Saturday, November 16, 2013

ရန်ကုန်မြို့တွင် အစိုးရသစ်လက်ထက် အင်အားကြီးမားသော ဆန္ဒပြပွဲအဖြစ် OIC ကို ထပ်မံဆန္ဒပြ

0 comments
                       (နိုဝင်ဘာ ၁၅ ရက်က OIC ကို ဆန္ဒပြနေကြသူများအား ကမ်းနားလမ်းတွင် တွေ့ရစဉ် (ဓာတ်ပုံ-အောင်မျိုးသန့်))

ရန်ကုန်မြို့တွင် အစိုးရသစ်လက်ထက် အင်အားကြီးမားသော ဆန္ဒပြပွဲအဖြစ် အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) မြန်မာနိုင်ငံသို့ လာရောက်သည်ကို လက်သင့်မခံနိုင်ကြောင်း ရန်ကုန်သံဃာထုနှင့် လူထုမှ နိုဝင်ဘာ ၁၅ ရက် မွန်းလွဲပိုင်းက ဒုတိယ အကြိမ်မြောက် ဆန့်ကျင်ဆန္ဒ ပြခဲ့ကြသည်။

အဆိုပါ ဆန္ဒပြမှုအား မွန်းလွဲ ၂ နာရီ က ဗဟန်းမြို့နယ်၊ ကြေးသွန်းဘုရားကြီးရှေ့မှ စတင်ပြီး ဦးထောင်ဘိုလမ်း၊ ရွှေတိဂုံ ဘုရားလမ်း၊ ဦးဝိစာရ လမ်း၊ ကမ်းနားလမ်းအတိုင်း လမ်းလျှောက်ကာ ဆူးလေဘုရားအနီး မြို့တော်ခန်းမရှေ့အထိ သံဃာတော်များ အပါအ၀င် လူဦးရေ ၁၀၀၀ ကျော်ခန့်တို့မှ စီတန်းလှည့်လည် ကြွေးကြော်ကာ ဆန္ဒပြခဲ့ခြင်းဖြစ်ပြီး အဆိုပါ ဆန္ဒပြမှုကို သက်ဆိုင်ရာ မြို့နယ် ရဲစခန်းများ၏ ခွင့်ပြုချက်ဖြင့် ပြုလုပ်ခြင်းဖြစ်ကြောင်း ဆရာတော် ဦးပါမောက္ခက မိန့်ကြားသည်။

ဆရာတော် ဦးပါမောက္ခက''ဦးဇင်းတို့ ဒီဆန္ဒပြတာကို သက်ဆိုင်ရာမြို့နယ် လေးမြို့နယ်ရဲ့ တရားဝင် ခွင့်ပြုချက်နဲ့ ပြတာပါ။ OIC ဆိုတာက ဦးဇင်းတို့ မြန်မာနိုင်ငံနဲ့ ဘယ်လိုမှ ပတ်သက်မှု မရှိပါဘူး။ သူတို့ဝင်ရောက် လာတာကို မကြိုက်လို့ ပြည်သူလူထုက ဆန္ဒဖော် ထုတ်တာ ဖြစ်ပါတယ်'' ဟု မိန့်ကြားသည်။

ဆန္ဒပြရာတွင် ပါဝင်ခဲ့သည့် ကိုကျော်နိုင်က ''ကျွန်တော်တို့နိုင်ငံကို အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ လာတာကို မကြိုဆို ဘူးဆိုတာ ရှင်းရှင်းလင်းလင်း သိစေချင်လို့ ခုလိုမျိုးလာပြီး ဆန္ဒပြတာပါ'' ဟု ဆိုသည်။

အဆိုပါ OIC ဆန့်ကျင် ဆန္ဒပြပွဲတွင် ပြည်သူလူထုမှ သဘောထား ကြေညာချက် (၅) ချက်အား ထုတ်ပြန်ခဲ့ပြီး ယင်းကြေညာချက် (၅)ချက်တွင် OIC နိုင်ငံများက လက်ခံကျင့်သုံးနေသော ရှရီယာဥပဒေ (အစ္စလာမ်) ဥပဒေကို မြန်မာနိုင်ငံတွင် သွတ်သွင်းကျင့်သုံးရန် ကြိုးပမ်းမည့် အရေးကို မြန်မာပြည်သူများက လုံးဝလက်မခံ နိုင်ကြောင်းနှင့် နိုင်ငံတော် သမ္မတကြီးမှ မြန်မာနိုင်ငံတွင် OIC ရုံးစိုက်ရန် ခွင့်မပြုဟူသော သဘောထား ကြေညာချက်ကို မြန်မာပြည်သူများက ကြိုဆိုထောက်ခံပါကြောင်း စသည့်အချက်များလည်း ပါရှိသည်။

ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် အောက်တိုဘာ ၁၅ ရက်ကလည်း အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့(OIC) ရုံးများ မြန်မာနိုင်ငံတွင် အခြစိုက်ခွင့် မပြုရေးအတွက် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဆန္ဒပြမှုများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

ထို့ပြင် နိုဝင်ဘာ ၁၆ ရက် (ယနေ့) နံနက် ၇ နာရီခွဲမှ မွန်းတည့် ၁၂ နာရီအထိ မင်္ဂလာဒုံ လေဆိပ်တွင်လည်း ထပ်မံဆန့်ကျင် ဆန္ဒပြ သွားမည်ဖြစ်ပြီး အဆိုပါ ဆန္ဒပြပွဲကို သက်ဆိုင်ရာ ခွင့်ပြုချက် ရရှိပြီးဖြစ်ကြောင်း သိရသည်။

EMG

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here