဏစိုး က ဆွေးနွေးခဲ့သည်။
ထို့ကြောင့် ဒေါက်တာမြတ်ဥာဏစိုးက နေပြည်တော် ကောင်စီ၏ ရေနှင့်သန့်ရှင်းမှု လုပ်ငန်းအတွက် ကျပ်သန်းပေါင်း ၁၂၀၀ အပါအ၀င် အထက်ပါ လုပ်ငန်းများအတွက် ဘတ်ဂျက်တောင်းခံ ငွေများကို ထက်ဝက် လျှော့ချခွင့်ပြု ပေးပါရန် အဆိုတင်သွင်း တောင်းဆိုခဲ့သည်။

EMG

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here