Friday, December 13, 2013

တာဆန်း တံတားပေါ် ညနေ ၆ နာရီကျော် ဖြတ်သည့် ယာဉ်ကို လုံခြုံရေး အစောင့်တပ် သေနတ်ဖောက် တားမြစ်ဟုဆို

0 comments
13.12.2013

မိုင်းပန်-မိုင်းတုံ ကားလမ်းပေါ်ရှိ သံလွင် တံတား (တာဆန်း) ပေါ် ဒီဇင်ဘာ ၉ ရက်နေ့ ညနေ ၆ နာရီကျော် ဖြတ်သန်း မောင်းနှင်သည့် ကိုယ်ပိုင် မော်တော်ယာဉ်ကို သံလွင် အနောက်ခြမ်း လုံခြုံရေး တာဝန်ကျတပ်၏ သေနတ်ပစ်ဖောက် တားမြစ်ခံခဲ့ရကြောင်း တားမြစ်ခံရသူ မိုင်းတုံမြို့တွင် နေထိုင်သော မော်တော်ယာဉ်ပိုင်ရှင် ဦးတင်မောင်လတ်က ပြောကြားသည်။

“ညနေ ၆ နာရီနဲ့ ၅ မိနစ်ပဲ ရှိသေးတယ်။ အနောက်ဘက်တံတား တာဝန်ကျတပ်က အစောင့်ဆရာကြီးက မင်းကားက ဘယ်တော့မှ တံတားဖြတ်သန်းခ မပေးဘူး။ အခုလည်း ညနေ ၆ နာရီ ကျော်နေပြီ။ ဟိုမှာ ဆိုင်းဘုတ် ကပ်ထားတာ ၆ နာရီကျော်ရင် သွားခွင့်မရှိဘူးလို့ ပြောလို့ ကျွန်တော်က ညနေ ၆ နာရီကျော် ဖြတ်သန်းခွင့်မပြုတဲ့ အမိန့်မရှိတော့ဘူး။ ပြည်နယ် ကိုလည်း မေးကြည့် ပါဦးလို့ ပြောပြီး မောင်းလာတာ တံတားကျော်ပြီး ကိုက် ၁၀၀ လောက် အရောက် မှာ သေနတ်သံ နှစ်ချက်ကြား လို့ ကြောက်ပြီး မောင်းပြေး ခဲ့တယ်။ နောက်က နှစ်ပွင့်နဲ့အရာရှိ သေနတ်လွယ်ပြီး ဆိုင်ကယ်နဲ့ လိုက်လာတယ်” ဟု ၎င်းကဆိုသည်။

နောက်မှ လိုက်လာသော အဆိုပါ အရာရှိမှာ မော်တော်ယာဉ်ကိုမီလာစဉ် ယင်းသို့ ပြုလုပ်မှုအတွက် ၎င်းအနေနှင့် မှားကြောင်း တောင်းပန်ကာ ပြန်သွားကြောင်း၊ ယင်းကိစ္စမျိုး ထပ်မံဖြစ်ပွားပါက အသက်အန္တရာယ် စိုးရိမ်ရသဖြင့် ယခုကဲ့သို့ ပြန် လည် ပြောပြရခြင်း ဖြစ်ကြောင်း၊ လိုအပ်ပါက ပြည်နယ်အစိုးရ၊ တိုင်းစစ်ဌာနချုပ်တို့သို့ လွှတ်တော် ကိုယ်စားလှယ်များမှ တစ်ဆင့် တင်ပြသွားရန် ရှိကြောင်း ယင်းကားပေါ် ပါလာသည့် ဒေသခံ တစ်ဦးဖြစ်သည့် ဒေါ်နန်းခင်ချိုကလည်း အဆိုပါ ဖြစ်စဉ် ကို ပြန်လည် ပြောဆိုသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ မိုင်းတုံမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနသို့ မေးမြန်းရာတွင် ညနေ ၆ နာရီကျော် ကန့်သတ် ထားမှု ညွှန်ကြားချက် တစ်စုံတစ်ရာ မရှိကြောင်း ဒုတိယဦးစီးမှူး ဦးစိုင်းအောင်ထွန်းက ဖြေကြားသည်။

သို့သော် ယင်းတံတားကို ဖြတ်သန်း သွားလာနေသည့် ယာဉ်မောင်းများနှင့် ခရီးသည်များကမူ တောင်ကြီးမှ မိုင်းတုံသို့ လာရာတွင် ညနေ ၆ နာရီကျော်ပါက တာဆန်းတံတားကို ဖြတ်သန်းခွင့် မရကြောင်း၊ ခရီးသည်များမှာ သံလွင် အနောက်ဘက်ခြမ်းတွင် ယာယီ တည်းခိုကြရပြီး စရိတ်လည်း ပိုမိုကုန်ကျကြောင်း၊ ညနေ ၆ နာရီအမီ တံတားဖြတ်နိုင်ရေးအတွက် ကားကို အမြန် မောင်းနှင်ရသည့် အတွက် တောင်ပေါ် လမ်းကြမ်းများဖြစ်၍ ယာဉ်အန္တရာယ်ဖြစ်ရန် ရာခိုင်နှုန်း များကြောင်း ဆိုသည်။

သံလွင်တံတား လုံခြုံရေးအား အနောက်ဘက်ခြမ်းတွင် လင်းခေး အခြေစိုက်ဗျူဟာ လက်အောက်ခံ တပ်ရင်းခလရ (၂၉၄) က အမြဲတမ်း တာဝန်ယူထားပြီး သံလွင် အရှေ့ခြမ်းကိုမူ တြိဂံဒေသတိုင်းနှင့် စကခ (၁၄) လက်အောက်ခံ တပ်ရင်းများက တာဝန် ယူကြောင်း သက်ဆိုင်ရာမှ စုံစမ်းသိရှိရသည်။

သံလွင်တံတား (တာဆန်း) သည် မိုင်းပန်မှ ၃၆ မိုင်၊ မိုင်းတုံ မှ ၃၆ မိုင် ဝေးကွာပြီး တယ်လီဖုန်း ဆက်သွယ်မှု မရသည့် နေရာတွင် ရှိပြီး ပေ ၅၀၀၀ ကျော် တောင်ပေါ် လမ်းကြမ်းများ ဖြစ်သည်။

The Voice Weekly

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here