Saturday, November 16, 2013

ဦးနေ၀င်းမြေး နှစ်ဦးအပါအ၀င် နိုင်ကျဉ်းစိစစ်ရေး ကော်မတီမှ တင်ပြထားသည့် နိုင်ငံရေးအကျဉ်းသား ၆၆ ဦးနှင့် အစိုးရမှ တင်ပြသည့် သုံးဦး စုစုပေါင်း ၆၉ ဦးအား အစိုးရလွှတ်ပေး

0 comments
ဗိုလ်ချုပ်ဟောင်း ဦးနေ၀င်း၏ မြေးနှစ်ဦး အပါအ၀င် နိုင်ငံရေး အကျဉ်းသားများ စိစစ်ရေးကော်မတီမှ တင်ပြထားသည့် နိုင်ငံရေး အကျဉ်းသား ၆၆ ဦးနှင့် အစိုးရ ကိုယ်စားလှယ်များမှ တင်ပြထားသည့် ဦးအေးနေ၀င်း၊ ဦးကျော်နေ၀င်းနှင့် ၎င်းတို့၏ အမှုတွဲဖြစ်သူ စကြာအောင်မင်းခေါင်တို့အား နိုဝင်ဘာ ၁၅ ရက် နံနက် ၉ နာရီမှ စ၍ လွှတ်ပေးလိုက်ပြီ ဖြစ်ကြောင်း သတင်းရရှိသည်။

လွတ်မြောက်သူများမှ အင်းစိန်ထောင်မှ သုံးဦး၊ မန္တလေး အိုးဘိုထောင်မှ ၁၀ ဦး၊ မြင်းခြံထောင်မှ သုံးဦး၊ သာယာဝတီထောင် မှ နှစ်ဦး၊ တောင်ငူထောင်မှ ခြောက်ဦး၊ ရွေဘိုထောင်မှ လေးဦး ၊ မုံရွာထောင်မှ နှစ်ဦး၊ ပုသိမ်ထောင်မှ တစ်ဦး၊ သထုံထောင်မှ တစ်ဦး၊ အင်္ဂဘို ရဲဘက်စခန်းမှတစ်ဦး၊ ဗန်းမော်ထောင်မှနှစ်ဦး၊ မြစ်ကြီးနားထောင်မှ ငါးဦး၊ သီပေါထောင်မှ သုံးဦး၊ ကျိုင်းတုံထောင်မှ တစ်ဦး ၊ ကျောက်ဖြူထောင်မှ ၁၀ ဦး၊ သံတွဲထောင်မှ လေးဦး၊ ဘူးသီးတောင်ထောင်မှ နှစ်ဦး၊ စစ်တွေထောင်မှ ကိုးဦးစုစုပေါင်း ၆၉ ဦး လွတ်မြောက် လာခြင်းဖြစ်သည်။

အင်းစိန်ထောင်မှ ဦးအေးနေ၀င်း၊ ဦးကျော်နေ၀င်းနှင့် စိုင်းပန်းအောင်တို့ လွတ်မြောက်ခဲ့ပြီး ဦးအေးနေ၀င်းနှင့် ဦးကျော်နေ၀င်း တို့ကို ၁၂၂ (၁) ဖြင့် ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်ခံခဲ့ရပြီး စိုင်းပန်းမောင်မှာ SSA(S) အက်စ်အက်စ်အေ တောင်ပိုင်းမှဖြစ်ပြီး ၎င်းအား ပုဒ်မ ၁၅/၁၉(က)၊ ၂၀(ခ)၊ ၅(၁) တို့ဖြင့် ထောင်ဒဏ်အနှစ် ၂၀ ချမှတ်ခဲ့သော်လည်း မိသားစုနှင့် ၎င်း၏အဖွဲ့အစည်းမှ သမ္မတကြီးထံ စာတင်ခဲ့သဖြင့် နိုင်ငံရေး အကျဉ်းသားအဖြစ် အသိအမှတ်ပြုကာ ပြန်လည်လွှတ်ပေးခဲ့ကြောင်း ၎င်းက ပြောကြားသည်။

မန္တလေး အိုးဘိုထောင်မှ (၁) ကိုစိုင်းမိုးဟိန်းခေါ် အိုက်လျံအား ပုဒ်မ ၁၇ (၁)ဖောက်ခွဲ (၆) ဖြင့် ထောင်ဒဏ် ၁၂ နှစ်ချမှတ်ခဲ့ပြီး ၎င်းအား ထောင်ဒဏ် ချမှတ်စဉ်က အသက် ၁၈ နှစ်ဖြစ်ပြီး မန္တလေး တက္ကသိုလ်တွင် ဘူမိဗေဒ ဘာသာရပ်ဖြင့် ဒုတိယနှစ် တက်ရောက်နေ သူ ဖြစ်ကြောင်း သတင်းရရှိသည်။ (၂) စိုင်းကျော်သန်းခေါ် ကိုစိုင်းအား ပုဒ်မ ၁၇ (၁) ဖောက်ခွဲ (၆) ဖြင့် ထောင်ဒဏ် ၁၂ နှစ်ခွဲ သတ်မှတ်ထားခဲ့သည်။ (၃) စိုင်းသန်းနိုင် ပုဒ်မ ၁၇ (၁)ဖောက်ခွဲ (၆) ဖြင့် ထောင်ဒဏ် ၁၂ နှစ်၊ (၄) မျိုးခင်(ခ) အောင်ခမ်း ပုဒ်မ ၁၇ (၁) ဖောက်ခွဲ (၆) ဖြင့် ထောင်ဒဏ် ၁၀ နှစ် ၊ (၅) စိုင်းလှအောင် (ခ) အာဝေးအား ပုဒ်မ ၁၇ (၁) ဖောက်ခွဲ (၆) ဖြင့် ထောင်ဒဏ် ၁၀ နှစ်တို့သည် အက်စ်အက်စ်အေ တောင်ပိုင်းမှ ဖြစ်ကြောင်း သိရသည်။ ထို့နောက် (၆) KIA တပ်ရင်း ၂၇ မှ လဘမ်လီအား ပုဒ်မ ၁၇ (၁)၊ ၁၂၂ (၁) တို့ဖြင့် ထောင်ဒဏ် ၂၂ နှစ် သတ်မှတ်ခဲ့သည်။ (၇) SSNA မှ ချင်းရွက်ငင်းအား ပုဒ်မ ၁၇ (၁)၊ ၁၂၆၊ ၄၂၀ တို့ဖြင့် ထောင်ဒဏ် ၃၅ နှစ်သတ်မှတ်ခဲ့သည်။ (၈) ဦးစိန်အောင်အား ပုဒ်မ ၁၈၊ ၅၀၅ (ခ) တို့ဖြင့် ထောင်ဒဏ် တစ်နှစ်သုံးလ သတ်မှတ်ခဲ့သည်။ (၉) ဦးဝင်းမြင့်ဆွေ ပုဒ်မ ၁၈၊ ၅၀၅ (ခ) တို့ဖြင့် ထောင်ဒဏ် တစ်နှစ်သုံးလ၊ (၁၀) ဒေါ်နော်အုန်းလှ ၅၀၅ (ခ) ဖြင့် ထောင်ဒဏ်နှစ်နှစ် သတ်မှတ်ခဲ့သူ ၁၀ ဦးအား ပြန်လည် လွှတ်ပေးခဲ့ကြောင်း သတင်းရရှိသည်။

ဗန်းမော်ထောင်မှ (၁) အိုက်ကျန် ပုဒ်မ ၁၇(၁)၊ လန ၁၉ (က) တို့ဖြင့် ရှမ်းလက်နက်ကိုင်တပ်ဖွဲ့မှ ဖမ်းဆီးခဲ့ပြီး ထောင်ဒဏ်နှစ်နှစ် ချမှတ်ခဲ့သည်။ (၂) KIA မှ ဂျာဂွမ်းအား ပုဒ်မ ၁၇(၁)၊ လန၁၉(က) တို့ဖြင့်ထောင် ဒဏ်နှစ်နှစ် ချမှတ်ခဲ့ပြီး နိုဝင်ဘာ ၁၅ ရက် တွင် ပြန်လည် လွတ်မြောက်ခဲ့ကြောင်း သိရသည်။ 

စစ်တွေထောင်မှ ပုဒ်မ ၁၈ ဖြင့် ထောင်သုံးလ ကျခံနေရသူများဖြစ်သည့် သိန်းလှိုင်၊ မောင်ဝင်း၊ ဒေါ်လှမေ၊ တင်တင်အေး၊ သန်းဌေး၊ တိုးတိုး (ခေါ်) ဂျော်နီထွန်း၊ ကျော်ဇောဦး၊ ဒေါ်မေညိုအေးနှင့် လန ၁၉ (စ) ဖြင့် ထောင်ဒဏ်ကိုးလ ကျခံနေရသည့် ကိုလှအောင် တို့ကိုးဦး လွတ်မြောက်လာကြောင်း သိရသည်။

တောင်ငူထောင်မှ KNU နှင့်ပတ်သက်သူများ ဖြစ်သည့် (၁) အယ်ထော (ခ) ချစ်မြင့်အား ပုဒ်မ ၆(က) ဖြင့် ထောင်ဒဏ်တစ်ကျွန်း၊ (၂) ဆန်းညွန့်စိုး ပုဒ်မ ၆ (က) ထောင်ဒဏ်တစ်ကျွန်း၊ (၃) စောရန်မီကီး ပုဒ်မ ၁၇ (၁)၊ ၁၉ (က)၊ ၃/၆ တို့ဖြင့် ထောင်ဒဏ် နှစ် ၂၀၊ (၄) ဇော်မျိုးပုဒ်မ ဖောက်ခွဲ ၆ (၂က) ဖြင့် ထောင်ဒဏ် တစ်ကျွန်း၊ (၅) ချင်းအဖွဲ့မှ ဂိုစင်းပြန်၊ ပုဒ်မ ၃၃(က) ဖြင့် ထောင်ဒဏ် ၁၅ နှစ် နှင့် လားဟူအဖွဲ့မှ ဦးမာလပုဒ်မ ၁၉ (စ) ၁၉ (က) ၄၃(က) တို့ဖြင့် ထောင်ဒဏ် နှစ် ၃၀ ကျခံနေရသူတို့ လွတ်မြောက်ခဲ့သည်။

သံတွဲထောင်မှ ပုဒ်မ ၁၈ ဖြင့် ထောင်သုံးလ ကျခံနေရသူများ ဖြစ်သည့် စိုးဝင်း၊ မင်းထွန်း (ခ) သံလုံး၊ သန်းလွင်စိုးတို့ ဖြစ်ပြီး ပုဒ်မ ၁၈ ဖြင့် ထောင်ကိုးလ ကျခံရသူ စိုးဝေ (ခ) ကိုငယ်တို့ လွတ်မြောက်လာခဲ့ကြောင်း သတင်းရရှိသည်။

သာယာဝတီထောင်မှ KIA တပ်ဖွဲ့ဝင် တနိုင်းဇော်ယော် ပုဒ်မ ရာ-၃၈၄၊ မူးယစ် ၁၅/၁၆(ဂ) တို့ဖြင့် ထောင်ဒဏ် ၁၃ နှစ်နှင့် စကော်ပီယံဂိုဏ်းနှင့် ပတ်သက်သည့် စကြာအောင်မင်းခေါင်တို့ ဖြစ်ကြောင်း သတင်းရရှိသည်။

KNU နှင့် ပတ်သက်သည် ဟူသောစွဲချက်ဖြင့် အောင်မိုးဝင်း(ခ)မိုးမင်း ပုဒ်မ လန ၁၉ (က) ဖြင့် ထောင်ဒဏ်ငါးနှစ် ချမှတ်ခံရသူများ သထုံထောင်မှ ပြန်လည် လွတ်မြောက်လာကြောင်း သတင်းရရှိသည်။

ထို့ပြင် SNPLO တပ်ဖွဲ့ဝင် နှစ်ဦးဖြစ်သည့် စိုင်းလွန်းတာကစ်နှင့် KIA တပ်ဖွဲ့ဝင် ယောဟန်တို့လည်း မြင်းခြံထောင်မှ လွတ်မြောက် လာကြောင်း သတင်းရရှိသည်။ ထို့ပြင် ကျိုင်းတုံထောင်မှ ကျော်ဝင်းမြင့် (အရပ်သား) နှင့် မုံရွာထောင်မှ ပုဒ်မ ၁၈ ဖြင့် ထောင်ဒဏ် တစ်နှစ်ကျခံရသူ မြင့်အောင်၊ ရာဇာ (ခ) ထွန်းဦးတို့ဖြစ်ပြီး မြစ်ကြီးနားထောင်မှ KIA တပ်ဖွဲ့ဝင် ငွါးချီး (ခ) ရဲရွှေ၊ ဇီတာ (ခ) မန်ခါး (ခ) မာဂမ်း၊ အင်ခွမ်ဇော်ဘန်နှင့် အဖွဲ့အစည်းမသိရသူ ဂျာဖန်(ခ)ဆာရာ ဂျာဖန်၊ ဒရောင်တန်ဂွမ်းတို့ဖြစ်ပြီး ရွေဘိုထောင်မှ မနန်တူး (KIA) အောင်စိုး (အရပ်သား)၊ မောင်စန်း (အရပ်သား) စိုးသူ (အရပ်သား) ၊ သီပေါထောင်မှ RCSS တပ်ဖွဲ့ဝင် သုံးဦးဖြစ်သည့် စိုင်းအောင်၊ စိုင်းမိန်း၊ စိုင်းစိုင်း (ခ) ဇတိလတို့ ဖြစ်သည်။

လွတ်မြောက်လာသူ များထဲမှ ဒေါ်နော်အုန်းလှက ''ဥပဒေဆိုတာ ကြီးတဲ့အမှုကို ငယ်စေ၊ ငယ်တဲ့အမှုကို ပပျောက်စေ ပဲ ဖြစ်သင့်တယ်လေ။ ပုဒ်မ ၁၈ နဲ့ ဈေးချိုကလူတွေ လွတ်လာတာ ရှိတယ်လေ။ သူတို့ကို အစကတည်းက မဖမ်းသင့်ဘူး။ အကျဉ်းဦးစီး က အရင်ကထက်စာရင် ကျန်းမာရေးစောင့် ရှောက်မှုတွေ ပိုကောင်းလာပါတယ်။ အန်တီကတော့ အရင်လိုပဲ မတရားမှုတွေ ရှိနေသေး သရွေ့တော့ ပြောနေဦးမှာပါပဲ'' ဟု The Daily Eleven သို့ ပြောကြားသည်။

လွတ်မြောက်လာသူများ၏ မိသားစုများ ၀မ်းမြောက်နေသကဲ့သို့ ပြန်လည် လွတ်မြောက်ခြင်း မရှိသည့် မိသားစုဝင်များ ၀မ်းနည်းနေ ရကြောင်းကို ဗိုလ်မှူးဝင်းနိုင်ကျော်၏ ဇနီးမခင်မိုးဆမ်းက ''အစ်မတို့အတွက် အသစ်လိုပြန်ပြန် ဖြစ်သွားတယ်။ ဘာပဲဖြစ်ဖြစ် မြန်မြန် ပြန်လွတ်လာစေချင်တယ်။ ဗိုလ်မှူးရဲ့ အမေက အသက် ၈၉ နှစ်ရှိပြီ။ သူမသေခင် သူ့သားကို ပြန်တွေ့ချင် တယ်လို့ ပြောနေတယ်။ သမ္မတကြီးအနေနဲ့ မိဘချင်း ကိုယ်ချင်းစာမယ်လို့ မျှော်လင့်ပါတယ်။ သူလည်း အသက်စွန့်ပြီး တိုက်ပွဲဝင်ခဲ့ဖူးတာပါပဲ။ အဲဒါကိုလည်း ငဲ့ညှာစေချင်တယ်။ သမ္မတကြီးဆီ ပို့တဲ့စာတွေ မရောက်ဘူးလို့လည်း ထင်တယ်'' ဟု The Daily Eleven သတင်းစာသို့ ပြောကြားသည်။

AAPP ၏စာရင်းအရ လက်ကျန်နိုင်ငံရေး အကျဉ်းသား ၆၀ ဦး ကျန်ရှိနေပြီး ၁၅ ဦးအား စိစစ်နေဆဲ ဖြစ်သည်ဟု AAPP ၏ ပြောရေးဆိုခွင့်ရှိသူ ကိုကျော်စိုးက အတည်ပြု ပြောကြားသည်။

EMG

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here