Tuesday, November 5, 2013

ပေါက်တောမြို့နယ်အတွင်း ဒေသခံမဟုတ်သည့် NGO, INGO အဖွဲ့များ ထွက်သွားရန် တောင်းဆိုချက် ဥပဒေဘောင်အတွင်းက ဆောင်ရွက်ပေးမည်

0 comments
5.11.2013

ကေဇင်ဦး

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်တွင် နိုဝင်ဘာလ ၂ ရက် ညနေပိုင်းက ဖြစ်ပွားခဲ့သော ပြဿနာ များကြောင့် ဒေသခံများက ပေါက်တောမြို့နယ်အတွင်းရှိ ဒေသခံမဟုတ်သော NGO,INGO များ ဒေသတွင်းမှ ထွက်ခွာသွားရန် တောင်းဆိုဆန္ဒပြခဲ့ကြမှုအပေါ် ပြည်နယ်အစိုးရအဖွဲ့က ဥပဒေဘောင်အတွင်း က ဆောင်ရွက်ပေးမည်ဟု နိုဝင်ဘာလ ၄ရက်က ထုတ်ပြန်ပြောဆိုလိုက်သည်။

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ် ဆင်တက်မော် ကျေးရွာ အုပ်စု၊ ဆင်အိုင်ကျေးရွာတွင် နိုဝင်ဘာလ ၂ရက်က အကြမ်းဖက်မှုဖြစ်ပွားကာ ရခိုင်အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပြီး ထိုနေ့တွင်ပင် ဆင်တက်မော် ဒုက္ခသည်စခန်းမှ ဘင်္ဂလီလူမျိုး တစ်ဦးလည်း သေဆုံးခဲ့ကာ ငါးဦး ပျောက်ဆုံးသည့်ဖြစ်စဉ် ဖြစ်ပွားခဲ့သည်။ ယင်းအပြင် ဆင်တက်မော် ဒုက္ခသည်စခန်းတွင် ဆူပူမှု ဖြစ်ပေါ်ခဲ့သောကြောင့် လူစုခွဲခဲ့ရာ ဒဏ်ရာရရှိသူများ ရှိခဲ့သည်။

ယင်းဖြစ်စဉ်တွင် ဆင်တက်မော် ဒုက္ခသည်စခန်းမှ ဒါဏ်ရာရခဲ့သော ဒုက္ခသည်များကို ဒေသတွင်းရှိ INGO အဖွဲ့အစည်းတစ်ခုဖြစ်သော နယ်စည်းမခြား ဆရာဝန်များအဖွဲ့ (MSF) အဖွဲ့ဝင်များက စစ်တွေဆေးရုံသို့ ပို့ဆောင်ပေးသော်လည်း ဆင်အိုင်ကျေးရွာတွင် အကြမ်းဖက်ခံရသော အမျိုးသမီးများကို ဆေးရုံသို့ ပို့ဆောင်ပေးခြင်းမရှိဟုဆိုကာ ပြည်ပ NGO, INGO များကို ဒေသတွင်းမှ ထွက်ခွာသွားရန် နိုဝင်ဘာလ ၃ရက်က ဆန္ဒပြတောင်းဆိုခဲ့သည်။ တောင်းဆိုရာတွင် ပေါက်တော မြို့နယ် အမျိုးဘာသာ၊ သာသနာ စောင့်ရှောက်ရေး ရဟန်းတော် အဖွဲ့နှင့် မြို့နေလူထုက တောင်းဆိုခြင်းဖြစ်သည်။

ယင်းသို့ တောင်းဆိုမှုနှင့် ပတ်သက်ပြီး ပြည်နယ်အစိုးရအဖွဲ့က ဥပဒေဘောင်အတွင်းမှ ဆောင်ရွက်ပေးမည် ဟု နိုဝင်ဘာလ ၄ရက်က ထုတ်ပြန်ပြောဆိုလိုက်ခြင်း ဖြစ်သည်။

ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ပြန်ကြားရေးကော်မတီ ဥက္ကဋ္ဌ ဥပဒေချုပ် ဦးလှသိန်းက “ရဟန်းပျိုအဖွဲ့၊ လုပ်သားပြည်သူ၊ မြို့မိမြို့ဖများ၏ လိုလားချက်၊ တောင်းဆိုချက်များကို၊ ဥပဒေလုပ်ထုံးလုပ်နည်း၊ မူဘောင်အတွင်းက အလေးပေးစဉ်းစားပြီး ပြည်နယ်အစိုးရက ဆောင်ရွက်နေပါတယ်” ဟု မဇ္ဈိမကို ပြောသည်။

ယင်းအပြင် “ ပဋိပက္ခဖြစ်လိုက် ပြန်တည်ငြိမ်လိုက်ဆိုရင် ဖွံ့ဖြိုးမှုတွေက ရှေ့ဆက်လို့မရဘူး။ တည်ငြိမ်အေးချမ်းပြီး တရားဥပဒေစိုးမိုးမှု ဖွံ့ဖြိုးတိုးတက်မှုတွေ လုပ်လို့ရမယ် ဒါကြောင့် ဒေသခံတွေအနေနဲ့ ထစ်ခနဲရှိ ဆူပူတာမျိုး မလုပ်သင့်ဘူး”ဟုလည်း ဥပဒေချုပ်က ပြောသည်။

ဒဏ်ရာရသူများကို နယ်စည်းမခြား ဆရာဝန်များအဖွဲ့ (MSF) မှ ၀န်ထမ်းတစ်ဦးက စစ်တွေဆေးရုံသို့ ပို့ဆောင်ခဲ့ခြင်းမှာ နေရာမတူညီမှု၊ အချိန်ကွဲပြားမှုရှိကြောင်း၊ MSFက ဆင်တက်မော်တွင် အသင့်ရှိနေ၍ ဒဏ်ရာရသူများကို ဆေးရုံပို့ရန် စီစဉ်ခဲ့ကြောင်း ပြည်သူသို့ ရှင်းလင်းပြောကြားခဲ့ပြီး ဖြစ်သည်ဟုလည်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ပြန်ကြားရေးကော်မတီ ဥက္ကဋ္ဌ ဥပဒေချုပ် ဦးလှသိန်းက ပြောသည်။

ပေါက်တောမြို့နယ် လူထုန္ဒဖော်ထုတ်ရေးအဖွဲ့မှ အဖွဲ့ဝင် ဦးမြင့်စိုးက “ဒါဏ်ရာရတဲ့သူတွေကို ဆေးရုံပို့ဖို့အတွက် လမ်းပန်း ဆက်သွယ်ရေးခက်ခဲတယ်။ NGO အဖွဲ့တွေက ဒုက္ခသည်စခန်းတွေက လူတွေကို ဆေးရုံ ကိုခေါ်ဆောင်သွားပြီး ဒါဏ်ရာရတဲ့ ကျန်အမျိုးသမီးတွေကို ခေါ်မသွားတာဟာ သူတို့က ခွဲခြားတာပါ၊ ဒါကြောင့်ဒေသကို အကျိုးမပြုတဲ့ NGO အဖွဲ့အစည်းတွေကို အလိုမရှိတဲ့ အကြောင်း ထုတ်ပြန်ခဲ့တာပါ ” အောက်တိုဘာလ ၄ ရက်တွင် မဇ္ဈိမကို ပြောသည်။

ယင်းသို့ဆန္ဒပြတောင်းဆိုရာတွင် ဒေသခံ၂၀၀ ကျော်နှင့် ရဟန်းသံယာများလည်းပါဝင်သည်ဟု ဦးမြင့်စိုးက ဆိုသည်။

ဂီရိမုန်တိုင်း ကျရောက်ခဲ့သော ၂၀၁၀ခုနှစ်မှစ၍ ရခိုင်ပြည်နယ်သို့ NGO,INGO အဖွဲ့အစည်းများ စတင် ရောက်ရှိလားပြီ ၊၂၀၁၂ ခုနှစ် ရခိုင်ပြည်နယ်ပဋိပက္ခများ ဖြစ်ပေါ်ချိန်တွင်လည်း နိုင်ငံတကာ လူမှုရေး အဖွဲ့အစည်းများ ထပ်မံရောက်ရှိလာခဲ့သည်။

ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ပြန်ကြားရေးကော်မတီ အတွင်းရေးမှူးဦးဝင်းမြိုင်က “NGO အဖွဲ့တွေက မျိုးစုံရှိနေတယ် အကူညီလည်း အများကြီးပေးသလို၊ ပဋိပက္ခဖြစ်စဉ်တွေနဲ့ ပတ်သက်တာလည်း ရှိတယ်၊ တချို့ကိုလည်း ဥပဒေအရ စိစစ်နေတယ်”ဟု ပြောသည်။

ရခိုင်ပြည်နယ်တွင်း ဝင်ရောက်ဆောင်ရွက်ကြမည့် အဖွဲ့အစည်းများအနေဖြင့် အသိုက်အဝန်း နှစ်ခုကြား ပိုမိုရှုပ်ထွေးသော ပြဿနာများ မဖြစ်ပေါ်ရေးအတွက် ဒေသတွင်းဖြစ်ပေါ်နေသော ကန့်သတ်ချက်များကို လိုက်နာကြရန် နိုင်ငံတော်သမ္မတက မေလ ၆ ရက်နေ့က ပြောကြားသည့် မိန့်ခွန်းတွင် ထည့်သွင်းပြောကြား ထားသည်။

(မဇ္ဈိမသတင်းဌာန)

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here