Saturday, November 16, 2013

သင်္ဃန်းကျွန်း မြို့နယ်ရှိ သုံးဧကအကျယ် မြေကွက်ပေါ်တွင် နှစ်ပေါင်း ၆၀ ကျော် နေထိုင်ခဲ့သူများကို တရားရုံးက လာရောက် ဖယ်ရှားရာမှ ရုန်းရင်းဆန်ခတ်ဖြစ်ပွား

0 comments
                      (နိုဝင်ဘာ ၁၅ ရက်တွင် ဖယ်ရှားခံမြေပေါ် နေထိုင်သူများက ၎င်းတို့၏ သဘောထားကို ဆန္ဒပြုနေကြစဉ်)


16.11.2013


သင်္ဃန်းကျွန်းမြို့နယ် စ/သု မင်္ဂလာရပ်ကွက် လေးထောင့်ကန်လမ်းနှင့် ဒေါ်နီလမ်းထောင့်ရှိ သုံးဧက ကျယ်ဝန်းသည့် မြေကွက် အမှတ် ၆၆ တွင် နှစ်ပေါင်း ၆၀ကျော် နေထိုင်သူများကို မြို့နယ်တရားရုံးမှ နိုဝင်ဘာ ၁၅ ရက်တွင် လာရောက် ဖယ်ရှားရာမှ နေထိုင်သူများနှင့် တရားရုံး ဘီလစ်တို့အကြား ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့သည်။

အဆိုပါ မြေကွက်မှာ ပိုင်ရှင်ဖြစ်သူ ဒေါ်နီ၏ မြေး၊ မိသားစုများနှင့် ဒေါ်နီ၏ နောက်အိမ်ထောင်ဖက်မှ တူဖြစ်သူတို့အပြိုင် တရားရင် ဆိုင်နေသော မြေကွက်ဖြစ်ကြောင်း သိရှိရသည်။ ၎င်းတို့နှစ်ဦး တရားရင်ဆိုင် လာသည်မှာ နှစ် ၂၀ ကျော် ကြာမြင့်ပြီဖြစ်ပြီး မြို့နယ် တရားရုံး အမိန့်ချမှတ်ခဲ့သည်ကို ၎င်းတို့အနေဖြင့် မသိရှိရကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

''ဥပဒေအကြောင်းအရ တရားရုံးအက် ၀ရမ်းနဲ့ ရောက်ခြံခတ်တာပါ။ အခုတရားရုံးက ဆက်လက်ပြီး စုံစမ်းမှုတွေ ပြုလုပ်မယ်ဆိုတော့ မခတ်ဖြစ်တော့ပါဘူး'' ဟု မြို့နယ်တရားရုံး ဘီလစ်က ပြောကြားခဲ့သည်။

ထိုသို့ ပြောင်းရွှေ့ခံထားရသည့် ဒေါ်နီ၏မြေး၊ မိသားစုများက ပြည်ထောင်စု တရားလွှတ်တော်ချုပ်သို့ အယူခံတင်ထားကြောင်းနှင့် ဖယ်ရှားစဉ် မြို့နယ်တရားရုံးသို့ အယူခံစာများ လျှောက်ထားခြင်းတို့ကြောင့် တရားရုံးမှ လာရောက်ခြံခတ်မှုများကို ခေတ္တ ဆိုင်းငံ့ခဲ့ကြောင်း သိရသည်။

''အမေတို့အနေနဲ့ အမှုရင်ဆိုင်ရတဲ့ ကာလတစ်လျှောက်လုံး ပိုင်ဆိုင်မှုဂရန် အထောက်အထား အားလုံးနဲ့ တရားရင်ဆိုင်ခဲ့တာပါ။ အခုအမေတို့နဲ့ တရားရင်ဆိုင် နေတဲ့သူက အဘွားဒေါ်နီရဲ့ နောက်အိမ်ထောင်ရဲ့တူပါ။ သူ့မှာ ပိုင်ဆိုင်မှု အထောက်အထား အလုံးအစ အတုတွေပါပဲ။ အမေတို့အနေနဲ့ ဘိုးဘွားပိုင် မြေနေရာကနေ ဘယ်လိုနည်းနဲ့မှ ဖယ်ရှားပေးမှာ မဟုတ်ပါဘူး။ 
အမှုကိုလည်း ပြန်လည်စစ်ဆေး ပေးစေချင်ပါတယ်။ ရဲဝန်ထမ်းတွေ အများကြီး ပါတဲ့အခါ အမေတို့က နိုင်ငံတော်ပုန်ကန်နေတဲ့ သူတွေမှ မဟုတ်တာ။ ပြစ်မှုကျူးလွန်ထားတဲ့ သူတွေလည်း မဟုတ်ပါဘူး''ဟု ဒေါ်နီ၏ မြေးဖြစ်သူ ဒေါ်ညွန့်ရီက ပြောကြားခဲ့သည်။

ထိုသို့ တရားရုံးမှ လာရောက် ဖယ်ရှားခိုင်းခြင်းကို ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့ အဖွဲ့အစည်းမှ ရုံးအဖွဲ့မှူးကို ဇော်မင်းက ''ဥပဒေအကြောင်းအရ တိုက်ချတာမျိုး မဟုတ်ဘဲနဲ့ လူမှုရေးရှုထောင့် ကလည်းပဲ ကြည့်ပေးစေချင်ပါတယ်။ ကျွန်တော်တို့ အဖွဲ့အစည်းရဲ့ လေ့လာတွေ့ရှိချက်တွေအရ အမှုခင်းဖြစ်နေရာမှာ မိသားစုဝင်တွေက နှစ်ပေါင်း ၆၀ ကျော် နေလာကို တွေ့ရတယ်။ အမှုရင်ဆိုင်စဉ် တရားနိုင်ဘက်က အသုံးပြုခဲ့တဲ့ ဦးဘသန်း သေစာရင်းကလည်း အတု ဖြစ်နေတာကိုလည်း တွေ့ရှိရပါတယ်။ ချက်ချင်းရွေ့ပြောင်း ခိုင်းရင်လည်း ဒီမှာနေတဲ့လူတွေ စားဝတ်နေရေး အခက်အခဲများစွာ ရှိမှာဖြစ်တဲ့အတွက် လူမှုရေး အခက် အခဲလေးတွေကို စာနာစေချင်ပါတယ်။ နှစ်ဦးနှစ်ဖက် တွေ့ဆုံညှိနှိုင်းမှုတွေ ပြုလုပ်ရင်တော့ အကောင်းဆုံး အဖြေတစ်ခု ထွက်လာ မှာပါ။ ကျွန်တော်တို့ အဖွဲ့အစည်း အနေနဲ့လည်း တိုင်းဒေသကြီး အစိုးရအဖွဲ့နဲ့ အခြားအာဏာပိုင် အဖွဲ့အစည်းတွေ ကိုလည်း မေတ္တာ ရပ်ခံချက် စာပို့ထားပါတယ်'' ဟု ပြောကြားသည်။

EMG

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here