Wednesday, November 27, 2013

တိုင်းရင်းသား ပြဿနာကို မဖြေရှင်း နိုင်ပါက နိုင်ငံမတိုးတက် မအေးချမ်း ဆိုသည်ကို ဒေါ်အောင်ဆန်းစုကြည် အပြည့်အ၀ လက်ခံထားဆဲဟု UNFC ပြောကြား

0 comments
တိုင်းရင်သား ပြဿနာကို မဖြေရှင်း နိုင်ပါက နိုင်ငံမတိုးတက် မအေးချမ်း ဆိုသည်ကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် အပြည့်အ၀ လက်ခံထားဆဲဟု ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) အထွေထွေ အတွင်းရေးမှူးဖြစ်သူ နိုင်ဟံသာက နိုဝင်ဘာ ၂၆ ရက်က ပြောကြားသည်။

နိုင်ဟံသာ အပါအ၀င် UNFC ခေါင်းဆောင်များဖြစ်ကြသည့် ဒုတိယဥက္ကဋ္ဌ(၁) ခူးအေဘယ်တွိဒ်၊ ဒုတိယဥက္ကဋ္ဌ(၂) ပဒိုဒေးဗစ်သာ ကပေါတို့သည် နိုဝင်ဘာ ၂၅ ရက်က ရန်ကုန်မြို့ရှိ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်သို့ သွားရောက် ကာ ဒေါ်အောင်ဆန်း စုကြည်နှင့် တွေ့ဆုံပြီး ပြည်တွင်းငြိမ်းချမ်းရေးနှင့် စစ်မှန်သော ဒီမိုကရေစီ ပြည်ထောင် စု ဖြစ်ပေါ်လာစေရေးဆိုင်ရာ ကိစ္စရပ် များ ကို ဆွေးနွေးမှု ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

"ကျွန်တော်တို့ အမြင်အများကြီး တူညီပါတယ်။ ကျွန်တော်တို့ နိုင်ငံအမြန် အေးချမ်းပြီးတော့ စစ်မှန်တဲ့ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုကို တည်ဆောက်ဖို့ဆိုတဲ့ နေရာမှာ ကျွန်တော်တို့ အမြင်နီးစပ် ကြပါတယ်။ သူကတော့ အရင်အတိုင်းပဲ တိုင်းရင်းသား ပြဿနာကို မဖြေရှင်းနိုင်ရင် ကျွန်တော်တို့ နိုင်ငံက မတိုးတက်နိုင်ဘူး မအေးချမ်းနိုင်ဘူး ဆိုတဲ့ဟာကို သူအပြည့်အ၀ လက်ခံထားဆဲပဲလေ။ အဲဒီတော့ တိုင်းရင်းသား အရေးကို တစ်ပါတည်း ဖြေရှင်းသွားရမယ် ဆိုတာကို သူအပြည့်အ၀ လက်ခံထားပါတယ်" ဟု မွန်ပြည်သစ် ပါတီ၏ ဒုတိယ ဥက္ကဋ္ဌလည်းဖြစ်သူ နိုင်ဟံသာက ထိုင်းနိုင်ငံ ချင်းမိုင်သို့ ပြန်လည်ထွက်ခွာရန် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိစဉ် ပြောကြားသည်။

ပြည်တွင်းငြိမ်းချမ်းရေး ဖြစ်စဉ်များတွင် ဒေါ်အောင်ဆန်းစုကြည်အား အသိသက်သေ အနေဖြင့်သော် လည်းကောင်း၊ ပါဝင်ဆောင် ရွက်သူအဖြစ် လည်းကောင်း ပါဝင်စေချင်သည်ဟု UNFC က လိုလားကြောင်း ထုတ်ဖော်ပြောကြား ထားပြီး ဒေါ်အောင်ဆန်း စုကြည်ကလည်း တိုင်းရင်းသားများ၏ လိုလားချက်များကို အမြဲတတ်နိုင်သမျှ ဖြည့်ဆည်းပေးသွား မည်ဖြစ်ကြောင်း ပြန်လည်ပြော ကြားထားသည်။

#EMG

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here