Monday, November 4, 2013

လွှတ်တော်တွင်း တပ်မတော်သား ၂၅ ရာခိုင်နှုန်းကို ဖြည်းဖြည်း ချင်း လျှော့ချရန် ကြိုးပမ်းမည်ဟု တ.စ.ည ဆို

0 comments
4.11.2013

တပ်မတော် အရာရှိဟောင်းများ၊ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ အစိုးရ အရာရှိဟောင်းများဖြင့် ဖွဲ့စည်းထားသော တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီက လွှတ်တော်တွင်းရှိ တပ်မတော်သား ၂၅ ရာခိုင်နှုန်းကို လျှော့ချနိုင်ရန် အခြေခံဥပဒေကို ဖြည်းဖြည်းချင်း ပြင်ဆင် သွားမည် ဖြစ်ကြောင်း အဆိုပါ ပါတီ ဗဟိုအလုပ်အမှုဆောင် ကော်မတီ၏ ပြောရေးဆိုခွင့်ရှိသူ ဦးဟန်ရွှေက ပြောကြားသည်။

တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ ဗဟို အလုပ်အမှုဆောင် ကော်မတီက အခြေခံဥပဒေ ပြင်ဆင်ရေး ကိစ္စနှင့် ပတ်သက်ပြီး မွန်ပြည်နယ် မော်လမြိုင်မြို့သို့ အောက်တိုဘာလ ၂ ရက်နေ့တွင် သွားရောက်သည့် ခရီးစဉ်အတွင်း သတင်းမီယာ သမားများနှင့် တွေ့ဆုံစဉ် ၎င်းက ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။
“ဖွဲ့စည်းပုံမှာ ပါရှိထားတဲ့ ၂၅ ရာခိုင်နှုန်းသော တပ်မတော်သားများ တစ်စတစ်စ လျှော့ချသွားမယ်။ နောက်ဆုံး လွှတ်တော်မှာ အများပြည်သူတွေရဲ့ မဲဆန္ဒနဲ့ တက်ရောက်တဲ့ လွှတ်တော် အမတ်တွေနဲ့ လွှတ်တော်ကို ဖွဲ့စည်းဖို့ လုပ်ဆောင်သွားမယ်” ဟု ၎င်းက ထပ်လောင်းပြောကြားသည်။

တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီက အခြေခံဥပဒေ ပြင်ဆင်ရေးကို လုပ်ဆောင်သွားမည် ဖြစ်ပြီး အသစ်ပြန် ရေးဆွဲရေးကိုမူ လက်မခံကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးပါတီက အခြေခံဥပဒေပါ တိုင်းရင်းသား အခွင့်အရေး၊ တိုင်းရင်းသားဒေသ များ သယံဇာတ ခွဲဝေရေး၊ ပြည်နယ်အစိုးရများ လုပ်ပိုင်ခွင့် ပိုမိုရရှိရေးတို့ကို ပြင်ဆင်ရန် လွှတ်တော်သို့ တင်ပြသွားမည် ဖြစ်ကြောင်း ၎င်းကဆက်လက် ရှင်းပြသည်။“ဒီဖွဲ့စည်းပုံမှာရှိတဲ့ ခေတ်ကာလနဲ့ မကိုက်ညီတော့ တဲ့ အချက်တွေရော အခန်းတိုင်းက လိုအပ်တဲ့ အချက်တွေ အားလုံးကိုတော့ ပြင်ဆင်သွားရမှာပဲ၊ အသစ်ရေးဆွဲလို့ ကြားကာလ၊ ကြားကာလဆိုပြီး နောက်တစ်ကြိမ် နှစ်ရှည် သွားမှာကိုပဲ စိုးရိမ်တယ်” ဟု ဦးဟန်ရွှေက ပြောကြားသည်။

အခြေခံဥပဒေကို ပြင်ဆင်ရန် ယင်းပါတီအပြင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီနှင့် အခြားတိုင်းရင်းသား ပါတီများကလည်း ကြိုးပမ်းနေပြီး ၂၀၁၃ ခုနှစ် နိုဝင်ဘာလ အတွင်းတွင် နိုင်ငံရေး ပါတီအသီးသီး၏ အခြေခံဥပဒေ ပြင်ဆင်ချက်များကို လွှတ်တော်အတွင်း ဖွဲ့စည်းထားသော အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ကော်မတီသို့ ပေးပို့ သွားမည် ဖြစ်ကြောင်း အဆိုပါ ပါတီများထံမှ သိရှိရသည်။

The Voice Weekly

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here