Tuesday, December 3, 2013

ပုဂ္ဂလိကသုံး အကြီးစား မီးစက်များကို အခွန်မကောက်ဘဲ ဆက်လက်ခွင့်ပြုမည်

0 comments
3.12.2013

ရန်ကုန်မြို့တော် စည်ပင်သာယာ နယ်နိမိတ်တွင်းရှိ လမ်းမကြီးများပေါ်တွင် ချထား အသုံးပြုလျက်ရှိသော ပုဂ္ဂလိက လုပ်ငန်းသုံး အကြီးစား မီးစက်များကို အခွန်ကောက်ခံခြင်း မရှိဘဲ ဆက်လက် အသုံးပြုခွင့်ပြုထားကြောင်း ရန်ကုန် မြို့တော် စည်ပင်သာယာရေး ကော်မတီ (Y.C.D.C) အင်ဂျင်နီယာဌာန (လမ်းနှင့်တံတား) မှ အကြီးတန်း အရာရှိတစ်ဦးက The Voice သို့ ပြောကြားသည်။

အဆိုပါ လုပ်ငန်းသုံး မီးစက်များကို တစ်လလျှင် တစ်ပေပတ်လည် ကျပ် ၃၀၀၀ အခွန်ကောက်ခံကာ ခွင့်ပြုထားရာမှ ယခုနှစ် ဇွန်လနောက်ပိုင်းတွင် အခွန်ကောက်ခံမှု ရပ်ဆိုင်းခဲ့ပြီး လက်ရှိ လမ်းမများတွင် အခမဲ့ ဆက်လက်အသုံးပြုရန် ခွင့်ပြုထားကြောင်း၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ဖျက်သိမ်းရန် ညွှန်ကြားလာပါက အချိန်မရွေး ဖျက်သိမ်းရမည် ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။
“နိုင်ငံတော်က လျှပ်စစ်မီး ပုံမှန် မပေးနိုင်ဘူးလေ။ လုပ်ငန်းက မီးမရှိရင် မဖြစ်တော့ မီးစက် ဝယ်ရတယ်။ ငွေအတော် ကုန်တယ်။ နောက်ထားဖို့ နေရာမရှိလို့ မြို့တော်စည်ပင်ကို လျှောက်လွှာတင်ပြီး တစ်နှစ်စာ အခွန်ဆောင်ခဲ့ရတယ်။ ဒီနှစ်တော့ မီးစက်တွေကို အခွန်မဆောင်ခိုင်းဘဲ၊ ဖယ်ရှားပေးဖို့ စည်ပင်က စာပို့လာတယ်။ ကျွန်တော်တို့က ဒီမီးစက်ကြီးတွေကို ဘယ်မှာ သွားထားရမလဲ၊ အဓိက ကတော့ အစိုးရအနေနဲ့ မီးပုံမှန်သာ လာအောင်သာ လုပ်ပေး မီးစက်တွေ မလိုတော့ဘူး။ အားလုံး ပြေလည်သွားမယ်” ဟု လုပ်ငန်းရှင်တစ်ဦးက ရင်ဖွင့်ခဲ့သည်။

ရန်ကုန်မြို့တော် စည်ပင်သာယာ နယ်နိမိတ် ၃၃ မြို့နယ်တွင် လမ်းမများပေါ်တွင် ချထား အသုံးပြုလျက်ရှိသော လုပ်ငန်းသုံး မီးစက်လုံးရေ ၁၀၀၀ ကျော် ရှိပြီး ရန်ကုန်မြို့တွင်း ခြောက်မြို့နယ်များတွင် အများဆုံး ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီထံမှ သိရသည်။

The  Voice Weekly 

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here