Tuesday, November 5, 2013

ဗုံးဖောက်သည့် တရားခံများ ဖမ်းမိရေး ရန်ကုန်တိုင်းလွှတ်တော်၌ နိုဝင်ဘာ ၅ရက်တွင် ဆွေးနွေးမည်

0 comments

5.11.2013
မင်းမင်း

အနည်းဆုံး လူသုံးဦးသေဆုံးခဲ့ရသည့် အောက်တိုဘာလအတွင်း ဖြစ်ပွားခဲ့သည့် ဗုံးပေါက်ကွဲမှုများတွင် ဗုံးဖောက်ခွဲသူတရားခံများကို အမြန်ဆုံးဖမ်းမိနိုင်ရန် နိုင်ဝင်ဘာလ ၅ရက်တွင် ပြုလုပ်မည့် ရန်ကုန်တိုင်း လွှတ်တော်အထူးအစည်းအဝေး၌ ဆွေးနွေးတော့မည်ဖြစ်သည်။

“ဗုံးဖောက်ခွဲမှုကို ဆောက်ရွက်ခဲ့သော လုပ်ရပ်အား ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း” ရန်ကုန်တိုင်း ဆိပ်ကမ်းမြို့နယ်မှ လွှတ်တော်အမတ် ဦးနေမျိုးအောင်က လွှတ်တော်သို့ အဆိုတစ်ရပ် တင်သွင်းခဲ့ပြီး လွတ်မြောက်နေသည့် တရားခံများကိုလည်း အမြန်ဖမ်းဆီးရမိရန် ၎င်းက တိုက်တွန်းလိုက်သည်။

ဗုံးဖောက်ခွဲမှုဖြစ်စဉ်များဖြစ်ခဲ့သည်မှာ ရက်ပေါင်း ၂၀ ကျော်ခဲ့ပြီဖြစ်ကာ ဖောက်ခွဲမှုတွင် ပါဝင်ပတ်သတ်ကြောင်း ဝန်ခံထားသည်ဟု အစိုးရကထုတ်ပြန်ထားသည့် ရှစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းမိထားပြီးဖြစ်သော်လည်း ၎င်းတို့ကိုစစ်ဆေးချက်အရ နောက်ကွယ်မှ စေခိုင်းနေသူများအား ယခုအချိန်ထိ ဖမ်းမိနိုင်ခြင်း မရှိသေးပေ။

အဆိုရှင် ဦးနေမျိုးအောင်က ထိုကဲ့သို့ အချိန်တိုအတွင်းတွင် တရားခံများအား ဖမ်းမိခဲ့သည့်အတွက် ရန်ကုန်တိုင်းလွှတ်တော်မှ ဂုဏ်ပြုသင့်သလို “ကျန်ရှိနေသေးတဲ့ လွတ်မြောက်နေတဲ့ တရားခံတွေကိုလည်းပဲ အမြန်ဆုံး ဖော်ထုတ်ဖမ်းဆီးရမိရေးအတွက် လွှတ်တော်ကနေတစ်ဆင့် တိုက်တွန်းလိုပါတယ်” ဟု ပြောဆိုခဲ့သည်။

၎င်း၏ အဆိုအား လက်ခံဆွေးနွေးရန် ရန်ကုန်တိုင်းလွှတ်တော်တွင် သဘောထားရယူရာ ကန့်ကွက်သူမရှိသည့် အတွက် ယင်းကိစ္စအား နိုင်ဝင်ဘာ ၅ ရက်တွင်ပြုလုပ်မည့် တိုင်းလွှတ်တော်တွင် ဆွေးနွေးရန် တိုင်းလွှတ်တော် ဥက္ကဌက ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။

ဗုံးဖောက်ခွဲမှုဖြစ်စဉ်များတွင် ဖမ်းမိထားသူများအား စစ်ဆေးချက်အရ ၎င်းတို့အား စေခိုင်းသူမှာ KNU (ကရင်အမျိုးသားအစည်းအရုံး)၏ အောက်ခြေတွင်ရှိသည့် မြို့နယ်အဆင့် စီးပွားရေးလုပ်ငန်မှ တာဝန်ခံ နေတိုး(ခ)စောရွှေထူးဖြစ်သည်ဟု အစိုးရက သတင်းထုတ်ပြန်ထားသည်။

ဗုံးဖောက်မှုများမှာ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုကို နှောက်ယှက်ဖျက်ဆီးလိုသည့် သဘောဖြင့် ပြုလုပ်သည်ဟု အစိုးရဘက်က ပြောထားသော်လည်း KNU ဘက်မှ ဘာသာရေး၊ လူမျိုးရေး၊ ပဋိပက္ခများကြီးထွားအောင် လုပ်ဆောင်သည်ဟု အောက်တိုဘာလ နောက်ဆုံးပတ်က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲများတွင် အသီးသီးပြောဆိုထားသည်။

(မဇ္ဈိမသတင်းဌါန)

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here