Thursday, December 26, 2013

ယဉ်ကျေူးလိမ္မာသင်တန်းဆင်းပွဲလားရှိုး၌ပြုလုပ်

0 comments


26.12.2013

ဗုဒ္ဓသာသာ ကလေးလူငယ် ယဉ်ကျေးလိမ္မာသင်တန်းဆင်းပွဲကို လားရှိုးမြို့၊ အမှတ်(၆) အခြေခံပညာ အထက်တန်းကျောင်း၌ ဒီဇင်ဘာ(၂၅)ရက်နေ့၊ နံနက်၁၀း၀၀နာရီအချိန်တွင် ကျင်းပပြုလုပ်သွားသည်။

အဆိုပါသင်တန်းကို လားရှိုးမြို့အနှိုင်းမဲ့မေတ္တာ ဘာသာရေးအသင်း အဖွဲ့ မှ ဦးဆောင်ပြုလုပ်ပေး လျက်ရှိကာ နှစ်စဉ် ၀ါတွင်းသုံးလအတွင်း ကျောင်းသား လူငယ်များကို ဗုဒ္ဓသာသာရေးအပေါ် အခြေခံ၍ ယဉ်ကျေးလိမ္မာစေရန်၊ ဘာသာ၊ သာသနာအပေါ် တန်ဘိုးထားတတ်စေရန်၊ မိမိ၏ဗုဒ္ဓဘာသာ ကိုအသက်နှင့်လဲ၍ ကိုင်းရှိုင်းစွဲမြဲစေရန်၊ နှစ်ဖက်မြင်သော အသိပညာ ဥာဏ်ဖြင့် လောကီကြီးပွား ချမ်းသာလိုစိတ် ထက်သန်စေရန်၊ ဥာဏ်ရှေ့သွား ပြုသော လုံ့လ၀ီရိယ စိတ်ဖြင့်လောကီ ၊ လောကုတ္တရာ တိုးတက်အောင်မြင် စေရန်၊ ရည်ရွယ်ချက်ဖြင့် ကျောင်းသားလူငယ်များကို ယဉ်ကျေးလိမ္မာ သင်တန်းအဖြင့် ပျိုးထောင်ပြုလုပ်ပေးရခြင်းဖြစ်ကြောင်း အနှိုင်းမေတ္တာအဖွဲ့မှ အတွင်းရေးမှုးဒေါ်နန်းခမ်းမြင့်က ပြောသည်။

အဆိုပါ ယဉ်ကျေးလိမ္မာ သင်တန်းကို ရဟန်း သံဃာတော်များ၊ ကျောင်းဆရာ/ဆရာမများနှင့် သီလရှင် ဆရာမများက ၀ါတွင်း(၃)လအတွင်း စာသင်ကျောင်းများတွင် သင်တန်းအချိန်တစ်ခုအဖြစ် သင်ကြားပေး ခဲ့ခြင်း ဖြစ်သည်။

လားရှိုးမြို့ပေါ်နှင့် အနီးဝန်းကျင် ရွာကျောင်းများသို့ အထက်ပါ ဆရာများကသွားရောက် သင်ကြားပေးသော ကျောင်းပေါင်း (၂၄)ကျောင်းရှိကြောင်း၊ ယခုဆိုလျှင် စတုတ္ထအကြိမ်မြောက် ယဉ်ကျေး လိမ္မာ သင်တန်းဆင်းပွဲအဖြစ် ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း၊ အနှိုင်းမဲ့ မေတ္တာမှ ဆရာမဒေါ်နန်းခမ်းမြင့်က ဆက်လက် ပြောကြားသည်။

ယင်းသင်တန်းဆင်းပွဲ၌သင်တန်းပို့ချသူရေကန်တောင် ကျောင်းတိုက် ဆရာတော် ဦးသီရိန္ဒက“ယဉ်ကျေး လိမ္မာပို့ချပေးရတာက ကလေးတွေကို ကိုယ့်ဘာသာကို သေချာသိစေချင်တယ်၊ သေချာသိတော့ ဘယ်ဘာသာဘက်ကိုမှ မရောက်နိုင်မှာဖြစ်တယ်၊ ဘာသာ၊ သာသနာမျိုးမတုန်းဖို့ လူတိုင်းမှာ တာဝန်ရှိသလို မျိုးဆက်သစ် လူငယ်တွေကို နားလည်အောင် အခြေခံအုတ်မြစ်ချပေးတဲ့သဘောပါ၊ တိုင်းပြည်မှာ ပညာဘယ်လောက်တတ်တတ် ယှဉ်ကျေးလိမ္မာတဲ့ ကိုယ်ကျင့်သီလမရှိရင် တိုင်းပြည်ပျက် တာပဲ၊ ဒါကြောင့်ကိုယ်ကျင့်သီလ အခြေခံကောင်းဖို့ ရဟန်းသံဃာတော်တွေက အမျိုးကို စောင့် ထိန်းပေးချင်လို့  အခုလိုကျောင်းသားလူငယ်လေးတွေကို သင်တန်းပို့ချပေးတာပါ” ဟု အဆိုပါဆရာတော် ကဆိုသည်။

အဆိုပါ သင်တန်းဆင်းပွဲ၌ ကျောင်းပေါင်း(၂၄)ကျောင်းမှ တက်ရောက်သူကျောင်းသားလေးရာကျော်က ယဉ်ကျေးလိမ္မာစွမ်းရည်ပြနုတ်ဖြေ စာမေးပွဲများဖြင့် ယှဉ်ပြိုင်ကြပြီး ဆရာတော်သံဃာများက ဆုရကျောင်း သားများကို ဆုများ အသီးသီးပေးအပ်ကာ“ဗုဒ္ဓသာသနံ စိရံတိဌတု” သုံးကြိမ်ရွတ်၍ အဆိုပါအခမ်း အနားကိုအောင်မြင်စွာ ရုတ်သိမ်းခဲ့သည်။

ထွန်းထွန်း
The Myanma Age

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here