Thursday, December 26, 2013

မလေးရှားနယ်စပ်တွင် မြန်မာလုပ်သားများ တိုက်ခိုက်ခံရမှု နိုင်ငံခြားဒုဝန်ကြီး ကိုင်တွယ်

0 comments
26.12.2013

မလေးရှားနိုင်ငံ ဆာဘားဆာရာဝတ် ပြည်နယ်ရှိ သင်္ဘောကျင်း တစ်ခုတွင် မြန်မာလုပ်သား ၉၀ ကျော် တိုက်ခိုက်ခံရသည့် သတင်းများ ထွက်ပေါ်နေသဖြင့် ယင်းကိစ္စကို ဖြေရှင်းရန် မြန်မာနိုင်ငံ နိုင်ငံခြားရေး ဒုတိယဝန်ကြီးက မလေးရှားနှင့် ဘရူနိုင်းနိုင်ငံ အစိုးရတို့နှင့် ဆက်သွယ် ဆောင်ရွက်နေကြောင်း နိုင်ငံတော် သမ္မတရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အဆိုပါ သင်္ဘောကျင်းသည် မလေးရှားနှင့် ဘရူးနိုင်း နှစ်နိုင်ငံ နယ်စပ်တွင် တည်ရှိသဖြင့် အဆိုပါ နှစ်နိုင်ငံရှိ သံရုံးများက နှစ်နိုင်ငံ အစိုးရတို့နှင့် ဆက်သွယ် ဆောင်ရွက်နေခြင်း ဖြစ်ပြီး မလေးရှားနိုင်ငံ ရှိ မြန်မာ အလုပ်သမားသံအရာရှိကိုလည်းအဆိုပါကိစ္စကို ဖြေရှင်း ဆောင်ရွက် ပေးနေကြောင်း ၎င်းက ဆိုသည်။ “ဖြစ်စဉ်တွေကိုတော့ စုံစမ်းနေတုန်းပဲ ရှိသေးတယ်” ဟု အဆိုပါ တာဝန်ရှိသူ က ပြောဆိုသည်။

သင်္ဘောကျင်းတွင် မြန်မာလုပ်သား ၉၇ ဦး ဒီဇင်ဘာလ ၂၃ ရက်နေ့က တိုက်ခိုက်ခံရသည်ဟု ထွက်ပေါ်နေ သည့် သတင်းများ မဟုတ်မှန်ဘဲ မြန်မာလုပ်သား ၁၅ ဦးကို အင်ဒိုနီးရှား နိုင်ငံသား ခုနစ်ဦးက ရန်ပြုခြင်းသာ ဖြစ်ကြောင်း အဆိုပါ လုပ်သားများကို မလေးရှားနိုင်ငံသို့ စေလွှတ်လိုက်သည့် ARBOURFIELD ပြည်ပ အလုပ်အကိုင် ဝန်ဆောင်မှုလုပ်ငန်းမှ အုပ်ချုပ်မှု ဒါရိုက်တာ အငြိမ်းစား ဒုတိယ ဗိုလ်မှူးကြီး စိန်ဖေက ပြောကြားသည်။

သင်္ဘောကျင်းတွင် အလုပ်ရှင်က အချိန်ပို အလုပ်ဆင်းရန် ခိုင်းစေခဲ့ကြောင်း မြန်မာလုပ်သား ၁၅ ဦးက အချိန်ပို လုပ်ကိုင်ခဲ့သော်လည်း အချိန်ပို ခိုင်းစေသည်ကို မကျေနပ်၍ အချိန်ပို မလုပ်ခဲ့သည့် အင်ဒိုနီးရှား လုပ်သားခုနစ်ဦးက အိပ်ဆောင်တွင် ပြဿနာရှာက ရန်ပြုခဲ့ခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။

သင်္ဘောကျင်း ကုမ္ပဏီနှင့် ပူပေါင်းကာ မြန်မာလုပ်သား ၁၅ ဦးကို လူခွဲ၍ လုံခြုံသည့် နေရာများတွင် ပို့ဆောင်ထားပြီ ဖြစ်ပြီး ၁၅ ဦး တစ်ပြိုင်တည်း ထားနိုင်သည့် နေရာရပါက လုံခြုံရေးများချကာ ထားပေး သွားမည် ဖြစ်ကြောင်း၊ အင်ဒိုနီးရှား ခုနစ်ဦးတွင် သုံးဦး ထွက်ပြေးသွားပြီ ဖြစ်ပြီး ကျန်လေးဦးကို အလုပ်ပြောင်းလိုက်ပြီ ဖြစ်ကြောင်း အငြိမ်းစား ဒုတိယဗိုလ်မှူးကြီး စိန်ဖေက ပြောဆိုသည်။

ARBOURFIELD ပြည်ပအလုပ်အကိုင် ဝန်ဆောင်မှု လုပ်ငန်းမှက ဆာဘားဆာရာဝတ် ပြည်နယ်တွင် အလုပ်လုပ်ကိုင်ရန် ၉၇ ဦး စေလွှတ်ထားပြီး ယင်းအနက် သင်္ဘောကျင်း လုပ်ငန်းတွင် လုပ်ကိုင်သူ ၁၅ ဦး ရန်ပြုခံရခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။

The Voice Weekly

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here