Tuesday, December 3, 2013

အမျိုးသား ထောက်လှမ်းရေး ပြန်ဖွဲ့သင့်သော်လည်း အချိန်စောသေးဟု လွှတ်တော်ကိုယ်စားလှယ်များဆို

0 comments

Tuesday, December 3, 2013

နိုင်ငံတော် လုံခြုံရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးအတွက် အမျိုးသား ထောက်လှမ်းရေးအဖွဲ့ ပြန်ဖွဲ့ သင့်သော် လည်း ယခုအချိန်သည် ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ကာလ ဖြစ်နေသောကြောင့် စောလွန်းသေးကြောင်း လွှတ်တော် ကိုယ်စားလှယ်များက ပြောကြားသည်။ 

နိုဝင်ဘာလ ၂၈ ရက်နေ့တွင် ပြုလုပ်သော ထောက်လှမ်းရေး အကြီးအကဲဟောင်းနှင့် ဗိုလ်ချုပ်ကြီးဟောင်း ဖြစ်သူ ဦးခင်ညွန့်နှင့် အင်တာဗျူး စာအုပ်မိတ်ဆက်ပွဲတွင် အမျိုးသား ထောက်လှမ်းရေးတပ် ပြန်ဖွဲ့သင့်ကြောင်း ဦးခင်ညွန့် ပြောဆိုချက်နှင့် ပတ်သက် ပြီး လွှတ်တော် ကိုယ်စားလှယ်များက ယင်းသို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။ 
“နိုင်ငံတစ်နိုင်ငံရယ်လို့ ရှိရင် ထောက်လှမ်းရေး ဆိုတာလည်း ရှိရမယ်။ နိုင်ငံတော် လုံခြုံရေးကို ကာကွယ်ပေးဖို့နဲ့ တခြားနိုင်ငံတွေ က အဖျက်ရန်ကို ကာကွယ်ပေးဖို့အတွက် ရှိရမယ်” ဟု အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က ဆိုသည်။ 

မြန်မာနိုင်ငံသည် ဒီမိုကရေစီ ပြုပြင် ပြောင်းလဲမှုများ လုပ်ဆောင်ရန် များစွာ ကျန်ရှိနေသေးသောကြောင့် ထောက်လှမ်းရေး တပ်ဖွဲ့များ ပြန်လည် ဖွဲ့စည်းလိုက်ပါက အတိုက်အခံ ပါတီများ၏ လုပ်ငန်းစဉ်များကို ဖိနှိပ်မှုများ ရှိလာနိုင်သဖြင့် ယခုအချိန်တွင် ဖွဲ့စည်းရန် မသင့်သေးကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရဲထွန်း က ပြောကြားသည်။ 

“ထောက်လှမ်းရေးအဖွဲ့ ဆိုတာက နိုင်ငံတကာမှာ ဖွဲ့စည်းကြတာ မှန်ပါတယ်။ ဒါပေမဲ့ သူတို့ နိုင်ငံရဲ့ အခြေအနေ ဘယ်လိုလဲ ဆိုတာကို ကြည့်ရမယ်။ သူတို့က အခြေခိုင်နေပြီ၊ ကျွန်တော်တို့က အခုမှ ပြောင်းလဲခါစ နိုင်ငံလေ၊ ဒီမိုကရေစီ အကူး အပြောင်းမှာ ဂရုစိုက်နေရတဲ့ အချိန်ဖြစ်နေတယ်” ဟု အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာမြတ်ဉာဏစိုး က ပြောဆိုသည်။ 

ထောက်လှမ်းရေးအဖွဲ့ ပြန်လည် ဖွဲ့စည်းမည် ဆိုပါက ထောက်လှမ်းရေး အဖွဲ့၏ စည်းမျဉ်း စည်းကမ်းများသည် ဖွဲ့စည်းပုံ အခြေခံဥပဒေ အောက်တွင်သာ ရှိရမည် ဖြစ်ကြောင်း ၎င်းက မှတ်ချက်ပြုသည်။

ထောက်လှမ်းရေး အဖွဲ့ကို တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က တိုက်ရိုက် ကိုင်တွယ်ပြီး၊ လွှတ်တော်တွင် အတည်ပြုချက် ရယူဖွဲ့စည်းပါက အစိုးရအဖွဲ့၏ လက်ကိုင်တုတ် ဖြစ်လာနိုင်စရာ အကြောင်းမရှိဟု ဦးဖုန်းမြင့်အောင်က ထပ်လောင်း ပြောကြား သည်။ 

နိုဝင်ဘာလ ၂၈ ရက်နေ့တွင် ပြုလုပ်ခဲ့သော ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့်က စာအုပ်မိတ်ဆက်ပွဲ တစ်ခုတွင် အမျိုးသား လုံခြုံရေး အတွက် အစိုးရ အနေနှင့် ထောက်လှမ်းရေး အဖွဲ့တစ်ဖွဲ့ ပြန်လည် ဖွဲ့စည်းသင့်ကြောင်း ပြောဆိုခဲ့သည်။ 

နိုဝင်ဘာလ ပထမအပတ်အတွင်း ကျင်းပခဲ့သော ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အထူးအစည်းအဝေးအတွင်း အမျိုးသား ဒီမိုကရေစီပါတီမှ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးကျော်ကလည်း အမျိုးသား ထောက်လှမ်းရေး တပ်ဖွဲ့တစ်ခု အမြန်ဆုံး ပြန်လည် ဖွဲ့စည်း သင့်ကြောင်း အဆိုတင်သွင်းခဲ့ပြီး ယင်းအဆိုကို ပြည်ထောင်စု အစိုးရထံသို့ တင်ပြပေး မည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ ဦးစိန်တင်ဝင်းက ဆုံးဖြတ်ခဲ့သည်။

The Voice Weekly

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here