Saturday, November 9, 2013

ဥရောပ အခွန် ကင်းလွတ်ခွင့်ကြောင့် ပြည်ပ ရင်းနှီးမြှုပ်နှံသူများ မြန်မာ ရေလုပ်ငန်းတွင် ဝင်ရောက်ရန်ပြင်

0 comments


9.11.2013

နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူများသည် မြန်မာနိုင်ငံကို စီးပွားရေး ပိတ်ဆို့မှုများ ဖယ်ရှားပြီးနောက် ရရှိ လာသည့် ဥရောပ သမဂ္ဂ၏ အထူး အခွန်ကင်းလွတ်ခွင့် (GSP) ကို မက်မော၍ မြန်မာ့ရေလုပ်ငန်း ကဏ္ဍ တွင် ရင်းနှီးမြှုပ်နှံရန် ပြင်ဆင်လျက် ရှိသည်ဟု ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် အထွေထွေ အတွင်းရေးမှူး ဦးမိုးမြင့်ကျော်က ပြောကြားသည်။

လက်ရှိ ဂျပန်၊ ကိုရီးယားနှင့် ထိုင်းနိုင်ငံတို့သည် မြန်မာ့ရေလုပ်ငန်းတွင် ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားလျက် ရှိကြောင်း ၎င်းက ဆိုသည်။

ထိုင်းနိုင်ငံသည် မြန်မာ့ ရေလုပ်ငန်းတွင် ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားခြင်းသည် ယင်းနိုင်ငံပိုင် ပင်လယ်ပြင် တွင် ရေသယံဇာတ ရှားပါးလာခြင်းနှင့် ဥရောပသမဂ္ဂ၏ GSP သက်တမ်းသည် ထိုင်းနိုင်ငံတွင် ယခုနှစ်ကုန်၌ သက်တမ်း ကုန်ဆုံးမည် ဖြစ်သောကြောင့် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံ၍ ဥရောပသို့ တင်ပို့လိုခြင်း ဖြစ်သည်ဟု ၎င်းက ရှင်းပြသည်။

ဂျပန်နှင့် ကိုရီးယားနိုင်ငံတို့သည် မြန်မာ့ငါးရှဥ့် မွေးမြူရေးကို စိတ်ဝင်စားကြကြောင်း မြန်မာနိုင်ငံ ငါးလုပ် ငန်း အဖွဲ့ချုပ်ထံမှ သိရသည်။

မြန်မာ့အိမ်နီးချင်း ထိုင်းနိုင်ငံတွင် ကမ္ဘာ့အကြီးမားဆုံး ငါးဈေးကွက် ဖြစ်ပေါ်နေသော်လည်း ယင်းနိုင်ငံပိုင် ပင်လယ်ပြင်တွင် ရေသယံဇာတ မရှိကြောင်း၊ မြန်မာ့ ရေသယံဇာတများမှာ ငါးခိုးဖမ်းလှေများမှ တစ်ဆင့် ထိုင်းနိုင်ငံသို့ ရောက်ရှိနေခြင်း ဖြစ်ကြောင်း ရေလုပ်ငန်းနယ်ပယ်ရှိ ပြည်တွင်း လုပ်ငန်းရှင်များက ဆိုသည်။

မြန်မာနိုင်ငံသည် လာမည့်လ အနည်းငယ်အတွင်း နိုင်ငံခြား ပင်လယ်ငါးဖမ်းခွင့် (Foreign fishing right) ကို ပိတ်မည် ဖြစ်ရာ လာမည့်ကာလများတွင် ထိုင်းနိုင်ငံ၏ ဥရောပသို့ တင်ပို့သည့် ရေထွက်ကုန်များသည် ဥရောပ၏ စံချိန်နှင့် ကိုက်ညီမည် မဟုတ်ဟု ရေထွက်ပို့ကုန် လုပ်ငန်းရှင် ဒေါ်တိုးနန္ဒာတင် က ပြောကြားသည်။

“ထိုင်းနိုင်ငံကနေ ဥရောပကို သွားတဲ့ ကုန်တွေကို ကြပ်ကြပ်မတ်မတ် စစ်ပေးဖို့ ဥရောပသမဂ္ဂက လူတွေကို ဒီနေ့ ပြောခဲ့တယ်။ တရားမဝင် ဖမ်းဆီးခဲ့တဲ့ ကုန်ပစ္စည်း (ငါး၊ ပုစွန်များ) တွေဆို ဥရောပကို သွားလို့ မရဘူး။ ဒါက ဥရောပ နိုင်ငံတွေရဲ့ စံချိန် စံညွှန်းပဲ” ဟု ဒေါ်တိုးနန္ဒာတင်က နိုဝင်ဘာ ၇ ရက်နေ့က မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ်တွင် ဥရောပသမဂ္ဂနှင့် ပူးပေါင်း ပြု လုပ်သော ပြည်ပပို့ မြန်မာ့ရေလုပ်ငန်း ဈေးကွက် ဖွံ့ဖြိုးရေး အလုပ်ရုံ ဆွေးနွေးပွဲ အပြီးတွင် ရှင်းပြသည်။

GSP ကြောင့် ရင်းနှီးမြှုပ်နှံသူများက တစ်ဖက်တွင် စိတ်ဝင်စားသော်လည်း မြန်မာနိုင်ငံတွင် အခြေခံ အဆောက်အဦ၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေနှင့် အစိုးရ၏ မူဝါဒများကြောင့် အခက်အခဲများ ရှိသည်ဟု ပြည်တွင်း စီးပွားရေး လုပ်ငန်းရှင် အချို့က ပြောကြားသည်။

မကြာသေးမီက ထုတ်ပြန်ခဲ့သော ကမ္ဘာ့ဘဏ်၏ Doing Business ၂၀၁၄ အစီရင်ခံစာ အရမူ မြန်မာနိုင်ငံ သည် စီးပွားရေး စတင် လုပ်ကိုင်ရန် အခက်အခဲဆုံးနိုင်ငံ ၁၈၉ နိုင်ငံတွင် အဆင့် ၁၈၂ ၌ ရပ်တည်လျက် ရှိသည်။

ဥရောပသမဂ္ဂသည် ၁၉၉၇ ခုနှစ်က စတင် ရုပ်သိမ်းခဲ့သော အထူးအခွန် ကင်းလွတ်ခွင့်ကို ၂၀၁၃ ခုနှစ် ဇွန်လအတွင်း မြန်မာနိုင်ငံသို့ ပြန်လည် ပေးအပ်ခဲ့သည်။

The  Voice

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here